Wednesday, December 10, 2008

ကမ္ဘာ့စီးပွားရေးကျဆင်းမှုနဲ့ ဗမာပြည်ကသယံဇာတများ

ရဲဘော်ဖိုးသံချောင်း

အမေရိကန်နိုင်ငံလိုဟာကြီးတောင် ဖျတ်ဖျတ်လူးခံရတဲ့ ကမ္ဘာ့စီးပွားရေးကပ်ကြီးက တကမ္ဘာလုံးကို ဒုက္ခပေးခြိမ်းခြောက်နေချိန်၊ အိမ်နီးနားချင်းတွေအားလုံး ကြပ်ပူထိုး၊ ပရုတ်ဆီ ပွတ်နေကြချိန်မှာ ဗမာပြည်က နအဖစစ်ဗိုလ်တွေကတော့ အဖျားခတ်တယ်ဆိုတဲ့ လေသံမျိုး တောင်မဟဘဲ နေသာသပလေညာက လုပ်နေပါတယ်။ သူတို့ထုံးစံအတိုင်း ပြည်ပကို ရောင်းလို့ ရသမျှအကုန်ရောင်း၊ ပြည်တွင်းမှာ အမြတ်တင်လို့ရသလောက် အမြတ်တင်၊ ဘဏ္ဍာရေးမှာလည်း မီးစင်ကြည့်ကဖို့သာ စဉ်းစားထားပြီး ဒူးဗုံထောင်ခေါက်လို့ နှပ်နေပါတယ်။

တကယ်က အခုအခါမှာ ဒီဒဏ်ကို ဗမာပြည်စီးပွားနယ်ပယ်ပေါင်းစုံမှာ စပြီးခံစားနေကြရပါပြီ။ အဲဒီအထဲမှာ အလုပ်သမား ဈေးကွက်၊ ကောက်ပဲသီးဈေးကွက်နဲ့ နယ်စပ်ကုန်သွယ်ရေး လောကစတဲ့နယ်ပယ်တို့မှာ အသိသာ အထင်ရှားဆုံးမြင်တွေ့နေကြရပါတယ်။ နအဖကသာ အသိအမှတ်မပြု၊ ဝန်မခံတာ၊ အခုဗမာပြည်မှာ ရိုက်ခတ်နေတဲ့စီးပွားရေးထိုင်းမှိုင်းမှုကပ်ရဲ့ ဒဏ်ချက်တွေမှာ အင်မတန်စံကျတဲ့ စီးပွားရေးကပ်လက္ခဏာတွေ အပြည့်အဝပါရှိနေပါတယ်။
အလွယ်ဆုံးပြောရရင် ပြည်ပကလာဖွင့်ထားတဲ့ စက်ရုံအလုပ်ရုံတွေပိတ်လို့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်တာတွေ စပြီး တွေ့နေရပါပြီ။ ဗမာပြည်မှာက အနောက်နိုင်ငံတွေလို အလုပ်လက်မဲ့ထောက်ပံ့တဲ့ လူမှုဖူလုံရေးကြေးတွေဘာတွေ ရှိတာမဟုတ်ပါဘူး။ အလုပ်သမားတွေအဖို့ တကယ့်ကိုသူတောင်းစား ခွက်ပျောက်တာဖြစ်ပါတယ်။

ဒီကုမ္ပဏီတွေဟာ စီးပွားရေးမကောင်းတာနဲ့အမျှ အမြတ်အတွက် အလုပ်သမားတွေအပေါ် တိုးချဲ့သွေးစုပ်တာ၊ ဒိအတွက် အလုပ်သမားအခွင့်အရေးတွေ လျှော့ချတာတွေ အမျိုးမျိုးလုပ်နေကြပါတယ်။ အလုပ်သမားတွေကို ကာကွယ်တဲ့အစိုးရမရှိ၊ အလုပ်သမားသမဂ္ဂတွေ မရှိတဲ့ အခြေအနေမှာ ဗမာပြည်သားတွေဟာ ကိုယ့်နိုင်ငံထဲမှာတင် သူတပါးနိုင်ငံသားက အနိုင်ကျင့်ညစ်တာတွေ ခံနေကြရပါတယ်။ ပြည်ပကိုသွားပြီး အလုပ်လုပ်ကြတဲ့ ဗမာပြည်သားတွေရဲ့ အခြေအနေကတော့ ပိုလို့တောင်ဆိုးပါတယ်။ နအဖသံရုံးတွေရဲ့ နကမ္ပတိ၊ တာဝန်မဲ့ လုပ်မှုကြောင့် သူတို့ရဲ့ဘဝတွေဟာ အဲဒီအလုပ်ရှင် တွေနဲ့ စီးပွားရေးကျဆင်းမှုကပ်ကြီးရဲ့ ပြသမျှနုနေရတဲ့ အဖြစ်ကို ရောက်နေကြရပါတယ်။

အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ဗမာပြည်ရဲ့ကုန်သွယ်ဖက်နိုင်ငံတွေမှာ စီးပွားရေးကျဆင်းကြတော့ ဗမာပြည်က သူတို့ဝယ်နေကျ လယ်ယာထွက်ကုန်တွေကို မဝယ်တော့တဲ့အတွက် လယ်ယာထွက်ကုန်တွေပုံနေတာ၊ ဈေးကျတာ၊ ပုပ်သိုးပျက်စီးတာတွေ ဖြစ်ကုန်ပါတယ်။ တဆက်တည်းမှာ ကုန်သည်ပွဲစားလေးတွေလည်း အရောင်းအဝယ်ပျက်၊ လက်မဲ့ဖြစ်ကုန်ကြပါ တယ်။ ချုပ်လိုက်ရင် လူ့အဖွဲ့ အစည်းထဲက အောက်ဆုံးအလွှာနဲ့ အလယ်အလတ် အလွှာတွေဟာ ဒီဒဏ်ရဲ့ ဦးဆုံးထိုးနှက်တိုက်ခိုက်တာ ခံကြရသူတွေဖြစ်နေတာပါပဲ။ နယ်စပ်ကုန်သွယ်ရေးတွေမှာ အင်မတန်အရောင်းသွက်လှတဲ့ ဗမာ့သစ်တောင်မှ ထိုင်းမှိုင်းသွားတာကိုကြည့်ရင် စီးပွားကုန်သွယ်ဖက်မှာ တွေ့နေရတဲ့ ဗမာနိုင်ငံရဲ့ ပြဿနာဟာလည်း မသေးဘူးလို့ ဆိုနိုင်ပါတယ်။

တဖက်မှာတော့ ဒီလိုတောင်သူလယ်သမားတွေနဲ့ ကုန်သည်ပွဲစားလေးတွေက ရောင်းမရလို့ကုန်တွေပုံပြီး လက်မှိုင်ချနေရချိန်မှာ စစ်အုပ်စု အသိုင်းအဝန်းက ပြည်ပတင်ပို့ရေး လုပ်ကိုင်နေကြသူတွေဟာ ဈေးတွေနှိမ်၊ အတင်းရောင်းပေးခိုင်းပြီး ပြည်ပကို ပိုကြီးတဲ့ အမြတ်နဲ့ ရောင်းနေ၊ ရတနာပုံဆိုက်နေကြပါတယ်။ မျက်ဖြူဆိုက်လေဆရာကြိုက်လေ ဆိုတဲ့အတိုင်းပါပဲ။ ဗိုလ်ချုပ်တွေနဲ့ သူတို့အသိုင်းအဝိုင်းတွေအဖို့ ရေနှောက်ငါးဖမ်းဖို့ တောင်မလိုဘဲ လေဒဏ်၊ လှိုင်းဒဏ်ကြောင့် ပက်လက်ပေါ်လာတဲ့ ငါးတွေကို လိုက်ကောက်ရသလို အလွယ်တကူနဲ့ အမြတ်တွေရနေကြပါတယ်။
တကယ်က ဒီစီးပွားပျက်ကပ်ရဲ့ဒဏ်ဟာ ဒါလောက်နဲ့ပြီးအုန်းမှာမဟုတ်သေးပါဘူး။ အခုမှ စလုံးရေးစလို့ ပညာရှင်တွေက ပြောနေကြပါတယ်။

တလောက ပီရူးနိုင်ငံမှာကျင်းပခဲ့တဲ့ အေပက်ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဒီစီးပွားရေးကပ်ကို ကျော်လွှားဖို့ (၁၈) လလောက်လုပ်ရအုန်းမယ်လို့ ပြောတာ ကြားလိုက်ရပါ တယ်။ ဒီလိုအနေအထားမှာ စစ်အစိုးရဟာ ကိုယ့်နိုင်ငံအတွင်းက တောင်သူလယ်သမားတွေ၊ လုပ်ငန်းရှင်လေးတွေ၊ ကုန်သည်ပွဲစားတွေကို ဘယ်လိုအကာအကွယ်ပေးမယ်လို့ မစဉ်းစား ဘူး။ ကြိုတင် ပြင်ဆင်တာလည်းမလုပ်ဘူး။ မျက်စိကန်းတစ္ဆေ မကြောက်စကားတွေပြောပြီး ကိုယ့်ဖို့ပဲ အမြတ်ထုတ်နေကြပါတယ်။ နာဂစ်လေဘေးထဲကနေ အမြတ်ထုတ်သလို စီးပွားရေး ကပ်ထဲကနေ အမြတ်ထုတ်ဖို့ပဲ အားစိုက်လုပ်ကိုင်နေပါတယ်။ သူတို့ကတော့ နေသာသပ လေညာကပဲပေါ့။

ဗမာပြည်ရဲ့ ထူးခြားချက်အနေအထားအရ စီးပွားရေးကပ်ဖြစ်ပေါ်လာတယ်ဆိုရင် စိုးရိမ်ရမယ့်ကိစ္စ တခုရှိပါသေးတယ်။ အဲဒါက သဘာဝသယံဇာတတွေပဲဖြစ်ပါတယ်။ စီးပွားပျက်ကပ်တခု ဖြစ်လာတယ်ဆိုရင် လူတွေဟာ ရသမျှ၊ ရှိသမျှနည်းနာတွေနဲ့ ဖြေရှင်း ကျော်လွှားရတာပါပဲ။ တကယ်ကိုဆိုးလာပြီဆိုရင် သားကောင်ချနင်းရတာတွေဖြစ်လာပါတယ်။ ဒီလိုလုပ်တဲ့အထဲမှာ ကိုယ့်စီးပွားရေးကို ထိန်းနိုင်ဖို့အတွက် နိုင်ငံခြားငွေအဝင်အထွက်ကို ထိန်းသိမ်းတာလုပ်တာလည်း ပါဝင်ပါတယ်။ အလွယ်ဆုံးပြောရရင် သွင်းကုန်လျှော့၊ ပို့ကုန်မြှင့်တာပါပဲ။ ဒီလိုလုပ်ကြရာမှာ နိုင်ငံတွေဟာ ကိုယ့်သဘာဝသယံဇာကို တိုးထုတ်တာ တွေ လုပ်လာရတတ်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်သစ်ဘောဂဗေဒမှာ စီးပွားရေး ကျဆင်းမှုဒဏ်ကို တွက်ချက်ကြရင် သဘာဝအရင်းအမြစ်တွေ ပျက်စီးရမှုကိုလည်း ထည့်တွက်ရမယ်၊ ဒါကိုဘယ်လိုတွက်ကြမလဲဆိုပြီး အမြဲတင်ပြပြောဆိုနေကြတာဖြစ်ပါတယ်။ ဗမာပြည်လို ကုန်ကြမ်းတင်ပို့ပြီး ကုန်ချောတင်သွင်းယူတဲ့နိုင်ငံတွေမှာ ဒီပြဿနာကို ပိုပြီးအလေးထားရပါမယ်။

ဒီတခါစီးပွားရေးကျဆင်းမှုကပ်ကြီးမှာ ရေနံဈေးတွေ ဒလဟောထိုးကျလာတာဟာ ထင်ရှားတဲ့ အချက်တခုပါ။ ဒီလိုလောင်စာဆီတွေဈေးကျချိန်မှာ ဗမာပြည်လိုနိုင်ငံဟာ ကိုယ့်နိုင်ငံအတွက် အသုံးပြတာမဟုတ်တဲ့ သဘာဝဓာတ်ငွေ့၊ ကမ်းလွန်ရေနံစတဲ့ သယံဇာတတွေ တူးဖော်တာ၊ ရောင်းချတာကို ချိုထားလိုက်ဖို့ ကောင်းပါတယ်။ အမှန်မှာ ဒီသယံဇာတတွေထဲက အများစုကြီးကို ပြည်တွင်းမှာသုံးစွဲနေကြတာမှမဟုတ်ပဲ။ တချိန်ချိန်ဈေးပြန်ကောင်းမှ စောင့်ရောင်းတာမျိုးဖြစ်ရမှာပါ။ ဒါပေမယ့် အခုအခါမှာ နအဖဟာ ဘနဖူးသိုက်တူးသလို အကန့်အသတ်ရှိတဲ့ မြေပေါ်မြေအောက်သယံဇာတတွေကို တူးနိုင်သမျှအကုန်တူး၊ ခုတ်နိုင်သမျှ အကုန်ခုတ်ပြီး ရောင်းနိုင်သမျှ အကုန်ရောင်းလုပ်နေပါတယ်။
စီးပွားရေး ကျဆင်းတဲ့အခါမှာ ဘယ်နိုင်ငံမဆို ကိုယ့်တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်ပြီး ကိုယ့်နိုင်ငံထဲမှာလည်း အလုံအလောက်မရှိတဲ့ ကုန်ကြမ်းတွေကို အပူတပြင်း ရှာကြရတာတွေရှိပါတယ်။ ဒါကြောင့် ဘယ်သူမဆို သယ်ယူရေးအတွက် လမ်းခရီး အတိုဆုံးနဲ့ ဈေးအသက်သာဆုံးကို တွေးတောကြပါတယ်။ ဒီတော့ အတိုဆုံးသယ်ယူပို့ ဆောင်ရေးလမ်းကြောင်းဆိုတာ ကိုယ့်ပြည်တွင်းကမဟုတ်ရင် အိမ်နီးနားချင်းနိုင်ငံတွေ ဆီကပဲ ရှိပါတယ်။

ဗမာနိုင်ငံရဲ့ ဘေးနှစ်ဖက်မှာက ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးနှစ်ခု ရှိပါတယ်။ နောက်ပြီး ဒီနိုင်ငံတွေက ဗမာနိုင်ငံလိုမဟုတ်ဘဲ စီးပွားရေးထိုးတက်နေကြတာပါ။ ဒါကြောင့်သူတို့အဖို့ သဘာဝသယံဇာတ ဆိုတာလောက်တယ်ရယ်လို့ကို မရှိပါဘူး။ အခုတော့ အကျင့်ပျက်ခြစား နေတဲ့ နအဖအဆင့်အသီးသီးက စစ်ဗိုလ်တွေ၊ သူတို့လက်ဝေခံတွေနဲ့ ပြည်ပစီးပွားရေး သမားတွေ လက်ဝါးချင်းရိုက်ပြီး ဗမာပြည်ရဲ့သယံဇာတတွေကို သုံးဖြုန်းနေကြတာ၊ တချို့နေရာတွေမှာ ပြောင်တလင်းခါလို့တောင် နေပါပြီ။ အဆင့်ဆင့်စစ်အာဏာပိုင်တွေဟာ သူတို့အတွက် ရှယ်ယာရတယ်ဆိုရင် ကြံ့ဖွံ့တို့၊ သကဆဖ တို့လိုဟာတွေကိုတောင် သယံဇာတတွေ ထုတ်လုပ်ရောင်းချခွင့်ပေးထားတာပါ။ အဲဒီလိုပါမစ်ရသူတွေဟာ ကိုယ်တိုင်မလုပ်ဘဲ တဖက်နိုင်ငံက စီးပွားရေးသမားတွေရဲ့ လက်ထဲထိုးအပ်ပြီး ကိုယ့်အတွက် အမြတ်ကို အလွယ်တကူရယူနေကြပါတယ်။ စစ်တပ်တွေ၊ စစ်ကြောင်းတွေကလည်း အဲဒီလို လုပ်ငန်းတွေပေါ်မှာ မှီခိုငွေကောက်ပြီး စီးပွားရေးလုပ်နေကြတာဆိုတော့ ဒီလိုနိုင်ငံမှမမွဲ၊ ဘယ်နိုင်ငံ မွဲတော့မလဲလို့ ပြောရမလိုဖြစ်နေပါပြီ။

သဘာဝသယံဇာတတွေနဲ့ပတ်သက်လို့ တင်စားပြောဆိုကြတဲ့ စကားတရပ်ရှိပါတယ်။ အဲဒါက “သယံဇာတတွေဟာ ရှေးဘိုးဘွားဘီဘင်တွေဆီက အမွေရထားတာမဟုတ်ဘူး၊ နောင်လာနောက်သားတွေဆီက ချေးငှားအသုံးပြုနေရတာဖြစ်တယ်” ဆိုတာပါပဲ။ ဒါပေမယ့် ဒီစကားဟာ အတိတ်ကိုလည်း သံယောဇဉ်မရှိ၊ အနာဂတ်ကိုလည်း တန်ဖိုးမထားတဲ့ နအဖဗိုလ်ချုပ်တွေအဖို့တော့ ဘာမှအဓိပ္ပာယ်မရှိသလို ဖြစ်နေပါတယ်။ သေချာတာကတော့ ဗမာပြည်သားတွေအနေနဲ့ နအဖစစ်ဗိုလ်တွေနဲ့စာရင်းရှင်းကြတဲ့တနေ့မှာ ဒီသူတို့သုံးစွဲဖြုန်းတီးခဲ့တဲ့ သဘာဝသယံဇာတတွေအတွက်လည်း မုချစာရင်းရှင်းရပါမယ်။ ဒီအထဲမှာ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသူတွေက ပင်လယ်လမုတောတွေကို ခုတ်ပစ်စေခဲ့တဲ့ စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ စာရင်းရှင်းတာမျိုးတွေလည်း ပါပါလိမ့်မယ်။


No comments: