Thursday, December 11, 2008

အရေးနိမ့်ခဲ့ရသော မြန်မာ့ အကြမ်းမဖက် တော်လှန်ရေး (အပိုင်း ၃)

နော်မန် ရိုဘက်စ် စပီရီ

အကြမ်း မဖက်မှုကြောင့် ကိုယ်ကျင့် တရား၊ ကျင့်ဝတ် ရေးရာအရ အသာစီး ရနေသည့ှ် အတိုက်အခံ များနှင့် မတူသော အချက်မှာ စစ်အစိုးရက ၎င်း ရည်မှန်းချက် ပြည့်ဖို့ဆိုလျှင် အကြမ်းဖက်မှုသုံးရန် အင်တိုက်အားတိုက် လိုလိုလားလား ဖြစ်နေခြင်းပင် ဖြစ်သည်။ အကြမ်းဖက်မှု အတွက် စစ်အစိုးရက အသုံးချနိုင်သည့် အင်အားစုတခုမှာ စွမ်းအားရှင်များဖြစ်ပြီး၊ သေချာသည်မှာ ထိုသူများကို စစ်အစိုးရ ၏ အစိတ်အပိုင်းအချို့က ညွှန်ကြားခိုင်းစေနေခြင်းပင် ဖြစ်သည်။ ဖြစ်နိုင်သည်မှာ စစ်ဖက်လုံခြုံရေးအဖွဲ့ (စရဖ) က ညွှန် ကြားထားခြင်း ဖြစ်နိုင်ပါသည်။ ရံဖန်ရံခါဆိုသလို စွမ်းအားရှင်များက လူထုများကို အကြမ်းဖက်မှုဖြင့်၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းဖြင့် ခြိမ်းခြောက်ကျိုးနွံစေပြီး ဗီဒီယို၊ ဓါတ်ပုံမှတ်တမ်းအများအပြားတွင် ၎င်းစွမ်းအားရှင်များက လက်နက်မဲ့ ဆန္ဒပြနေသူများ ကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ထိုးကြိတ်ခြင်း ပြုသည်ကို တွေ့ခဲ့ကြရသည်။


စစ်အစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက်ခြင်း ကြောင့် လူထုများတွင် အကြောက်တရား ကြီးထွား လာစေသည်။ ထိုအချက် ကြောင့်ပင် အတိုက်အခံ အင်အားစုများ တချိန် အာဏာရယူ နိုင်လိမ့်မည်ဟူသည့် မှေးမှိန် အားပျော့နေသည့် မျှော်လင့်ချက် ကလေးကိုပင် နောက်ဆုံး ဖြိုခွဲချေဖျက်လိုက် နိုင်သည်။ ဤအမြင်ဖက်မှ ကြည့်မည် ဆိုလျှင် စွမ်းအားရှင် များသည် အာဏာ ဆက်လက် တည်မြဲရန် အသုံးချ နိုင်ရေးအတွက် အထူး အောင်မြင်နေ သည်ဟု မြင်နိုင်သည်။ အစိုးရက အရေးယူမှု မရှိ၊ အထိန်း အကွပ်မရှိ အကြမ်းဖက်မှုကို အသုံးချ နိုင်ခြင်းနှင့် မတူကွဲ ပြားသည့် ဆန့်ကျင်ဖက် နိုင်ငံရေး အမြင်ရှိသူများကို ထိန်းသိမ်းထားနိုင် ခြင်းကြောင့် နိုင်ငံရေး အပြောင်း အလဲများ ဖြစ်လာစေရန် ပွင့်ပွင့် လင်းလင်း ထောက်ခံ ဖော်ပြလာကြခြင်းကို အောင်မြင်စွာ ထိန်းချုပ် ထားနိုင်လေသည်။

အယ်လ်ဘတ်အိန်းစတိန်း အင်စတီကျုမှ ဒေါက်တာဂျင်းရှပ်က ၎င်း၏ ရေးသားဖော်ပြချက်များကို ထောက်ပြခဲ့သလို လူများ က အကြမ်းဖက်မှုထက်စာလျှင်၊ အကြမ်းဖက်၍ အရေးယူခံရမည့်အရေးကို ကြောက်ရွံ့စိုးရိမ်စိတ်ကြောင့် ကြောက်ရွံ့စိုးထိတ် နေရမှု ၀န်းကျင်အနေအထားကို ဖြစ်စေပြီး လူထုကို နာခံလာစေသည်ဟု ဆိုပါသည်။ အမှန်တကယ် သက်ဝင်ထိရောက် သည့် တရားရေးစနစ်မရှိသ၍ စစ်အစိုးရ၏ လက်ကိုင်တုတ် လူမိုက်များကို အရေးယူအပြစ်ပေးရန် အတိုက်အခံများ အတွက် နည်းတခုမှာ ဥပဒေပြင်ပက အရေးယူဆောင်ရွက်ခြင်းသာ ဖြစ်ပါသည်။ ဥပမာအားဖြင့် လူထုများကိုယ်တိုင်က ဖွဲ့စည်းထားသည့် တရားမျှတရေးအစုများ စုဖွဲ့နိုင်ပြီး၊ စွမ်းအားရှင်များကို လမ်းမများပေါ်တွင် ပြစ်ဒဏ်ခတ်နိုင်ကြပါသည်။ သူတို့၏ လူမဆန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အပြစ်ရှိကြောင်း "ပညာပေး" နိုင်ပါသည်။

ဤစွမ်းအားရှင်ဆိုသူများကို ၎င်းတို့နေထိုင်ရာ ရပ်ကွက်လူထုများက ကောင်းစွာသိထားကြပြီး၊ အချို့သောကိစ္စများတွင် လက်စွမ်းပြ အရေးယူခဲ့လျှင်တောင် သူတို့ဆောင်ရွက်ခဲ့သည့် မတရားမှု များကြောင့် အရေးယူအပြစ်ပေးခံကြရခြင်း ဖြစ်ကြောင်း သိသာစေကြမည် ဖြစ်ပါသည်။ သူတို့ကို ဆန့်ကျင်နေကြသူများ အဖို့လည်း အားတက်လာစေလိမ့်မည် ဖြစ်သည်။ အတိုက်အခံများဦးဆောင်သည့် လက်စွမ်းပြတပ်ဖွဲ့များက လူထုအတွင်း တည်ရှိနေသည့် အကြောက်တရားဝန်းကျင်ကို မဖယ်ရှားနိုင်ဟု ဆိုလျှင်သော်မှ အနည်းဆုံး နိုင်ငံရေးချိန်ခွင်လျှာ ဖက်နှစ် ဖက်စလုံးတွင် အကြောက်တရားကို သက်ရောက်မှု မျှတလာစေလိမ့်မည် ဖြစ်သည်။

ဖေဖေါ်ဝါရီလ၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ ကြေညာသည့် သတင်းတပုဒ်တွင် စစ်အစိုးရလက်ကိုင်တုတ် လူမိုက် များကို အဓိကရည်ရွယ်တိုက်ခိုက်သည့် တိုက်ရိုက် လှုပ်ရှားမှုကို ရှားရှားပါးပါး ကြားခဲ့ရပါသည်။ သတင်းအရ စစ်အစိုးရနှင့် ဆက်စပ်ပတ်သက်နေသည့် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းအဖွဲ့ဝင် လှိုင်သာယာမြို့နယ်နေ လူထုကို နှိပ်စက်နေသည် ဟု သတင်းကျော်စောနေသူတဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း ကြားသိရပါသည်။ ဤသတင်းကြောင့် အခြားကြံ့ဖွံ့ အဖွဲ့ဝင်များတွင်လည်း အလားတူ ကြောက်ရွံ့လာစေနိုင်ပြီး၊ လူထုကို ဖိနှိပ်ဆက်ဆံနေမှုများ သိသိသာသာ လျော့ပါးလာ ကြောင်း သတင်းအရ သိရှိရပါသည်။ အကယ်၍ ယခုလို လက်စားချေခံရမည့် ကြောက်ရွံ့စိုးရိမ်နေမှုများ ပိုမိုကျယ်ပြန့်လာ ပါက စစ်အစိုးရအဖို့ အတိုက်အခံများကို ထိန်းချုပ်စရာ အင်အား အရင်းအမြစ်များ ပို၍လျော့နည်းသွားပေလိမ့်မည်။ အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရေးအတွက်လည်း စဉ်းစားစရာ အချက်ဖြစ်လာစေမည် ဖြစ်သည်။

ဤသို့ ဆောင်ရွက်ရမည့်အစား ပြည်ပရှိ အတိုက်အခံအင်အားစုများက အကြမ်းမဖက်နည်းနာကိုသာ တရားသေ ဆုပ်ကိုင် ထားပြီး ယခုအခါ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုထားမှုကို ပယ်ဖျက်ပေးရန် လှုပ်ရှားမှုကို အကြီး အကျယ် အားတင်းလုပ်ဆောင်နေကြပြန်ပြီ ဖြစ်သည်။ ကုလသမဂ္ဂသို့ တောင်းဆိုမှုဆိုသည်မှာ ယခုမှ စတင်လုပ်ဆောင်ကြ ခြင်း မဟုတ်ပါ။ ၁၉၉၆ ခုနှစ်က အလားတူ လှုပ်ရှားမှုသည် အောင်မြင်မှုမရဘဲ အဆုံးသတ်ခဲ့ရသလို၊ ယခုတကြိမ် လှုပ်ရှားမှု အောင်မြင်ရန် ပိုကောင်းသည့် အခွင့်အလမ်းများရှိနေသည်ဟု မျှော်မှန်းထားရန် အချက်အလက်များ ရှိမနေပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံရှိ အခြားသော နိုင်ငံများစွာက သူတို့ကိုယ်တိုင် ဒီမိုကရေစီဖြစ်ရန် ဝေးနေကြဆဲဖြစ်ပြီး အလားတူပြစ် ဒဏ်ပေးမှုများကို လုပ်ဆောင်ရန် လက်တွန့်နေနိုင်ပါသည်။ လာမည့်တနေ့တွင် သူတို့လည်း အလားတူလုပ်ထုံးမျိုးနှင့် ရင် ဆိုင်ရနိုင်သည်ဟု ကြိုတွေးစိုးရိမ်နေနိုင်ကြပါသည်။

သေချာသည်မှာ တရုတ်နှင့် ရုရှားနိုင်ငံတို့က ဒီမိုကရေစီထွန်းကားရေး အားပေးမည့်သူများ မဟုတ်ကြသလို၊ သူတို့၏ ထောက်ခံပံ့ပိုးမှု မရပါကလည်း ယခုနောက်ဆုံး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တင်ပြဆုံးဖြတ်စေရန် ကြိုးပမ်းချက်များ သည်လည်း အရေးနိမ့်မှုနှင့် ကြုံရမည်သာ ဖြစ်သည်။ အကယ်၍ သံတမာန်ရေး ကြိုးပမ်းမှုများကို အကောင်းဆုံးဆောင် ရွက် အောင်မြင်၍ ကုလသမဂ္ဂထိုင်ခုံမှ မြန်မာစစ်အစိုးရကို ဖယ်ရှားနိုင်သည်ထားဦး၊ ပြည်တွင်းတွင် အာဏာသုံးအုပ်ချုပ်နေ သည့် စစ်အစိုးရအပေါ် ထိခိုက်သက်ရောက်မှုမှာ အနည်းငယ်မျှသာ ရှိပါလိမ့်မည်။ ကုလသမဂ္ဂအတွင်း ကြိုးပမ်းဆောင်ရွက် နေမှုများကြောင့် ကမ္ဘာတ၀ှမ်းအာရုံစိုက် အလေးထားမှု ရလာနိုင်သည်ဆိုသော်လည်း အတိုက်အခံများ၏ နိုင်ငံတကာရှိ ကြိုးပမ်းချက်များမှာ စစ်အစိုးရ လှုပ်သာလှည့်သာအောင် အဓိကပံ့ပိုးပေးနေသည့် စင်္ကာပူနိုင်ငံအပေါ် အထူးအာရုံထား ဆောင်ရွက်သင့်လှပါသည်။ အကြောင်းမှာ အနောက်နိုင်ငံဘဏ်ကြီးများနှင့် ထဲထဲဝင်ဝင် ဆက်စပ်နေရသည့်၊ နိုင်ငံတကာ အကျိုးစီးပွားများနှင့် ပတ်သက်နေရသည့် စင်္ကာပူနိုင်ငံက ဖိအားပေးလျှင် အထူးထိခိုက်လိုက်လျောရနိုင်သည့် အနေ အထားရှိနေပါသည်။

စင်္ကာပူနိုင်ငံက တရုတ်နှင့် အခြားသောအိမ်နီးချင်း နိုင်ငံများသို့ လက်ညှိုးထိုးရင်း စစ်အစိုးရကို ပင်မထောက်ပံ့နေသူ အဖြစ် ၎င်းကို ဝေဖန်လာသမျှကို အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့ပါသည်။ စစ်အစိုးရ သက်ဆိုးရှည်အောင် အသက် ဆက်ပေးနေသူမှာ စင်္ကာပူသာ ဖြစ်ပါသည်။ စစ်အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုများတွင် စင်္ကာပူ၌ ဘဏ် စာရင်း ရှိနေကြသည်ကို လူအများသိထားပြီး ဖြစ်ပါသည်။ စစ်အစိုးရ၏ အာဏာရှင် ခေါင်းဆောင်ကြီးများက နောက်ဆုံး ပေါ်နည်းပညာဖြင့် ဆေးကုသမှု ခံယူရန်အတွက် စင်္ကာပူသို့ မကြာခဏ ခရီးထွက်လေ့ ရှိကြပါသည်။ စင်္ကာပူအာဏာပိုင် များကလည်း နွေးထွေးစွာ တရားဝင်ကြိုဆိုလက်ခံခဲ့ကြပါသည်။ သို့သော်လည်း စင်္ကာပူနိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အတိုက် အခံအင်အားစုများမှာမူ စစ်အစိုးရခေါင်းဆောင်များ ခရီးအလာတွင် ဆန္ဒပြမည်ဆိုပါက ကွဲပြားခြားနားစွာပင်၊ ဖမ်းဆီးခံရ မည့်အရေး၊ ဗီဇာ နေထိုင်ခွင့် ပယ်ဖျက်သိမ်းခံရမည့် အန္တရာယ်များ ကြုံကြိုက်နေကြရပါသည်။

စင်္ကာပူက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်အဆက်အသွယ်ရှိသည့် စီးပွားရေးလုပ်ငန်း အများအပြားကို လက်ခံခဲ့ပြီး စင်္ကာပူ နိုင်ငံတွင် ကုမ္ပဏီမှတ်ပုံတင်စေခဲ့ပါသည်။ စင်္ကာပူက ပိုက်ဆံအတွက် စီးပွားရေးကျင့်ဝတ်များကို ဘေးချိတ်ထားပြီး မြန်မာ စစ်အစိုးရအတွက် စီးပွားရေး တရားဝင် ဆောင်ရွက်နိုင်ရန် ဖုံးကွယ်၍ အကာအကွယ် ပေးထားပါသည်။ ကိစ္စများစွာတွင် အနောက်တိုင်းနိုင်ငံများက ချမှတ်ထားသည့် စီးပွားရေး၊ဘဏ္ဍာရေးပိတ်ဆို့မှုများကို ကျော်လွှားဆောင်ရွက်နိုင်ခွင့် ရစေခဲ့ပါ သည်။ မြန်မာ-စင်္ကာပူ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နေမှု၏ ဥပမာတခုမှာ ဆေးလ်ဗားဝေ့ဖ် စွမ်းအင်ကုမ္ပဏီ (Silver Wave Energy) ဖြစ်ပါသည်။ သတင်းမီဒီယာများတွင်ဖော်ပြချက်အရ ဤစင်္ကာပူကုမ္ပဏီက စစ်အစိုးရနှင့် အိန္ဒိယ၊ ရုရှား ကုမ္ပဏီများအကြား သဘောတူညီမှု ရရှိအောင် ကြားဝင်၍ ပွဲစားဆောင်ရွက်ပေးခဲ့ပါသည်။ သို့သော်လည်း ဤကုမ္ပဏီကို လေ့လာသုတေသနပြုကြည့်ရာတွင် ၎င်း၏ ဖုန်းနံပတ်နှင့် ရုံးခမ်းမှာ ရန်ကုန်မြို့၊ ထရိတ်ဒါးဟိုတယ်တွင် ရှိနေသည်ကိုလည်း တွေ့ရှိခဲ့ရပြန်သည်။

ဤအချိန်တွင် ပြည်ပရောက် အတိုက်အခံအင်အားစု၏ ခေါင်းဆောင်မှုအတွင်း၌ မထိရောက်တော့သည့် မဟာဗျူဟာချ မှတ်သူများ ဆက်လက်၍ အတူတူ နေရာယူ ဦးဆောင်နေကြဆဲ ဖြစ်ပြီး၊ သူတို့က မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုများ ဖြစ်ပေါ်စေရေးအတွက် အကြမ်းမဖက်နည်းနာကို အဓိကကဏ္ဍအဖြစ် ထားရှိ ဆောင်ရွက်နေကြဆဲ ဖြစ်သည်။ ဆယ် စုနှစ် ၂ ခုကျော် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်မှုများ မရှိဘဲ ဦးဆောင်နေကြခြင်းဖြစ်ပြီး၊ အတိုက်အခံအင် အားစုများ၏ ဦးဆောင်မှုမှာ သေနေပြီ ဖြစ်သည်။ အမြင်သစ်များကို ရှောင်လွှဲဖယ်ကျဉ်နေကြပြီး၊ အားလုံးတက်ညီ လက်ညီ ပါဝင်လှုပ်ရှားနိုင်မည့် မဟာဗျူဟာလည်း ကင်းမဲ့နေပါသည်။ သူတို့က ရှုံးပြီးသား မဟာဗျူဟာ လမ်းကြောင်းကိုပင် ဆက်လက် လျှောက်လှမ်းနေကြပြီး ဤအတွက်ကြောင့်ပင် ယခုလို ၀မ်းနည်းကြေကွဲ ဖွယ် မည်သို့မျှ မစွမ်းနိုင်သည့် အခြေအနေ ဆိုက်နေကြရခြင်း ဖြစ်ပါသည်။

အတိုက်အခံအင်အားစုများအနေနှင့် ဤအနေအထားသို့ ကျရောက်ရခြင်းမှာ အနောက်တိုင်းနိုင်ငံများမှ ဘဏ္ဍာရေး အကူ အညီများကို အကြီးအကျယ် အားကိုးမှီခိုခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဤအကူအညီများက အကြမ်းမဖက်လှုပ်ရှားမှု များအတွက်သာဟု ပွင့်ပွင့်လင်းလင်း ဖော်ပြထားကြပါသည်။ ဤသို့ ငွေကြေးအကူအညီများ လက်ခံရယူ နိုင်သော်လည်း အကြမ်းမဖက် လှုပ်ရှားမှုကို ဖြည့်ဆီးဖော်ဆောင်ပေးနိုင်မည့် စုပေါင်းညီညွတ်သော ထိုးစစ်ဆင် လှုပ်ရှားမှု များဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက်မှုကို အဟန့်အတား မဖြစ်စေသင့်ပါ။ အလားတူ စစ်အစိုးရနှင့် ၎င်းကို ပံ့ပိုးနေသူများ ကို ဦးတည်ချက်ထားသည့် အကြမ်းဖက်ရော၊ အကြမ်းမဖက်ပါ ပါသည့် နည်းပေါင်းစုံ အောင်မြင်သော စီမံချက်များဖော် ဆောင်နိုင်ရေးအတွက်လည်း လူအားငွေအား စသည်ဖြင့် အရင်းအမြစ်များကို ထိထိရောက်ရောက် စီမံကွပ်ကဲတတ်ရန် အလွန်အရေးကြီးပါသည်။ ဤသို့ ပူးပေါင်းလှုပ်ရှားမှုများ ဖြင့် အောင်ပွဲများရရှိခဲ့ကြောင်း သမိုင်းသက်သေများ ရှိထားပြီး ဖြစ်ပါသည်။

ပြည်ပရောက် ဒီမိုကရေစီအတိုက်အခံ ခေါင်းဆောင်များက အယူအဆဟောင်း၊ နည်းနာဟောင်း များကို ထပ်၍ တကျော့ကျော့ ပြောဆိုတင်ပြ နေကြပါသည်။ စစ်အစိုးရအုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် သူတို့မှာ နောက်ထပ်ရွေးကောက်ပွဲဝင်ရန် အခွင့်အလမ်းမရှိသလို၊ မည်သည့် မဲဆန္ဒနယ်ကိုမျှလည်း ပိုင်ဆိုင်ထားခြင်း မရှိကြတော့ပါ။ သူတို့တွင် ကျောထောက်နောက်ခံပြုထားသူဟူ၍ အနောက်တိုင်း ဆရာကြီးများသာ ရှိပါတော့သည်။ စကားပြောကြည့်ရာမှ တွေ့လာရသည်မှာ များစွာသော အတိုက်အခံများက သူတို့၏ ပြည်ပရောက်အနေအထားကို ဆက်လက်ဆုပ်ကိုင်ထားရန် လိုလားကြပြီး၊ လက်ရှိ ဘ၀တွင် နေပျော်နေကြပါသည်။ မအောင်မြင် အရေးနိမ့်ရသည့် မူဝါဒများ၏ ဆိုးကျိုးကို တိုက်ရိုက် မခံစားရသလို၊ သူတို့၏ ရဲရဲတောက်သတ္တိစွမ်းများကို အမှန်တကယ် ကြီးလေးစွာ မကြာခဏဆိုသလို နစ်နာခံစားကြရသူများမှာ မြန်မာပြည်တွင်းရှိ ပြည်သူများသာ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်တွင်းရှိ အတိုက်အခံခေါင်းဆောင်များမှာလည်း အလားတူပင် စစ်မျက်နှာပေါင်းစုံ တွင် အရေးနိမ့်ခဲ့ကြပါသည်။ စစ်တပ်တွင်း အာဏာလွန်ဆွဲမှုနှင့် အားပြိုင်မှုများကြောင့် ၂၀၀၄ ခုနှစ်က စစ်တပ်ထောက် လှမ်းရေး ကွန်ရက်ကို ဖျက်သိမ်းခဲ့စဉ်က ယာယီဖြစ်ပေါ်ခဲ့သည့် အားနည်းချက်ကိုလည်း အခွင့်ကောင်းယူ၍ အသုံးမချနိုင်ခဲ့ ကြပါ။ ထိုမျှမက တိုင်းရင်းသားလက်နက်ကိုင်တပ်များ၏ အကျယ်အပြန့် ထောက်ခံမှုအင်အားကို အရယူ၍ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများအတွက် ပို၍ ကြီးမားသည့် လှုပ်ရှားမှု ဖြစ်လာစေရန်၊ ထိုးစစ်သဘောဆောင်သည့် လှုပ်ရှားမှုများ ဖြစ်လာ စေရန်လည်း ပျက်ကွက်ခဲ့ကြပါသည်။ တချိန်တည်းမှာပင် စင်္ကာပူ၊ တရုတ်နှင့် စစ်အစိုးရကို အဓိက ထောက်ခံပံ့ပိုးနေသည့် နိုင်ငံများကို ပစ်မှတ်ထားလှုပ်ရှားရန်လည်း ပျက်ကွက်ခဲ့ကြပါသည်။ နောက်ဆုံးရလဒ်အနေနှင့် သူတို့က လက်ဦးမှု အားလုံးနီးပါး ဆုံးရှုံးခဲ့ကြရသည်။ အကယ်၍ လက်ရှိအခြေအနေအောက်တွင် လက်ရှိနည်းဗျူဟာများ နှင့် ဆက်သွားနေပါက သူတို့နောက်တကြိမ်ဆုံးရှုံးရဦးမည်ကို သဘောမပေါက်နိုင်လောက်အောင်ပင် သူတို့ ဖြစ်နေကြပါသည်။


No comments: