Saturday, December 6, 2008

တရားရုံးထဲမှာ “ကမ္ဘာမကြေ” ထဆိုသူ

ဇော်လင်းခိုင်

တရားရုံးထဲမှာ အမှုစစ်နေတုန်း တရားခံက နိုင်ငံတော်သီချင်း ထဆိုတယ်၊ တရားသူကြီးကို ကျောပေးပြီး မတ်တပ်ရပ်တယ်၊ ကန့်ကွက်တယ်။ တရားရုံးကို ဒီလို သပိတ်မှောက်တဲ့သူကတော့ မျိုးကျော်ဇင်ဖြစ်ပါတယ်။ သူ ဘာ့ကြောင့် ဒီလိုလုပ်ရတာလဲ။

သူနဲ့ သူ့မိတ်ဆွေတွေမှာ မကျေနပ်ချက်တွေရှိတယ်။

၁။ တရားရုံးထုတ်ချိန်မှာ မိသားစုနဲ့ တွေ့ခွင့်မရဘူး။

၂။ မိသားစုက အစား အသောက်တောင် ပေးခွင့်၊ ကျွေးမွေးခွင့်မရှိဘူး။

၃။ အမှုစစ်နေတုန်း အရက်မူးနေတဲ့ စွမ်းအားရှင်တွေက တရားရုံးကို ၀ိုင်းထားတယ်။

၎။ တရားရုံးဝင်ပေါက်တွေကိုလည်း သူတို့ကပိတ်ထားတယ်။

၅။ ရှေ့နေနဲ့လည်း တွေ့ခွင့်မရဘူး။

၆။ ဒါကြောင့် ရှေ့နေတွေက အမှုသည်ညွှန်ကြားချက် ရယူဖို့ မဖြစ်နိုင်ဘူး။

၇။ တရားရုံးထဲမှာ ရဲအရာရှိဒေါ်အေးသီက လက်ကိုင်ဖုန်းပြောပြီး အမှုစစ်ဆေးနေတာကို နှောင့်ယှက်တယ်။

မျိုးကျော်ဇင်တို့ အမှုသည်တွေကိုယ်တိုင်က ဒီအချက်တွေ အရေးယူပေးဖို့ တရားသူကြီးကို လျှောက်ထားတင်ပြတယ်။ လူငယ်ရှေ့နေနှစ်ဦးကလည်း အမှုသည် ညွှန်ကြားချက်အရ အရေးယူပေးဖို့ ဥပဒေ ပုဒ်ထီး၊ ပုဒ်မတွေကို ရည်ညွှန်း ကိုးကားပြီး လျှောက်လဲချက်ပေးတယ်။ လျှောက်လဲချက်တွေအားလုံးဟာ စစ်ဗိုလ်ချုပ်တွေ ပြောပြောနေတဲ့ တည်ဆဲပြည်တွင်း ပြဌာန်းဥပဒေအတိုင်းပါပဲ။

ဒီတော့ အမှုသည်တွေနဲ့ ရှေ့နေ ကိုညီညီထွေး၊ ကိုစောကျော်ကျော်မင်းတို့လည်း တရားရုံးကို မထေမဲ့မြင်လုပ်တယ် ဆိုပြီး ထောင် ၆ လစီ ချခံလိုက်ရပါတယ်။

ကိုမျိုးကျော်ဇင်က ဘယ်သူလဲ။ သူက လှိုင်သာယာမြို့နယ်က နိုင်ငံရေးသမား လူငယ်တဦး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲအတွက် ရွှေတိဂုံဘုရားကို အသွားမှာ အဖမ်းခံခဲ့ရသူပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အဖမ်းခံရတာပါ။ (၁၅-၅-၀၈ ရက်နေ့)

၄၄ ရက်ကြာထိန်းသိမ်းခံခဲ့ရပါတယ်။ သူ ပြန်လွှတ်လာပြီး တနှစ်ကျော်အကြာမှာ ဒီအမှုနဲ့ပဲ ပြန်ပြီး တရားစွဲ အရေးယူခံရပြန်တယ်။ (၂၈-၈-၀၈)

ပုဒ်မတွေက ပြစ်မှုဥပဒေပုဒ်မ - ၁၄၃၊ ဥပဒေနဲ့ဆန့်ကျင့်သည့်လူစုလူဝေးတွင်ပါဝင်မှု။

ပုဒ်မ ၁၄၅၊ လူစုခွဲရန် အမိန့်ပေးထားသည်ကို သိလျက် ဆက်လက်ပါဝင်မှု။

ပုဒ်မ - ၁၅၂၊ လူစုခွဲရန် တာဝန်အရဆောင်ရွက်သူကို ခြိမ်းခြောက်ဟန့်တားမှု။

တရားစွဲဆိုသူ ရဲအရာရှိက ရဲအုပ်ဦးဝင်းထွန်း

အမှုကို ကြားနာစစ်ဆေးတာက ဦးအောင်သန်းမြင့်၊ လှိုင်သာယာမြို့နယ် တရားသူကြီး။

စီရင်ချက်က ထောင်ဒဏ် ၇ နှစ် နဲ့ ၆လ။

ပုဒ်မတစ်ခုချင်းစီအတွက် အမြင့်ဆုံးပြစ်ဒဏ်တွေကို စီရင်လိုက်တာပဲ လို့ ရှေ့နေတွေက ဆိုပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူအတွက် အခုလို စီရင်တာဟာ ဥပဒေနဲ့ ညီသလား၊ တရားမျှတသလား ဆိုတာတော့ မေးဖို့ မလိုတော့ပါဘူး။ အခုအချိန်မှာ မြန်မာပြည်ဟာ နိုင်ငံရေးသမားတွေကို ထောင်ဒဏ် ရက်ရက်ရောရောပေးနေတဲ့ ကာလ မဟုတ်လား။

ဒီတရားသူကြီးကပဲ သူ့ကို ထောင် ၅ နှစ် ထပ်ချပြန်ပါတယ်။ ပုဒ်မ - ၃၇၆/၅၁၁၊ မုဒိန်းမှုကျူးလွန်ရန် အားထုတ်တဲ့အမှု။ (၁၃-၁၁-၂၀၀၈)

တရားလိုက မမြတ်ပန်းဝါ (ခ) အငယ်လေး။ တရားစွဲဖို့ သင်ပေးသူတွေက လှိုင်သာယာမြို့နယ် သောင်ကြီးရဲစခန်းမှ ဒုရဲအုပ် သံမျိုးတေဇာ၊ ပြီးတော့ နယ်ထိန်း အောင်ကျော်ဝင်း။ တရားရုံးမှာ မမြတ်ပန်းဝါက အင်္ကျီပြဲတယ်၊ ဘော်လီစုတ်တယ်လို့ ထွက်ဆိုတယ်။ အဲဒီ အင်္ကျီ၊ ဘော်လီတွေက ရဲတွေ လာသိမ်းယူသွားတုန်းက အကောင်းပကတိဖြစ်နေတာကတော့ ထူးဆန်းတဲ့အချက်ပါ။ ပိုပြီး ထူးတာက တရားရုံးကို ရပ်ကွက် ဥက္ကဋ္ဌရဲ့ အကြောင်းကြားစာ ရောက်လာတာပါပဲ၊ ကန်လှကျေးရွာမှ ပြောင်းရွှေ့သွားပြီးဖြစ်ကြောင်း တဲ့။ အဲဒါတွေထက် ပိုပြီး ထူးတာ ရှိပါသေးတယ်။

မမြတ်ပန်းဝါက အမှုသည်ရဲ့ မိသားစုတွေကို ပြောလိုက်ပါတယ်၊ အမှန်အတိုင်း ထွက်ဆိုလိုပါတယ် တဲ့။ ဒါနဲ့ တရားရုံးတက်ခွင့်မရတော့ သူမရဲ့ ထွက်ဆိုချက်တွေကို မှတ်တမ်း ဗီဒီယိုရိုက်ကူးတယ်၊ တရားရုံးကို တင်သွင်း။ ရုံးတော်က ပယ်ချတယ်။ အမှုကို တက်သုတ်ရိုက်စစ်တယ်။ ဒီအမှုအတွက် စီရင်ချက်ကတော့ အထက်မှာ ပြောခဲ့သလို ထောင်ဒဏ် ၅ နှစ်။

ဒီလိုအခြေအနေတွေကြောင့် ကိုမျိုးကျော်ဇင်က တရားရုံးကို သပိတ်မှောက်ခဲ့၊ နိုင်ငံတော်သီချင်းဆိုခဲ့၊ တရားသူကြီးကို ကျောပေးခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ပုဒ်မ - ၃၅၃၊ ပြည်သူ့ဝန်ထမ်း ၀တ္တရားဆောင်ရွက်တာကို ခြိမ်းခြောက်နှောင့်ယှက်မှုနဲ့ ထောင်ဒဏ် ၂ နှစ်။

လှိုင်သာယာမြို့နယ် တွဲဖက် မြို့နယ်တရားသူကြီး ဒေါ်စန္ဒာအေးရဲ့ စီရင်ချက်။ (၄-၁၁-၂၀၀၈)

ရန်ကုန်မြောက်ပိုင်းခရိုင် တရားသူကြီး ဦးသောင်းညွှန့်ကလည်း ဒီခေါင်းစဉ်နဲ့ပဲ သူ့ကို ထောင်ဒဏ် ၆ လ ပေးခဲ့ပါသေးတယ်။ အဲဒီတုန်းက ဒီထောင်ဒဏ်ကို သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေ၊ ပြီးတော့ လူငယ်ရှေ့နေတွေနဲ့အတူ ရခဲ့တာပါ။ (၃၀-၁၀-၂၀၀၈) ရက်နေ့မှာ ဖြစ်ပါတယ်။ ။


No comments: