Sunday, December 7, 2008

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့

မဇ္ဈိမသတင်းဌာန

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၀၈ ခုနှစ်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၂၃ ဦးကို ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခဲ့သည်။

၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် အမေရိကန် ကျောင်းဆရာများ ဖက်ဒရေးရှင်းက ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့အား ၂၀၀၈ ခုနှစ် "President's International Democracy Award" အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင် မင်းကိုနိုင်မှာလည်း နယူးယောက်မြို့မှ Civil Courage Prize 2005, ချက်နိုင်ငံအခြေစိုက် People in Need က ပေးအပ်သော the Homo Homini ဆု၊ ၂၀၀၁ ခုနှစ်တွင် ကျောင်းသား ငြိမ်းချမ်းရေးဆု၊ ၁၉၉၉ ခုနှစ်တွင် ဂျွန်ဟမ်ဖရီ လွတ်မြောက်ရေးဆု စသဖြင့် ရရှိခဲ့ပြီး ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းကို အစပျိုးခဲ့သည့် သြဂုတ်လမှစတင်ဖြစ်ပေါ်ခဲ့သော ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက် ဆန္ဒပြမှုတွင် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၏ ခေါင်းဆောင်များ အဖမ်းခံခဲ့ရသည်။

၂၀၀၇ ဧပြီလမှစတင်ကာတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရေး တောင်းဆိုသည့် တနင်္ဂနွေ အဖြူရောင် လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။

ထို့အပြင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့လည်း မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွှက်ပေးပါရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၀၇ ဇန္န၀ါရီ ၄ ရက်နေ့တွင် ပြည်သူတို့၏ အခက်အခဲ ရင်ဖွင့်လွှာများကို ကောက်ယူစုဆောင်းသည့် လှုပ်ရှားမှု "Open heart Campaign" ကို စတင်ခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စုစုပေါင်း ရင်ဖွင့်ချက် ၂၅၀၀၀ ကျော်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပို့ဆောင်ခဲ့သည်။

၂၀၀၆ အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကာ ဘာသာပေါင်းစုံ ပါဝင်သည့် လူထုဆုတောင်းပွဲကို လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့သည်။

ထို့အပြင် နိုင်ငံရေးအကျည်းသားများလွတ်ပေးရေးနှင့် စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ရန် ပြည်သူ ၅၃၅၅၈၀ ဦးတို့၏ လက်မှတ်များ ကောက်ယူသော "လက်မှတ်ရေးထိုးလှုပ်ရှားမှု" ပြုလုပ်ပြီး စစ်အစိုးရခေါင်းဆောင်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများသို့ ပို့ဆောင်နိုင်ခဲ့သည်။

၂၀၀၆ အတွင်း အောက်တိုဘာလအတွင်း နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုသည့် အဖြူရောင်အ၀တ်အစားများ ၀တ်ဆင်သည့် လှုပ်ရှားမှုတစ်ရပ် "White Expression Campaign" ကို ပြုလုပ်ခဲ့သည်။

အဖွဲ့ဝင်အများစုမှာ နှစ်ရှည်ထောင်ကျခံခဲ့ကြရပြီး ထောင်တွင်း လူ့အခွင့်အရေးများ ချိုးဖောက်ခံရမှု၊ နိုပ်စက်ညှင်းပမ်းခံရမှုများ များစွာကြုံတွေ့ခဲ့ရသည်။

နိုင်ငံရေးပါတီ မဟုတ်ပဲ အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီအရေးတို့အတွက် ထိရောက်စွာ လှုပ်ရှားသည့် အဖွဲ့အစည်းအဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကို ၂၀၀၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ရှစ်လေးလုံး အရေးအခင်းတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သော ကိုမင်းကိုနိုင်နှင့် အခြားခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းခဲ့သည်။


No comments: