Wednesday, December 3, 2008

အိမ်ပြန်ချိန်

စေးရယ်စိုး၊

သောက်ရေ၊ ချိုးရေ၊ သုံးရေများ အားလုံးသည် တခုတည်းဖြစ်သည့် အိမ်သာရေဖြစ်နေ သည့်အတွက် အနံ့ပေါင်းစုံ အညှစ်အကြေး ပေါင်းစုံတို့ဖြင့် နှံစော်နေသော်လည်း ရွံ့သူမရှိ၊ မသုံးစွဲသူမရှိပါ။ အဘယ်ကြောင့်ဆိုသော် ရဲစခန်း အချုပ်ထောင်အတွင်းမှာ နေထိုင်ကြရသည့် အတွက်ကြောင့်ပါ။

အစားအသောက်မှာလည်း အသက်ရှင်လောက်အောင်သာ ကျွေးမွေး ထားသည့်သဘော ဖြစ်သည်ဟု အချုပ်ကျနေသူတို့က ဆိုသည်။ ယခု အခြေအနေမျိုးမှာ လူ့အလွှာပေါင်းစုံမှ ရောက်ရှိလာသူများသည် တယောက်တမျိုးစီ ညည်းညူနေကြပေမဲ့ လွန်ဆန်နိုင်သူမရှိပါ။ ၎င်းအချုပ်ထောင်ထဲမှာ ဒုက္ခသည်ရောက်ခြင်းအတူတူ ပိုမို၍ ဒုက္ခရောက်နေသူတစ်ဦးက ကိုယ်ဝန် (၄) လ နှင့် လွယ်ထားနေရသော မိခင်လောင်း ဒေါ်ပပ တစ်ယောက်ဟု ဆိုလျှင်အမှန်ပေါ့။

အသက် (၃၁) နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး ဒေါ်ပပသည် လွန်ခဲ့သည့် (၉၈) ခုနှစ်ကတည်းက မိသားစုစားဝတ်နေရေး အဆင်မပြေမှုကြောင့် မလေးရှားနိုင်ငံတွင် ခင်ပွန်းသည်နှင့်အတူ သွားရောက်အလုပ်လုပ်ခဲ့ကြပါသည်။

ဇနီးသည် ဒေါ်ပပသည် ကိုယ်ဝန် (၄) လရှိနေချိန်မှာ မိဘဆွေမျိုးရှိရာ ရန်ကုန်မြို့တွင် ပြန်လာမွေးဖွားနိုင်ရန် ရည်ရွယ်၍ လမ်းခရီးအကြိုအပို့ အလုပ် လုပ်စားသူ လူပို့ (ကယ်ရီ) ထံ အကူအညီတောင်းခံပြီး ပြန်ခဲ့ကြသည်ဟု သိရသည်။ မြန်မာ ပြည်သို့မရောက်ခင် ထိုင်း-မြန်မာနယ်စပ် တနေရာအရောက်မှာ လူပို့ပွဲစားများက ၎င်းနှင့်လိုက်ပါလာသော သူများ အားလုံးကို နယ်စပ်ရှိ တာဝန်ကျနေသည့် ထိုင်းရဲလက်ထဲသို့ ပိုင်စိုး၊ ပိုင်နှင်းဖြင့် အပ်နှံခံခဲ့ပြီး အချုပ်ခန်းသို့ ရောက်ရှိနေသည့်အကြောင်း ဒေါ်ပပက ပြောပြသည်။

အချုပ်ခန်း ထောင်အတွင်းသို့ ရောက်ရှိနေသည့် ကိုယ်ဝန်သည် မိခင်လောင်း ဒေါ်ပပသည် ရင်သွေးလေးကို မြန်မာမှာ ပြန်လည်မွေးလို၍ မျှော်လင့်ချက်ကြီးစွာနှင့် ပြန်ခဲ့ပါသည်။ သို့သော် အခုချိန်မှာတော့ အပြစ်မဲ့ရင်သွေးငယ် ကလေးလေးကို အအေးမြဆုံး မိဘရိပ်မှာ ပြန်လာပြီး မွေးဖွားနိုင်တော့မလားဆိုသည့် မျှော်လင့်ချက်ကို မျှော်သာမျှော်လင့်ရပေမဲ့ မနက်ဖြန်ဆိုသည့် ပြောင်းလဲမှုတခုကိုတော့ အစဉ်တစိုက် စောင့်စားနေရမှာပါ။

ကိုယ်ဝန်သည် ဒေါ်ပပ တစ်ယောက် လူဦးရေ တင်းကြပ်ပြီး၊ ပြည့်ကြပ်နေသည့် အချုပ်ခန်းထဲကနေ တရက်ပြီးတရက် အိမ်ပြန်ချိန်ကို ၀မ်းနည်းမတတ် စောင့်မျှော်ရင်း တစက်ပြီးတစက် ကျခဲ့သည့် မျက်ရည်စက်လည်း နည်းတော့မည် မဟုတ်၊ မမေးဘဲ တွေးကြည့်ရင် သိနိုင်ပါသည်။

“ဒီကလေးကို အစ်မ မွေးနိုင်မယ်လို့တောင် မထင်တော့ပါဘူး၊ ဒီထဲမှာနေတာ အရမ်းကို ဒုက္ခရောက်တယ်။ စိတ်ညစ်ဖို့ကောင်းတာ၊ ကိုယ်ဝန်ကတဘက်နဲ့ဆိုတော့ သိတဲ့အတိုင်းပဲ လေနော်။ အချုပ်ထဲမှာ ဘာမှစားလို့ မကောင်းဘူး မောင်လေးရယ်။ သောက်ရေဆိုရင်လည်း အိမ်သာရေတွေကိုပဲ သောက်နေရတယ်။ မသောက်မစားဘူးဆိုရင်လဲ သေမယ်လေ။ မသေအောင်တော့ စားထားသောက်ထားရမှာပေါ့” ဟု လက်ရှိ ဒေါ်ပပ ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများကို အချုပ်ခန်းထဲမှ ၀မ်းနည်းကြေကွဲစွာဖြင့် သူ့အဖြစ် အပျက်များအား ပြောပြသွားပါသည်။

ဒေါ်ပပတို့မိသားစုသည် တပါးနိုင်ငံမှာ သွားရောက်အလုပ်လုပ်ရင်းနှင့် ရရှိလာသည့် ရင်သွေးငယ်လေးကို မွေးဖွားမည် ဆိုပါက အခက်အခဲရှိမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်သို့ပြန်ပြီး မွေးဖွားမည်ဟု ရည်ရွယ်ခဲ့သည့်အကြောင်း သူမက ပြောပါသည်။

ဒေါ်ပပတို့မိသားစုသည် ရန်ကုန်မြို့တွင် နေထိုင်ပြီး စားဝတ်နေရေး အကြပ်အတည်းမှုများ ကြောင့် တပါးနိုင်ငံကိုကူးပြီး မလေးရှားနိုင်ငံ၌ အလုပ်လုပ်သည်မှာ (၁၀) နှစ်နီပါးရှိပြီ ဖြစ်သည်။ ဒေါ်ပပ က ကိုယ်ဝန်ရရှိလာချိန်တွင် အလုပ်ဆက်လုပ်ရန် မသင့်တော် တော့သည့်အတွက် မြန်မာပြည်ပြန်ရန် ဆုံးဖြတ်ခဲ့ကြသည်။ လွန်ခဲ့သည့် ဧပြီလ (၁၀) ရက်နေ့ကစပြီး လူပို့ပွဲစား (ကယ်ရီ) တစုနှင့် အပေးအယူ သဘောတူညီမှုရယူပြီး စတင်ထွက်ခွာလာခဲ့ကြသည်။

ယခု ဒေါ်ပပတို့မိသားစုသည် ပါတန်မစပ်ဟုခေါ်သည့် ထိုင်း-မလေးရှားနယ်စပ်ရှိ ထိုင်းရဲ အချုပ်ခန်းတခုမှာ ရှိနေပါသည်။ ထိုအချုပ်ခန်းမှာလည်း တခြားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ပြီး လူပို့ပွဲစား (ကယ်ရီ) လက်ချက်ကြောင့် ဗမာပြည်သား အယောက်ပေါင်း (၁၀၀၀) ၀န်းကျင်ခန့် အချုပ်ထဲသို့ ရောက်ရှိနေကြရသည်ဟု ဆိုသည်။ ၎င်းဗမာပြည်သား အားလုံးတို့၏ လွှတ်မြောက်ရာလမ်းတခုတည်းမှာ လူပို့ပွဲစားက ထိုင်းရဲများအား ငွေပေး၍ လာရောက်ရွေးထုတ်မှသာလျှင် အချုပ်ခန်းမှ လွှတ်မြောက်သည်ဟု သူတို့ပြောပြချက်အရ သိရပါသည်။

“လမ်းစရိတ်အတွက် ပွဲစားခက တယောက်ကို (၈၅၀) (မလေးရှား ရင်းဂစ်) အပြီးအပိုင်ပေးပြီး ထွက်လာခဲ့တယ် (၈၅၀) ဆို မြန်မာပြည်အထိပေါ့။ အပြီးအပိုင်ပို့မယ်လို့ ပွဲစားတွေနဲ့ သဘောတူထားတာ၊ ဒါပေမဲ့ ပွဲစားက ဒီမှာတရက်လောက် နေရမယ်ဆိုပြီး ကျမတို့ကို ဒီအချုပ်ထဲမှာ ထည့်ထားတယ်။ မနက်ဖြန်ပို့မယ်၊ ပို့မယ်နဲ့ တရက်ပြီးတရက် အခုထက်ထိ ရက် (၂၀) တောင်ရှိသွားပြီ။ ဘာမှမပြောလာတော့ဘူး” ဟု ကိုယ်ဝန်သည် ဒေါ်ပပ က ပြောသည်။

ယခုကဲ့သို့ အချုပ်ထောင်ထဲသို့ ရောက်ရှိလာသော မလေးရှားမှ မြန်မာပြည်သား အလုပ်သမား များသည် အများအားဖြင့် အလုပ်လုပ်ခွင့် လက်မှတ်မရှိသော သူများဖြစ်သည့်အတွက် လူကုန် လမ်းပို့ပွဲစားများနှင့် မလေးရှားရဲ အာဏာပိုင်များက ပူးပေါင်း၍ မကြာခဏ မြန်မာပြည် အလုပ်သမားများကို လိုက်လံဖမ်းဆီးပြီး ပြန်ပို့ခံရနေသည်ဟု သိရပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံတနိုင်ငံ ပါဝင်နေသည့်အတွက် စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေး အခက်အခဲအမျိုးမျိုးနှင့် အောက်ခြေပြည်သူလူထုများ ရင်ဆိုင်နေရ သောကြောင့် မိသားစုစားဝတ်နေရေးဖူလုံရန် အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်လုပ်ကိုင် စားသောက်နေကြရသည်။ မလေးရှားနိုင်ငံရှိ မြန်မာပြည်သား အလုပ်သမားများသည် ဆောက်လုပ်ရေး၊ စက်ရုံအလုပ်ရုံနှင့် စိုက်ပျိုးရေးလုပ်ငန်းများအပါအ၀င် အောက်ခြေ အလုပ်ကြမ်းများ လုပ်ကိုင်နေကြရပါသည်။

လွန်ခဲ့သည့် ၁၉၉၀ ခုနှစ်မှစ၍ မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အလုပ်အကိုင် ရှာဖွေလိုသည့် အလုပ်သမားများအတွက် အသင့်တော်ဆုံး၊ အဆင်ပြေဆုံး နေရာဒေသတခုအပါအ၀င်ဖြစ်လာခဲ့သလို မြန်မာပြည်မှ နိုင်ငံခြားသို့ထွက်ခွာအလုပ်လုပ်နေသော မြန်မာပြည်သားတို့မှာ သိန်းနှင့်ချီ ရှိခဲ့ပါသည်။ ၎င်းတို့သည် အလုပ်လက်မဲ့ ပြဿနာနှင့် မိသားစုစားဝတ်နေရေး ပြဿနာများအား ဖြေရှင်းရန်အတွက် ရည်ရွယ်ပြီး အများအပြား ရောက်ရှိ လာခဲ့ကြသည်။

သို့သော် ယခုမှာအလုပ်သမား လက်မှတ် မရှိသူများဖြစ်သည့် မြန်မာပြည်မှ နယ်က ကျေးလက် ဒေသနေထိုင်သူအပါအ၀င် တိုင်းရင်းသားလူမျိုးများဖြစ်ကြသော ချင်း၊ ရိုဟင်ဂျာ၊ ရခိုင်၊ မွန်နှင့် ကရင်နီ စသည့်လူမျိုးများ ပါရိှနေသည်ဟု ဆိုကြသည်။

မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာပြည်သားများ အတွက်သည် တရားဝင်နိုင်ငံကူးလက်မှတ်များနှင့် (work permit) အလုပ်လုပ်ခွင့်လက်မှတ် ရှိသူများသည် အနည်းဆုံးသက်တမ်းအားဖြင့် (၃) နှစ်မှ (၄) နှစ် အထိအလုပ်လုပ်ခွင့် ရှိခဲ့ကြသည်။

သို့သော် မြန်မာပြည်သားအများစုတို့သည် ၎င်းတို့အလုပ်ထွက်လုပ်နိုင်ရန်အတွက် ကြိုတင်ပြီး ငွေချေးထားသူတွေလည်း ရှိသည်။ ထိုချေးယူထားသည့် ငွေများကိုပြန်ဆပ်နိုင်ရန်အတွက် လပေါင်း၊ နှစ်ပေါင်း ကြာရှည်စွာ အလုပ်လုပ် နိုင်မှသာလျှင် တွက်ခြေကိုက်မည်ဖြစ်သည်။

ထို့ကြောင့် အချို့သောအလုပ်သမားများသည် မိသားစုအတွက်စုဆောင်းမိရန်နှင့် ချေးငွေများ ပြန်ဆပ်နိုင်ရန် တရားမ၀င်အလုပ်သမားအဖြစ်သို့ ကူးပြောင်းခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် (work permit) အလုပ်လုပ်ခွင့်လက်မှတ်ဖြင့် အလုပ်ရုံများတွင် လုပ်ကိုင်နေကြသော်လည်း အချို့သော အလုပ်ရှင်များမှာ အာမခံချက်၊ ရှင်းလင်းချက် အပြည့်အ၀ ကာကွယ်မှုမပေးသည့်အတွက် မကြာခဏ အာဏာပိုင်တို့၏ ဖမ်းဆီးမှုကို ခံခဲ့ရသောကြောင့် အချိန်ပြည့် အကြောက်စိတ်နှင့် အလုပ်လုပ်နေကြသည်။ ထို ဖမ်းဆီးမှုကို မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကို တင်ပြတောင်းဆိုခဲ့ပါသော်လည်း အရေးတယူ မဆောင်ရွက်ပေးဟု အလုပ်သမားများဆိုသည်။

“ကျနော်က ငရုတ်ကောင်းတို့၊ ငရုတ်သီးမှုန့်တို့ လုပ်တဲ့စက်ရုံမှာလုပ်တာ (၃) နှစ်ရှိပြီ။ တချိန်လုံးငရုတ်သီးမှုန့်တွေ ကိုပဲရှူနေရတော့ ကျနော် မခံနိုင်တော့ဘူးလေ။ မခံနိုင်တော့လို့ ကျနော်အခြားအလုပ်ရှာပြီး ပြောင်းလုပ်မယ်ဆိုတော့လဲ အလုပ်ရှင်က ခွင့်မပြုဘူး။ ခွင့်မပြုတဲ့အတွက် ကျနော့်ဟာ ကျနော်ထွက်ပြီး အပြင်အလုပ်ကို ရှာလုပ်တယ်။ တရားမ၀င်အလုပ်သမား ဖြစ်သွားတာပေါ့။ အလုပ်ရှင်က (work permit) နဲ့မှ ဗီဇာလုပ်လို့ရတယ်လေ။ သူ့အလုပ်ကနေ ခွင့်ပြုချက်မရဘဲ ထွက်သွားတဲ့ အလုပ်သမားကို သူတို့က (work permit) တွေကို သိမ်းလိုက်တယ်။ သိမ်းပြီး သူကရဲတွေနဲ့ သွားတိုင်တယ်ပေါ့၊ ရဲနဲ့ဖမ်းခိုင်း အဲလိုမျိုးတွေလုပ်တယ်” ဟု ဒေါ်ပပမိသားစုနှင့်အတူ ပွဲစားလက်ချက်ကြောင့် အချုပ်ထဲရောက်နေသည့် ကရင်နီပြည်မှ ကယားလူမျိုး တူးရယ်က ပြန်ပြောပြခဲ့ပါသည်။

အသက် (၂၆) နှစ်အရွယ်ရှိ တူးရယ်သည် ကရင်နီပြည်၊ ကျေးလက်ဒေသတနေရာမှာ နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ ၎င်းတို့မိသားစု စားဝတ်နေရေးအတွက် ဖူလုံရန်ရည်ရွယ်၍ လမ်းခရီးစရိတ်များနှင့် လိုအပ်သည့်အကူအညီများအတွက် ကုန်ကျသည့် ငွေကိုချေးယူပြီး မလေးရှားနိုင်ငံသို့ လောဘလောင်းအဖြစ် စွန့်စားထွက်သွားသူတစ်ဦးဟု သိရပါသည်။

လက်ရှိ လူငယ်လေးတူးရယ်နှင့် ကိုယ်ဝန်သည် ဒေါ်ပပတို့မိသားစုအပါဝင် အချုပ်ခန်းမှာ ထောင်နှင့်ချီရှိသော မြန်မာပြည် သားအလုပ်သမား တရားမ၀င် ဖြစ်လာရသည့် အကြောင်းအရင်းသည် မလေးရှားအလုပ်ရှင်တို့၏ မတော်မတရား ဆက်ဆံမှုနှင့် အလုပ်ချိန် များတိုး ချဲ့မှုတို့ကြောင့်ဖြစ်သည်ဟု အလုပ်သမားအများစုက ပြောသည်။ မကြာခဏ အလုပ်သမားနှင့် အလုပ်ရှင်များအကြား အငြင်းအပွားဖြစ်နေသည်ဟုလည်း ဆိုသည်။

ထို့ကြောင့် တရားမ၀င်အလုပ်သမားများကို မလေးရှားအာဏာပိုင် ရဲများကဖမ်းစီး၍ ထိုင်း-မလေးရှားနယ်စပ်သို့ ပို့ဆောင်လေ့ရှိသည်။ မလေးအာဏာပိုင်ရဲများက ဖမ်းဆီးပြီး လူကုန်ပို့ ပွဲစားများလက်ထဲမှတဆင့် အပ်နှံပေးခဲ့သည်။

ထို့အပြင် အာဏာပိုင်ရဲတို့သည် လူကုန်ပို့ပွဲစားများကို တန်ရာ၊ တန်ကြေး အလုပ်သဘောဖြင့် ပေးဆောင်ခဲ့ပြီး ပြန်ပို့ခိုင်းသည်ဟု သိရသည်။ လူကုန်ပို့ပွဲစားများနှင့် ပြန်ပို့ခံရသည့် အလုပ်များတို့သည် အချင်းချင်းတိုင်ပင်ညှိနှိုင်းကြပြီး ငွေရေးကြေးရေး နှစ်ဖက် သဘောတူ ရှိပါက ထိုင်း-မလေးရှား နယ်စပ်ရောက်ရှိချိန်၌ ဗမာပြည်သို့ပြန်လိုသည်ဖြစ်စေ၊ မလေးဖက်သို့ ပြန်သွားလိုသည်ဖြစ်စေ နားလည်မှုရှိကြသည်ဟု ပို့ခံရသူတွေက ပြောသည်။

“မလေးရှားမှာ ဒီလို ကျနော်တို့ကို ပို့ပေးနေတဲ့ ပွဲစားတွေ အများကြီးရှိတယ်။ တချို့က ကောင်းတဲ့ပွဲစားဆို မြန်မာပြည်အထိ ပြန်ပို့ပေးတယ်။ ဒါပေမဲ့ မကောင်းတဲ့ပွဲစားနဲ့တိုးရင်တော့ အခုလိုပဲ ကျနော်တို့ခံရသလိုမျိုး ခံရတယ် လို့ပြောကြတယ်။ ကျနော်လဲ ကျနော့်သူငယ်ချင်းနဲ့ အတူတူပြန်ရရင် ပိုပြီးကောင်းမယ်လို့ဆိုပြီး အခုပွဲစားနဲ့လိုက်လာခဲ့တာ။ အခုမှ မကောင်းတဲ့ပွဲစားနဲ့ တိုးတာကို သိလိုက်ရတယ်။ ဒီလူက မကောင်းဘူးတဲ့အကြောင်းကို အခု ဒီအချုပ်ခန်းထဲကလူတွေ သူ့ကိုအားလုံးက သိတယ်လေ။ မင်းသေရမယ်။ ငါထွက်လာရင် မင်းကိုသတ်မယ်လို့ သူ့ကို ကြိမ်းထားကြတယ်၊ အချုပ်ခန်းရဲ့နံရံတွေပေါ်မှာ သူ့နာမည်တွေ အများကြီးပဲ၊ ရေးထားတာ တွေ့တယ်” ဟု အချုပ်ခန်းထဲမှ ဘ၀တူအပေါင်းအသင်းတွေ ဖြစ်ပျက်ခဲ့သည့်အကြောင်းကို တူးရယ်က ပြန်ပြောပြသည်။

အချုပ်ခန်းထဲသို့ ရောက်ရှိပြီး မြန်မာပြည်သို့ ဆက်လက်ပြန်လိုသည်ဖြစ်စေ၊ မလေးရှားသို့ ပြန်သွားလိုချင်သည်ဖြစ်စေ လူကုန်ပို့ပွဲစားနှင့် အချုပ်အာဏာပိုင်များအား ထွက်လိုသည့် အလုပ်သမားများသည် မလေးရှားငွေ (၁၀၀၀) မှ (၃၀၀၀) ထပ်မံ၍ လာဒ်ထိုးပေး ရသည့်အကြောင်းကိုလည်း အချုပ်ခန်းထဲရောက်ရှိနေသူတို့၏ ပြောပြချက်အရ သိရသည်။

“ကျမတို့ရှေ့မှာ တသုတ်ပြီး တသုတ်ထွက်သွားတာတွေ့ရှိတယ်။ ဘယ်လောက် ဘယ်လောက်ပေးပြီး ဘယ်လိုသဘောတူကြလဲမသိဘူး၊ နာမည်တွေကို ပြောင်းရတယ်တဲ့၊ သူတို့ရဲ့နာမည်တွေကိုပြောင်းပြီး ပွဲစားတွေက လာလာပြီး ခေါ်ထုတ်သွားတယ်။ ကျမတို့ ကျတော့ ပွဲစားကို အပိုင်ပေးထားပြီးပြီလေ။ ပွဲစားက တယောက်ကို (၈၅၀) ဆိုပြီး မြန်မာပြည်အရောက် သဘောတူထားတာ။ ကျမတို့အနေနဲ့ထပ်ပေးဖို့လည်း ငွေမရှိတော့ဘူး၊ ပါလာတာလည်း ဟိုဟာလေးဝယ် ဒီဟာလေးဝယ်နဲ့ကုန်နေပြီ” ဟု ကိုယ်ဝန်သည် ဒေါ်ပပ က ပြောသည်။

ယခုလို စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ ဘ၀နာကြည်းစရာ ကောင်းလှသည့် အချုပ်ခန်းထဲ ရောက်ရသည့်အဖြစ်ကို ဘယ်သူမဆို ကိုယ့်အရေးနှင့်ကိုယ်သာ လွှတ်မြောက်ရန်၊ လွတ်မြောက်ကြောင်း ကြံဆတွေးတောကြမှာပါဘဲ။ သို့သော် ကိုယ်ဝန်သည် ဒေါ်ပပတို့ မိသားစုမှာ ပေးစရာငွေမရှိ၊ ချေးစရာငွေမရှိတော့သည့် ဘ၀မှာ အံကိုကြိတ်မှိတ်ပြီး အိမ်ပြန်ရောက်မည့်နေ့ရက်နှင့် အပြစ်မဲ့ရင်သွေးလေး မွေးဖွားမည့် နေ့ရက်များကို မတွေးရဲ မှာတော့ အမှန်ပေါ့။

ဒေါ်ပပတို့မိသားစု အချုပ်ခန်းထဲမှလွှတ်မြောက်နိုင်ရန်အတွက်သည် အချုပ်အာဏာပိုင်များနှင့် ပွဲစားများအား ငွေပေး၍ ထွက်ရမည့်နည်းလမ်းမှလွဲ၍ အခြားနည်းလမ်းမျိုး ရှိတော့မည် မဟုတ်မှန်း သေချာပါသည်။ သို့သော် ပိုမိုစိုးရိမ်စရာ ကောင်းလှသည့်အကြောင်းတခုက ဒေါ်ပပမှာ လွယ်ထားသည့်ရင်သွေးလေး မဟုတ်လား။

“ကျမတော့ ဒီထဲမှာ ဘယ်လောက်ကြာကြာနေရဦးမလဲ မပြောတတ်တော့ပါဘူး” ဟု ဒေါ်ပပ သည် နောက်ဆုံးအကူအညီမဲ့နေသည့် လေသံမျိုးဖြင့် ပြောပြရင်း အိမ်ပြန်ချိန်ကိုဘဲ ဒေါ်ပပ တစ်ယောက် ဆက်လက်စောင့်မျှော်နေမှာ သေချာလှပါကြောင်း တင်ပြလိုပါသည်။


No comments: