Saturday, December 6, 2008

စစ်တပ်က ၂၀၀၉-၁၀ ခုနှစ်အတွက် စပါးဝယ်ရန် စီစဉ်

Narinjara News

မင်းအောင် (နိရဉ္စရာ) ၂၀၀၉-၁၀ ခုနှစ် စစ်တပ်ရိက္ခာ အတွက် ရခိုင်ပြည်နယ်မှ စပါးဝယ်ယူမည့် အစည်းအဝေး တရပ်ကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်းမြို့တွင် ဒီဇင်္ဘာလ ၃ ရက်နေ့က ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ အစည်းအဝေးအား အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် တင်လိုင်က ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ် မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

အမည်မဖေါ်လိုသူ အရာရှိ တဦီးက “ စစ်တပ်က စပါးကို တိုက်ရိုက် ၀ယ်မယ့် သဘော မဟုတ်ပါဘူး။ မြို့နယ်တွေ အလိုက် ကန်ထရိုက် ပေးပြီး ၀ယ်ယူခိုင်းမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဒါကြောင့် မြို့နယ်တွေ အလိုက် ကိုယ်စားလှယ် တွေကို အမ်းမှာ ပြုလုပ်တဲ့ အစည်းအဝေးကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ အမ်းမြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးသို့ ရခိုင်ပြည်နယ် မြို့နယ်တခုစီမှ မယက ကိုယ်စားလှယ် ၁ ဦး၊ ဆန်စပါး ရောင်းဝယ်ရေး ကုန်သည်ကြီး ၂ ဦးနှင့် ဆန်စက် ပိုင်ရှင်ကြီးများ အသင်းတို့မှ ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် စစ်တပ်အတွက် စပါးဝယ်ယူမည့် ဆန်ကုန်သည်များအား နပခမှ အလုပ်သဘောအရ လေလံ ပေးခဲ့သည်ဟု သိရသည်။

လေလံရရှိသူ ဆန်ကုန်သည်များ အနေဖြင့် မြို့နယ် တခုစီက ဆန်တင်းပေါင်း ၁၅၀၀၀ ကျစီ စစ်တပ်အတွက် ၀ယ်ယူ ရမည် ဖြစ်ပြီး စပါးဈေးကို လက်ရှိ ပေါက်ဈေးအတိုင်း ပေးမည် မပေးမည်ကို မသိရသေးကြောင်း သတင်းတရပ်က ဖေါ်ပြသည်။

စစ်တပ်မှ စပါးဝယ်ယူရန် သတ်မှတ်ထားသည့် မြို့နယ်များမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ သံတွဲ၊ ကျောက်ဖြူ၊ ပေါက်တော၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့မှ ဖြစ်သည်။

ရခိုင်ပြည်နယ်မှ ဆန်စပါးအထွက်ကောင်းသော မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့မှ လွန်ခဲ့သည့်နှစ်များက စစ်တပ် ရိက္ခာအတွက် စပါး တင်းပေါင်း ၃၀၀၀၀ ကျော်အထိ အတင်း အဓမ္မ ၀ယ်ယူခဲ့သည်။

၎င်းအပြင် လွန်ခဲ့သောနှစ်က ပေါက်တောမြို့နယ်မှ တောင်သူ လယ်သမားများက စစ်တပ်အတွက် စပါးဝယ်ရန် လေလံ ရထားသူများသို့ စပါး မရောင်းချခဲ့သဖြင့် နပခတိုင်းမှူး မောင်ရှိန်ကိုယ်တိုင် ပေါက်တောမြို့နယ်သို့ သွားရောက်ပြီး သတ်မှတ်ထားသည့် စပါးတင်းပြည့်အောင် အတင်းအဓမ္မ ၀ယ်ယူခဲ့သည်ဟု သိရသည်။

No comments: