Thursday, December 11, 2008

သဘာဝဓာတ်ငွေ့မရသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်

NEJ/ ၁၁ ဒီဇင်ဘာ ၂၀၀၈


ရန်ကုန်မြို့မှ သဘာဝဓာတ်ငွေ့ အသုံးပြု လျှပ်စစ်ဓာတ်အားပေးစက်ရုံများ သဘာဝ ဓာတ်ငွေ့မရ၍ လည်ပတ်နိုင်ခြင်း မရှိသည့်အတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ကို ခေတ္တရောက်ရှိလာသည့် စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ ရန်ကုန်မှာရှိတဲ့ သဘာဝဓာတ်ငွေ့စက်ရုံ(၄) ရုံနဲ့ စီအန်ဂျီ ကားတွေ အတွက် ထောက်ပံ့ရပါတယ်။ ခုနောက်ပိုင်း ကားတွေအတွက် ထောက်ပံ့ပေးရတာ များလာတာရယ်၊ ထိုင်းကို တင်ပို့တဲ့ သဘာဝဓာတ်ငွေ့ဈေးနှုန်း ကျဆင်းလာတဲ့အတွက် ဘတ်ဂျက်ပြည့်မီဖို့ ပိုပြီး တင်ပို့လာရလို့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ဂက်စ် မထောက်ပံ့နိုင်ဖြစ်ပြီး မလည်နိုင်တော့တာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

ဂက်စ်တာဘိုင်များ မလည်သည့်အတွက် လောလောဆယ် ရန်ကုန်မြို့တွင် လောပိတ ရေအားလျှပ်စစ်မှလာသည့် ဓာတ်အားများကိုသာ မှီခိုနေရပြီး လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့၏ အချို့နေရာများတွင် တနေ့ (၁၂) နာရီခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး အချို့နေရာများတွင်မူ တကြိမ်ကို (၂၄) နာရီမက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံနေရကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

လျှပ်စစ်မီး မရ၍ မြို့ခံများ ရေပြဿနာနှင့် ကြုံရသည့်အပြင် အခြားသော စီးပွားရေးလုပ်ငန်းများကိုလည်း ထိခိုက်နေသည်ဟု သိရသည်။ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းသည် ရန်ကုန်မြို့ကို ပုံမှန်အားဖြင့် တနေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ (၂၅) သန်းကျော် ပေးပို့နေရသည်။ အဆိုပါ ဓာတ်ငွေ့များကို ပြီးခဲ့သည့်နှစ်က မော်တော်ကား (၁၃,ဝဝဝ) အတွက် ဓာတ်ငွေ့ တနေ့ ကုဗပေ (၁၃) သန်းကျော် ပေးပို့ရပြီး၊ ဂက်စ်တာဘိုင်များအတွက် တနေ့ ကုဗပေ (၁၂) သန်းခန့် ပေးပို့သည်။ ယခုနှစ်တွင်မူ ဂက်စ်သုံးသည့် မော်တော်ကား များလာသည့်အတွက် တနေ့ ကုဗပေ (၂၅) သန်းကျော် သုံးစွဲနေ၍ ဂက်စ်တာဘိုင်များအတွက် သဘာဝဓာတ်ငွေ့ခွဲဝေပေးနိုင်ခြင်း မရှိသည့်အတွက့် ယခုကဲ့သို့ စက်ရုံမလည်ပတ်နိုင်မတော့ခြင်း ဖြစ်သည်။

အဆိုပါ အရာရှိကြီးက ဆက်လက်၍ “ကားတွေကို ဂက်စ်မဖြည့်ပေးပါက လူတွေ ဆူပူနိုင်တယ်၊ မီးမပေးနိုင်ရင်တော့ ဘယ်သူမှ မဆူပူဘူး ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ညွှန်ကြားချက်ကြောင့် ကားတွေကိုပဲ ဂက်စ်ပေးနိုင်အောင် ကြိုးစားရတာဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်ကလည်း နိုဝင်ဘာ (၂၂) ရက်နေ့မှစ၍ အဆိုင်း (၃) ဆိုင်းခွဲပြီး အလှည့်ကျ မီးပေးသည့်စနစ် ကျင့်သုံးခဲ့ကြောင်း၊ လက်ရှိအနေအထားမှာမူ မနှစ်ကထက် ဆိုးကြောင်း မြို့ခံများက ပြောပြသည်။

လျှပ်စစ်မီး မပေးနိုင်ခြင်းနှင့် ပတ်သက်၍ နအဖ ပိုင်သတင်းစာများ၌ ရေးသားဖော်ပြခြင်း မပြုသော်လည်း ပြီးခဲ့သည့် (၂၅) ရက်နေ့တွင်မူ ရန်ကုန်စီးတီး အက်ဖ်အမ်ကနေ မွန်ပြည်နယ်၊ ရေးမြို့နဲ့ မိုင် (၂ဝ) အကွာ လမိုင်းကျေးရွာနား၌ ဂက်စ်ပိုက်ပေါက်၍ ပေ (၂ဝ) အရှည် လဲလှယ်ရန် လိုကြောင်း၊ ထို့ကြောင့် (၃) ရက်ခန့် မီးပြတ်တောက်မည် ဖြစ်ကြောင်း လိမ်လည် ကြေညာခဲ့သည့်။

ပြီးခဲ့သည့် နအဖ တတိယ (၄) လပတ်အစည်းအဝေး၌ နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် စီမံကိန်းကြီးများအကြောင်း မစားရဝခမန်း ပြောကြားသွားပြီးနောက် ယခုကဲ့သို့ လျှပ်စစ်မီးများ ဆိုးဆိုးရွားရွား ပြတ်တောက်နေခြင်းဖြစ်သည်။


No comments: