Thursday, December 18, 2008
ကိုကို ... နေ့တိုင်းလာနော်
"ဟိတ် … မလာတာကြာပြီ၊ ဘာလုပ်နေလဲ။ သတိရတယ်။ သဇင်" ဟု ရေးသားထားသော စာရွက် ပြာပြာကလေးကို သူ ရရှိလိုက်ချိန်တွင် ည ၉ နာရီ ထိုးနေခဲ့ပြီ ဖြစ်သည်။ သူ့ကို စာလာပေးသော ဝိတ်တာကလေးက ထွက်ခွာမသွားသေးဘဲ သူ့ဘေးနားတွင် ဆက်ရပ်နေသည်။ စာရွက်ကလေးကို ဖတ်ကြည့်ရင်း သူ လှိုက်ခနဲ ရင်ခုန်သွားစဉ်မှာပင် သူနှင့် တဝိုင်းတည်း ထိုင်နေသူ သူငယ်ချင်းဖြစ်သူက သူ့ထံမှ စာရွက်ကလေးကို တောင်းယူဖတ်ကြည့်သည်။
ဖတ်ပြီးလျှင်ပြီးချင်း ခုံကို သူ့အနားရွှေ့လာကာ "ဟေ့ကောင် ဒါပဲ လုပ်လုပ်" ဟု အားရထက်သန်စွာ သူ့ကို ပြောလေသည်။ သူလည်း လုပ်ချင်ပါသည်။ ဒါပေမဲ့ ဘယ်ကစလုပ်ရမလဲ။ လှုပ်ရှားနေသော စိတ်ကိုထိန်းရင်း သူ့ရှေ့တွင်ရှိသော ပယင်းရောင် တောက်ပနေသည့် ဘီယာဖန်ခွက်ကိုပဲ ငေးနေမိသည်။ နောက်တဂျား ထပ်မှာရဦးမည်။ ဒါပါနဲ့ဆို ဘယ်နှစ်ဂျားပါလိမ့်။ ၄ ဂျားဖြစ်လိမ့်မည်ထင်သည်။ အမြည်းကတော့ နောက်ထပ်မလိုတော့။ သူနှင့် သူ့သူငယ်ချင်း နှစ်ယောက်အတွက် အမြည်း ၄ ပွဲက မကုန်နိုင်မခန်းနိုင် ဖြစ်နေသည်။ စင်ပေါ်တွင်တော့ အဆိုတော် စုလှိုင် (နောင်တွင် kidz4future အဖွဲ့တွင် ပါဝင်သီဆိုသည်) က ခေတ်ပေါ်သီချင်း တပုဒ်ကို သီဆိုဖျော်ဖြေနေသည်။ သူ့အတွေးတို့ကို ဖြတ်လိုက်ရင်း ရပ်စောင့်နေသော ဝိတ်တာကလေးကို ဘီယာထပ်မှာလိုက်သည်။ တဆက်တည်းမှာပင် အဆိုတော်သဇင်မှ သီဆိုပေးပါရန် သီချင်းတပုဒ် သူ တောင်းလိုက်မိသည်။ "မချစ်ရင် မနေနိုင်တာကလွဲလို့" ဖြစ်ပါသည်။
"Table 10 သို့ ကြွရောက်လာသော ဧည့်သည်တော်မှ အဆိုတော် သဇင်အား…." ဟူသော ကြေညာသံကို သူ ကြားလိုက်ရချိန်မှာတော့ Playboy ၏ ညက ပို၍ မြူးကြွသက်ဝင် လာခဲ့ရပြီဖြစ်သည်။ ပုလင်းသံ၊ ဖန်ခွက်သံများကြားတွင် အားလုံးလိုလို၏ မူးယစ်ရီဝေမှုက အရှိန်မြင့်သထက် မြင့်လာနေသည်။ သူ စင်မြင့်ကို လှမ်းကြည့်လိုက်ချိန်မှာတော့ စင်မြင့်ပေါ်သို့ ကြွကြွရွရွလေး လှမ်းတက်လာနေသည့် သဇင့်ကို သူ တွေ့ရသည်။ ထို့နောက် သီချင်း အင်ထရို တီးလုံးနှင့်အတူ သဇင့် တေးသံချိုမြမြက သူ့ထံ စီးမျောလာသည်။ သီချင်းတဝက် နီးပါးရောက်သည်အထိ သဇင် ပန်းကုံး မရသေး။ သည်ည သဇင့်ဧည့်သည်ဆို၍ သူတယောက်တည်း ရှိပုံရသည်။
သူ အမျှင်မပြတ် တွေးနေမိချိန်မှာပင် စောစောက သူ့ကို စာလာပေးသွားသော ဝိတ်တာကလေးက သူ့အနား ရောက်လာပြန်သည်။ ဝိတ်တာကလေး စကားမစမီမှာပင် ပန်းကုံးနှစ်ကုံး ယူခဲ့ရန် သူ ပြောလိုက်မိသည်။ ပြောပြီးမှ သူ အတွေးတခု ဝင်လာသည်။ သည်ည သူ့တွင် ပြိုင်ဘက်မရှိ။ ပန်းကုံးနှစ်ကုံးနှင့်လည်း တင့်တယ်မည် တော့မထင်။ ထို့ကြောင့် သရဖူနှင့် စလွယ်ပါယူခဲ့ရန် သူ ထပ်မှာလိုက်သည်။ ယိုင်တိုင်တိုင် ဖြစ်ချင်နေပြီဖြစ်သော ခြေလှမ်းတို့ကို ထိန်းရင်း ပန်းကုံးစွပ်ရန် သူ စင်ပေါ်သို့ ရောက်ရှိချိန်တွင်တော့ သဇင်က သီချင်းဆိုနေရင်းမှ သူ့ကို မခို့တရို့ ပြုံးပြလေသည်။ သူ့ အမူးရှိန်တို့ ရုတ်တရက် ပြေပျောက်သွားသလို သူ ခံစားလိုက်ရသည်။
ခဏအကြာတွင်တော့ Playboy စားသောက်ဆိုင်၏ ဂီတစင်မြင့် နောက်ဘက်ရှိ အဆိုတော်နှင့် ဧည့်သည်တို့ တွေ့ဆုံရာ အခန်းကျဉ်းကျဉ်း ကလေးထဲတွင် သူနှင့် သဇင် စကားပြောနေမိလေသည်။ မှတ်မှတ်ရရ သည်အခေါက်က Playboy သို့ သူရောက်သည့် ၃ ခေါက်မြောက်ဖြစ်သည်။ ပန်းကုံး စွပ်ဖူးရုံကလွဲ၍ သဇင်နှင့်မူ တခါမှ စကားမပြောဖူးသေး။ သည်အကြိမ်က ပထမဆုံးဖြစ်သည်။ သဇင်က သူ့ထက်တော့ ၂ နှစ်၊ ၃ နှစ်မျှ ကြီးပုံရသည်။ ၂၆၊ ၂၇ လောက်ရှိပြီဟု သူ ခန့်မှန်းမိသည်။ ကျောလယ်အထိ ဝဲကျနေသော ဆံကေသာတို့က အနည်းငယ် ကောက်ထားဟန်ရှိသည်။ သွယ်လျလျ မျက်နှာပေါ်သို့ ဆံနွယ်အချို့က ခပ်ဝဲဝဲကျနေသည်။ Eye shadow ခြယ်သထားဟန်ရှိသော မျက်ဝန်းအစုံက တောက်တောက်ပပ။ ကိုယ်လုံးကိုယ်ပေါက် အချိုးအစားက ပြေပြစ်လှပသည်။ ထိုကဲ့သို့သော သဇင့်ကို သူ စတွေ့ကတည်းက စိတ်ဝင်စားခဲ့မိပါသည်။ စကားပြောနေရင်းမှ "သဇင့်ကို ဒီည ကျနော် အိမ်ပြန်ပို့လို့ ရမလား" ဟု သူ ခွင့်တောင်းမိသည်။ ပုံမှန်ကတော့ ဆိုင်မှ အကြိုအပို့ ကို တာဝန်ယူပါသည်။ သဇင်က သူ့ကို ဘာမှပြန်မပြော။ နှုတ်ခမ်းများကသာ လှပစွာ ကွေးညွှတ်သွားကြသည်။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်မိသည်။
သဇင်နှင့် သူ Playboy စားသောက်ဆိုင်မှ ထွက်လာချိန်တွင် ည ၁၂ နာရီကျော်နေခဲ့ပြီဖြစ်သည်။ သူ့ သူငယ်ချင်း နှစ်ယောက်ကတော့ အလိုက်သိစွာနှင့် ကျန်နေရစ်ခဲ့လေသည်။ သဇင်နေသည်က မင်္ဂလာဒုံ စစ်ဆေးရုံ အလွန်တွင် ဖြစ်သည်။ နည်းနည်းနောနော ခရီးမဟုတ်။ သူ့တွင် အဖော်လည်း တယောက်မှမပါ။ မူးလည်း အတော်မူးနေပြီ။ သဇင်ကတော့ ကားကက်ဆက်မှ တေးသွားအား ညည်းရင်း သူ့နဘေးတွင် သက်တောင့်သက်သာ လိုက်ပါလာသည်။ Playboy ရှိရာ မြေနီကုန်းမဟာမြိုင်နားမှ ထွက်ပြီး ဘာမှမကြာလိုက်။ အမူးဒီဂရီတို့က သူ့ခေါင်းထဲ ဆောင့်တက်လာသည်။ ကိစ္စမရှိ။ သည်ညသည် သူ့ညဖြစ်သည်။ သဇင့်ကို အိမ်ပြန်မပို့မီ သူဘယ်သွားလျှင် ကောင်းမလဲ။ တရုတ်တန်းသို့ ပြန်သွားမလား။ လမ်းတွင်ရှိသော ဆိုင်တဆိုင်မှာပဲ ထပ်ထိုင်မလား။ သူ စဉ်းစားနေရင်းနှင့် လီဗာကို နင်းမှန်းမသိ ဖိနင်းနေမိသည်။
တမိနစ်မျှသာ ကြာသည်ထင်သည်။ သူ နောက်ဆုံး သတိရလိုက်မိသည်က မီးရောင်စုံတို့ဖြင့် တောက်ပနေသော ဦးဝိစာရ အဝိုင်းကြီးက သူ့ထံသို့ ပြေးဝင်လာခြင်းဖြစ်သည်။နောက်ထပ် သတိရမိသည်က သူ့ဘေးမှ သဇင်၏ ထိတ်လန့်တကြား အော်သံ ဖြစ်သည်။ ရှေ့တွင်အဝိုင်းပတ် ရှိသည်ကို သူမေ့လျော့သွားခြင်း။ သူ ဘရိတ်ကို ဖိနင်းပြီး ကားစတီယာရင်ကို ညာဘက်သို့ အလန့်တကြား ဆွဲလှည့်သည်။ မမီတော့။ သူ့ကား ဘယ်ဘက်ခြမ်းနှင့် ဦးဝိစာရအဝိုင်းပတ် ပလက်ဖောင်းတို့ အရှိန်ပြင်းစွာ တိုက်မိသည်။
သူ သတိဝင်လာချိန်တွင်တော့ သူ့ကားက စက်လုံးလုံး ရပ်နေသည်။ ကားမှန်အားလုံး ကွဲကျေသွားခဲ့ပြီ။ ကားဘီးအားလုံး ပြားချပ်နေသည်။ သူ့ကားက တပတ်လည်ကာ မြို့ထဲဘက်သို့ ဦးလှည့်သွားခဲ့သည်။ သူ ရုတ်တရက် ဘာလုပ်ရမည်မသိ။ ပြဿနာတော့ အကြီးအကျယ် တက်ပြီ။ သူ ကားပေါ်မှ ကမန်းကတမ်း ဆင်းလိုက်ချိန်မှာတော့ ခပ်လှမ်းလှမ်းတွင် တာဝန်ကျနေသည့် စစ်သားကလေးက သူ့ဆီလျှောက်လာသည်။ အချိန်သိလို၍ သူ နာရီကို ငုံ့ကြည့်လိုက်သည်။ နာရီလက်တံတို့က ၁၂ နာရီခွဲ တိတိကို ညွှန်ပြလျက်။ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့ ဖြစ်ပါသည်။
ယခင့်ယခင်ကတော့ ညဘက်ညဘက်တွင် သူ့အတွက် အပန်းဖြေနားနေစရာက လမ်းဘေးရှိ ပီဘိ လက်ဖက်ရည် ဆိုင်လေးတွေသာ ဖြစ်သည်။ ၉၀ ပြည့်လွန် နှောင်းပိုင်းကာလများ။ ထိုစဉ်က စင်မြင့်ဖျော်ဖြေမှုနှင့် တွဲစပ်ထားသည့် ဘီယာဆိုင်များလည်း ခေတ်မစားသေး။ သူ မှတ်မိသလောက် အမျိုးသမီးငယ်များ သီဆိုဖျော်ဖြေမှုက သိမ်ကြီးဈေးရှိ စားသောက်ဆိုင်များတွင်သာ အဓိက ရှိသည် ထင်သည်။ ဘီယာ သောက်သုံးသည့် အလေ့အထလည်း နည်းပါးသေးသည့် အချိန်ဖြစ်သည်။
ထိုမှတဆင့် ၉၆၊ ၉၇ ခုနှစ် လောက်မှစ၍ မန္တလေးဘီယာ စတေရှင်များ စတင်ခေတ်စားလာသည်။ စည်ဘီယာတခွက် ၅၀ ကျပ်။ ဘီယာကို ဂျားနှင့် ရောင်းသည့် အလေ့အထလည်း ထိုအချိန်မှ စတင်ထွန်းကားလာသည်။ ထိုအချိန်က ဘီယာစတေရှင်များက ဘီယာနှင့် အစားအသောက် ရောင်းရုံသက်သက်။ စင်မြင့်ဖျော်ဖြေမှုဆိုသည်မှာ ဘာမှန်းမသိသေး။ ထို့နောက်ပိုင်းတွင်မှ မြန်မာစည်ဘီယာ စတင်ပေါ်ပေါက်လာသည်။ မန္တလေး စည်ဘီယာ တစတစ ပျောက်ကွယ်သွားသည်။ ထိုအချိန်ပိုင်းလောက်မှာပင် စင်မြင့်ဖျော်ဖြေမှုနှင့် တွဲစပ်ထားသည့် စားသောက်ဆိုင်များ စတင်ခေတ်စားလာဟု သူ ထင်သည်။ ၂၀၀၀ ပြည့်နှစ်ပိုင်းတွင်တော့ ဘီယာဆိုင်များက ရန်ကုန်မြို့တဝှမ်း မှိုလိုပေါက်လာကြတော့သည်။ ဘီယာဆိုင်ထိုင်သည့် အလေ့အထကလည်း သူနှင့် သူ့သူငယ်ချင်းများ အကြားတွင် စတင်အမြစ်တွယ်လာသည်။
နောက်တနေ့ နေ့လယ်ပိုင်းတွင်မှ ညက တက္ကစီဖြင့် တဦးတည်း ပြန်သွားရသော သဇင့်ထံ သတင်းမေးရန် သူ ထွက်နိုင်ခဲ့လေသည်။ တညလုံးလုံး သူ မအိပ်ခဲ့ရ။ ၅၁ လမ်း ယာဉ်ထိန်းရုံးတွင် အချိန်ကုန်ခဲ့ရသည်။ မနက်ပိုင်းတွင်လည်း သူ့ကားကို ဝပ်ရှော့သို့ ပို့ရန် လုံးပမ်းရင်း အလုပ်များနေခဲ့သည်။ ဦးဝိစာရအဝိုင်းကို ပြန်လည်ပြင်ဆင်ပေးရန်အတွက်လည်း သက်ဆိုင်ရာ အရာရှိနှင့် သွားရောက်တွေ့ဆုံခဲ့ရသေးသည်။ ကိစ္စဝိစ္စအားလုံး ပြီးစီး၍ သဇင့်ထံ သူ ထွက်လာခဲ့ချိန်တွင် နေ့လယ် ၂ နာရီ ထိုးနေခဲ့ပြီဖြစ်သည်။ သဇင်ပေးသွားသော လိပ်စာက မင်္ဂလာဒုံစစ်ဆေးရုံ အလွန်တွင်ဖြစ်သည်။
လမ်းကိုတွေ့၍ သူနှင့် သူ့သူငယ်ချင်း ဝင်လာခဲ့သော်လည်း ကားက လမ်းအဆုံးထိ ဝင်၍မရ။ လမ်းတဝက်မှာပင် ကားဆက် သွား၍မရတော့။ လမ်းက အဖုအထစ် အမို့အမောက်တို့နှင့် ပြည့်နှက်နေသည်။ သူ လမ်းဆင်းလျှောက်ရန် ဆုံးဖြတ်လိုက်ရလေသည်။ ဓနိမိုးထရံကာ အိမ်ကလေးများ၊ သွပ်မိုးပျဉ်ထောင် အိမ်ကလေးများက တံစက်မြိတ်ချင်း ထိဆက်လျက်။ လမ်းထဲ သို့ ခက်ခက်ခဲခဲ ဝင်လာသော ကားကို ကလေးငယ်များက ငေးမောနေကြသည်။ သူ အတော်ကြီး ရှာယူပြီးမှ သဇင့်အိမ်ကို တွေ့လေသည်။ သူ အိမ်ထဲသို့မဝင်တော့။ ခဏနေမှ သဇင် က အိမ်ထဲမှ ထွက်လာသည်။ သူ ရုတ်တရက် မမှတ်မိ။ မပြုမပြင် ပင်ကိုမူလ အတိုင်းတွေ့ရသော သဇင်က စင်မြင့်ပေါ်မှ သဇင်နှင့် အတော်ပင် ကွာခြားနေလေသည်။
အံ့သြစိတ်ကို မျိုသိပ်ရင်း သူယူလာသော လက်ဆောင်ပစ္စည်းတို့ကို ပေးပြီး သဇင့်ကို သတင်းမေးရသည်။ တော်သေးသည်။ သဇင်က ဘာမှမဖြစ်။ ညက အဖြစ်အပျက်အတွက် သူတောင်းပန်တော့ သဇင်က မျက်စောင်းထိုးရင်း ရပါတယ်ဟုသာ ပြန်ပြောလေသည်။ အိမ်ထဲ ဝင်ပါဦးဟု သဇင်က ဖိတ်မန္တက ပြုသေးသော်လည်း သူ ဝင်လိုစိတ်မရှိတော့။ သူ့တွင် နောက်ကြောင်း မအေး။ သူ့ကားရှိရာ ဝပ်ရှော့သို့လည်း ပြန်သွားရဦးမည်။ နောက်မှလာခဲ့ဦးမည်ဟု သဇင့်ကို နှုတ်ဆက်ရင်း အချိုင့်အဝှမ်းတို့နှင့် ပြည့်နှက်နေသော လမ်းကလေးအတိုင်း သူ ပြန်လာခဲ့လေသည်။ လေထဲတွင် ဆောက်ခဲ့မိသော သူ့အိမ်ကလေးက ရုတ်ချည်းပြိုပျက်သွားခဲ့သည်။
Happy New Year ဟူသည့် ဝိုင်းတိုင်းလိုလိုမှ ဟစ်အော်သံများ အဆုံးတွင် ဖန်ခွက်ချင်း တချွင်ချွင် တိုက်သံများက တပြိုင်နက် ထွက်ပေါ်လာလေသည်။ တချိန်တည်းမှာပင် အမူးလွန်နေပြီ ဖြစ်ဟန်ရှိသည့် ရှေ့ဆုံးဝိုင်းမှ လူကြီးတဦးက ဘီယာဂျားကို မ၍ မိုးပေါ်သို့ လှမ်းပက်လိုက်သည်။ ဘီယာမြှုပ်များ ဖွေးခနဲ လွင့်တက်၍ ပြန်ကျလာသည်။ စင်သည့် ဝိုင်းတွေလည်း စင်ကုန်ကြသည်။ ဆဲသံဆိုသံတချို့ ထွက်ပေါ်လာသေးသော်လည်း နှစ်သစ်ဟူသော အသိနှင့် ရယ်မောသံများအောက်တွင် ပြန်လည် နစ်မြှုပ်သွားကြသည်။
၈ မိုင်လမ်းဆုံအကျော်တွင် ရှိသော ဟာရီကိန်း စားသောက်ဆိုင်သို့ သူ ရောက်ရှိနေခြင်း ဖြစ်သည်။ ဟာရီကိန်းက ဖွင့်တာမကြာသေးသော်လည်း တခဏအတွင်း နာမည် တရှိန်ထိုးထွက်လာသည်။ Playboy ၏ ဆိုင်ခွဲဖြစ်သည် ဟုလည်း ပြောသံကြားမိလေသည်။ အတိအကျတော့ သူ မသိ။ သူ သိသည်က Playboy မှ အဆိုတော်ကောင်မလေး အတော်များများ ဟာရီကိန်းသို့ ရောက်ကုန်ကြခြင်း ဖြစ်သည်။ နောက်ထပ် ဟာရီကိန်းဆိုင်ခွဲကတော့ ရွှေဂုံတိုင်လမ်း (NLD ရုံးအကျော်) တွင် တည်ရှိလေသည်။ ဟာရီကိန်းက ထိုစဉ်က ရှိသမျှ ဘီယာဆိုင်များထဲတွင် အကျယ်ဝန်းဆုံး ဖြစ်သည်။ ကားပါကင်က ဆိုင်နောက်ဘက်တွင် ရှိသော ခြံဝန်းကျယ်ကြီးထဲတွင် ဖြစ်သည်။ စားသောက်ဝိုင်းများကတော့ ဆိုင်ရှေ့ဘက်ရှိ မြေကွက်ကျယ်ကြီးပေါ်တွင် ဖြစ်သည်။ ခင်းကျင်းထားသည့် စားပွဲဝိုင်းများကလည်း အတော့်ကိုများသည်။ နောက်ဆုံးဝိုင်းမှ ကြည့်လျှင် စင်မြင့်ပေါ်တွင် မည်သူဖျော်ဖြေနေသည်ကိုပင် သဲသဲကွဲကွဲ မြင်နိုင်စရာမရှိ။ နောက်ထပ် သူသိတာကတော့ အဆိုတော်စုစည်းမှုတွင် ဟာရီကိန်းက အားအကောင်းဆုံး ဖြစ်သည် (ဟာရီကိန်းမတိုင်မီက Playboy ဖြစ်ပါသည်)။
ရုပ်ရည်ရူပကာ ချောမောပြေပြစ်မှုတွင်ကော၊ ဆွဲဆောင်မှုတွင်ပါ ဟာရီကိန်းမှ သမီးပျိုများက အခြားဆိုင်များထက် အနည်းနှင့်အများ ဆိုသလို သာလွန်လေသည်။ သူ ရောက်တတ်ရာရာ တွေးနေမိစဉ်မှာပင် "မြနန္ဒာ" သီချင်းကို ကြား၍ စင်ပေါ် လှမ်းကြည့်တော့ ဆိုင်ရှိ အဆိုတော်အားလုံး စင်ပေါ်တွင် ခေတ်ပေါ် ဝတ်စားဆင်ယင်မှုများဖြင့် မြန်မာအကကို ကနေကြပြီ ဖြစ်သည်။ သည်သီချင်းက ဆိုင်ပိတ်သီချင်း။ စင်မြင့်၏ အလယ်လောက်ဆီတွင်တော့ သူ တွေ့လိုသော တယောက်သောသူကို အခန့်သင့်ပင် တွေ့ရသည်။ ပန်းကုံးများ၏ အလယ်တွင် "မျက်နှာငွေလ ရွှင်ပပ" က "ရယ်ရွှင်ပြုံးတုံ့မပြုံးတုံ့" နှင့်။ သူ ပန်းကုံးစွပ်ရန် စဉ်းစားမိသေးသော်လည်း ဆိုင်ပိတ်တော့မည်ဖြစ်၍ သူ့စိတ်ကူးသူ ဖျက်လိုက်သည်။ ရှိပါစေတော့။ သူ ယာဉ်တိုက်မှု ဖြစ်ပြီးကတည်းက စင်မြင့်ပေါ်တွင် ပထမဆုံး ပြန်တွေ့ရသော သဇင့်ကို သူ တွေတွေ ငေးငေးကြည့်ရင်း ဆိုင်မှထရန် ဆုံးဖြတ်လိုက်သည်။ ဆိုင်အပြင် ရောက်တော့ ၂၀၀၁ ခုနှစ်၏ ပထမဆုံး လေပြည်လေညင်းများက သူ့ကို ဆီးကြိုနေလေသည်။ တနှစ်သစ်ခဲ့ပြန်ပြီ။
"Diamond Crown သို့ ကြွရောက်လာသော ဧည့်သည်တော်များအတွက် အထူးအစီအစဉ်အဖြစ် ကိုချိုကြီး ဦးစီးသော Super Star မော်ဒယ်အေဂျင်စီမှ မော်ဒယ်လေးများရဲ့ Dancing show ကို တင်ဆက်ဖျော်ဖြေပါတော့မယ်ရှင်" ဟူသော ကြေညာသံ အဆုံးတွင်တော့ ဆူဆူညံညံ စကားပြောသံများ၊ ပုလင်းသံခွက်သံများ၊ အတောမသတ် ရယ်မောသံများက မီးကို ရေနှင့် သတ်လိုက်သလို ဖျတ်ခနဲ ငြိမ်းသွားကြသည်။ တခဏချင်းတွင်ပင် ကြိုးတချောင်းအင်္ကျီ၊ ကိုယ်လုံးအလှကို ပေါ်လွင်စေသော အသားကပ် ဘောင်းဘီတို့ဖြင့် ဆွဲဆောင်ချင်တိုင်း ဆွဲဆောင်နေသော မော်ဒယ် ကြည်စုလှိုင်နှင့် ငယ်ငယ်သဉ္ဖာတို့က စင်ပေါ်သို့ တက်လာကြသည်။ သည်ညတော့ သူတို့ နှစ်ယောက်တည်း။ စန္ဒီကိုကို ပါပုံမရ။
ထို့နောက်တွင်တော့ မြူးမြူးကြွကြွ အနောက်တိုင်း တေးတပုဒ်နှင့်အတူ မှိန်လိုက်လင်းလိုက် ဖြစ်နေသော စတိတ်စင် မီးရောင်အောက်မှ မြူးကြွသွက်လက်သော သူတို့နှစ်ယောက်၏ အက က တေးသွားနှင့် စည်းချက်ညီညီ ပေါင်းစပ်လျက် ထွက်ပေါ်လာသည်။ ဝိတ်တာ ကလေးများအပါအဝင် ဆိုင်ထဲရှိ သောက်သုံးသူ အားလုံးက သူတို့နှစ်ဦး၏ ဖျော်ဖြေတင်ဆက်မှုတွင် ပျော်ဝင်နစ်မြှုပ်သွားကြသည်။ ဆေးလိပ်ပြာခြွေရန်ပင် မေ့လျော့နေဟန်ရှိသော ရှေ့ဆုံးဝိုင်းမှ လူကြီးတဦး၏ လက်တွင်းမှ စီးကရက်က ပြာတောင့်အရှည်ကြီး ဖြစ်နေလေသည်။ သူကကော ဘာထူးလို့လဲ။ ဘီယာခွက်ကို လက်မှကိုင်ရင်း မျက်တောင်ပင် မခတ်မိ။ မင်သက်ငေးမော နေမိသည်။ ပြောရမည်ဆိုလျှင် သည်အစီအစဉ်က အားလုံး မျှော်လင့်စောင့်စားနေသည့် အစီအစဉ် ဖြစ်သည်။
ကနဦးပိုင်း စားသောက်ဆိုင်များ ဖွင့်ဖွင့်ချင်းတွင်တော့ သည်အစီအစဉ်မျိုး မရှိခဲ့။ သာမန် စင်မြင့်ဖျော်ဖြေမှု သာရှိခဲ့သည်။ နောက်ပိုင်းတွင်တော့ လာရောက်သောက်သုံးသူ ပုရိသများအား ပိုမိုဆွဲဆောင်နိုင်ရန် Dancer group များအား ငှားရမ်းဖျော်ဖြေလာကြသည်။ အထူးအစီအစဉ် အနေဖြင့်။ နေ့တိုင်းတော့ ရှိသည်မဟုတ်။ အများအားဖြင့် ရှိတတ်သည်က တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေနေ့တွင် ဖြစ်သည်။ တဆိုင်နှင့် တဆိုင်တော့လည်း ထပ်တူထပ်မျှ မရှိ။ အချို့က အင်္ဂါ၊ ကြာသပတေးနှင့် တနင်္ဂနွေနေ့ ဖြစ်သည်။ ထိုနေ့များတွင်တော့ အခြားသော နေ့များထက် သဘာဝကျစွာပင် ဆိုင်တွင် လူများ ပိုမို စည်ကားနေတတ်သည်။ စနေနေ့ဆိုလျှင် Diamond Crown တည်ရှိရာ ပြည်လမ်းမတလျှောက် (ယခုစိန်ဂေဟာနှင့် မျက်စောင်းထိုးတွင် ရှိခဲ့ခြင်းဖြစ်သည်) ရပ်ထားသော ကားတို့နှင့် ကျပ်သိပ်လျက်။ Playboy တွင်လည်း ထို့အတူ။ ထိုစဉ်က နာမည်ကြီးသော အကအဖွဲ့များက ဇာဇာမင်းထက် ဦးစီးသော Angel Power အဖွဲ့နှင့် Super Star မှ ကြည်စုလှိုင်တို့ အဖွဲ့ဖြစ်သည်။ သဇင်သင်းမြခိုင် (နောင်တွင် kidz4future) ၏ အဖွဲ့နှင့် အဆိုတော် သုန္ဒရီ ဦးစီးသော အကအဖွဲ့လည်း အသင့်အတင့် နာမည်ရသည်။ အဖွဲ့အရေ အတွက် အနေနှင့် သိပ်မများသေး။ အရည်အသွေး အနေနှင့်လည်း အတိုင်းအတာတခုအထိ ပြည့်မီသည်ဟု ဆိုရမည်။ နောက်ပိုင်းနှစ်များတွင်မှ အမည်အမျိုးမျိုးဖြင့် အဖွဲ့ပေါင်း မရေမတွက်နိုင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။
သည်ညတော့ သုဝဏ္ဏအားကစားကွင်း အနီးရှိ Eagle Garden တွင် ထိုင်ရန် သူ ဆုံးဖြတ်သည်။ Eagle Garden ဖွင့်သည်မှာ မကြာသေး။ သည်နေရာက လမ်းကြုံလေ့ကြုံထ ရှိသောနေရာ မဟုတ်သောကြောင့် တကူးတက လာရောက်စားသောက် သူတို့သာ ရှိတတ်လေသည်။ သူနှင့် သူ့သူငယ်ချင်း ရောက်သော အချိန်တွင် ဆိုင်တွင် စားသုံးသူ မည်သူမျှမရှိ။ စင်တင်ဂီတဖျော်ဖြေမှုကိုပင် ရပ်ဆိုင်းထားလေသည်။ ည ၈ နာရီပင် ခွဲတော့မည်။ သူတို့ရောက်မှ ဂီတဖျော်ဖြေမှုကို စတင်ရလေသည်။ ၉ နာရီခွဲလောက်တွင် သုန္ဒရီ၏ အကအဖွဲ့ ရောက်လာပြီး Dancing show ကို တင်ဆက်သွားလေသည်။
ကျယ်ဝန်းခမ်းနားလှသော စားသောက်ခန်းမကြီးထဲတွင် သူတို့တဝိုင်းမှအပ အခြားမည်သူမျှ မရှိသောကြောင့် သူ့စိတ်ထဲတွင် အားနာချင်သလိုလိုပင် ဖြစ်လာသည်။ သူကလည်း စားသောက်ဆိုင်ထိုင်တိုင်း စောစောစီးစီး ပြန်လေ့မရှိ။ ဆိုင်ပိတ်သည်အထိ နေတတ်သူဖြစ်သည်။ ည ၁၂ နာရီခန့်တွင်မှ သူ ဆိုင်မှ ထဖြစ်တော့သည်။ ဆိုင်ရှိ အဆိုတော် အားလုံးလည်း အိမ်ပြန်ရန်အတွက် ဆိုင်မှ အကြိုအပို့လုပ်ပေးသော ကားပေါ်သို့ ရောက်နေကြပြီ။ သူ ချက်ချင်း မပြန်ဖြစ်သေးဘဲ ကားပါကင်မှ ဝိတ်တာကလေးနှင့် စကားပြောနေမိသည်။ ထိုစဉ်မှာပင် Prado ကားတစီးက သူ့ကားအနီး ထိုးဆိုက်လာသည်။
ကားပေါ်မှ ဆင်းလာသည်က ဗုဒ္ဓဟူးနံနှင့်စသော နိုင်ငံကျော်မင်းသား။ သူ ငေးနေမိစဉ်မှာပင် ကြိုပို့ကားပေါ်မှ အဆိုတော်ကောင်မလေးက ဖျတ်လတ်သွက်လက်စွာ ခုန်ဆင်းလာသည်။ မင်းသား၏ လက်ကို လှမ်းကိုင်ရင်း ကားပေါ်တက်လိုက်ချိန်တွင် သူကတော့ မင်းသား၏ ထိုစဉ်က ချစ်သူ စနေနံမင်းသမီးကို ဖျတ်ခနဲ သတိရမိလေသည်။ နောက်ဆုံးတော့လည်း ဒါတွေက ဒီလိုပဲပေါ့ ဆိုသည့်အတွေးနှင့် သူ့ကားစက်ကို နှိုးလိုက်ရသည်။ "နောက်လာပါဦးအကို" ဟုပြောရင်း ဝိတ်တာကလေးက လက်ပြကျန်ရစ်ခဲ့လေသည်။
၂၀၀၀ ပြည့်လွန် အစောပိုင်းနှစ်တွေက စင်တင်ဂီတပွဲနှင့် တွဲထားသည့် စားသောက်ဆိုင် လုပ်ငန်းများ အကြီးအကျယ် ဖြစ်ထွန်းအောင်မြင်သည့် နှစ်များ ဖြစ်သည်။ ရန်ကုန်မြို့ အချက်အချာ မီးပွိုင့်များတွင် ဘီယာဆိုင် ကြော်ငြာတွေက တနေ့တမျိုး မရိုးနိုင်အောင် ပလူပျံနေသည်။ ဆိုင်သစ်များကော ဆိုင်ဟောင်းများပါ "အထူးအစီအစဉ်" များကို လှိုင်လှိုင်သုံး၍ သောက်သုံးသူ ပရိသတ်များကို အကြီးအကျယ် ဆွဲဆောင်နေကြသည်။ အလုံဘက်တွင်ဆိုလျှင် နာမည်ကြီးသည့် ဆိုင်က MeII ဖြစ်သည်။ ကန်တော်ကြီး ဘက်တွင်တော့ ဆရာဝန်အသင်းတိုက်ရှိရာတွင် ဖွင့်ထားသည့် Zurich (ယခု Power Light) နှင့် ယင်းလမ်း ပေါ်တွင်ပင်ရှိသော ဘေဘီလုံ (သည်ဆိုင်က နာမည် မကြာမကြာ ပြောင်းသည်) ဖြစ်သည်။ နောက်ထပ်လည်း ရန်ကုန်မြို့နေရာအနှံ့အပြားတွင် အမည်နာမအမျိုးမျိုးဖြင့် ဖွင့်လှစ်ထားသော ဆိုင်တို့က အမြောက်အမြား ဖြစ်သည်။ ကံ့ကော်ရိပ်၊ Star light ၊ Volcano စသည်ဖြင့်။ ကနဦးပိုင်း ဖွင့်သော ဆိုင်များထဲတွင် မပါဘဲ ၂၀၀၂ ကုန်ပိုင်းလောက်တွင်မှ စဖွင့်သော ဆိုင်များကတော့ တာမွေသင်္ချိုင်းဟောင်းနေရာတွင် ဖွင့်ထားသော Relax နှင့် တောင်ဥက္ကလာနှင့် ဘုရင့်နောင်တွင် ဖွင့်ထားသော နန်းထိုက်တော်ဝင်တို့ ဖြစ်သည်။ ၂၀၀၀ မှသည် ၂၀၀၂။ သည် ၃ နှစ်တာကာလက ဘီယာဆိုင်လောက၏ ရွှေခေတ်ဟုပင် ပြော၍ ရပါသည်။
"ယခု ဆက်လက်ဖျော်ဖြေမှာကတော့ မေကဗျာရဲ့ Dancing Show အစီအစဉ် ဖြစ်ပါတယ်" ဟု ကြေညာသံကို ကြားရတော့ သူ အံ့သြသွားမိသည်။ ဆိုင်အဝင်ဝကြေညာသင်ပုန်း တွင်လည်း ဘာမှမတွေ့ခဲ့။ ပြီးတော့ Dancer အဖွဲ့များကို ဖျော်ဖြေခွင့် ပိတ်ပင်ထားခဲ့သည်မှာ ၂၀၀၂ ခုနှစ် နှစ်ဦးပိုင်းကတည်းက ဖြစ်သည်။ ယခု ပြန်ဖွင့်လိုက်ပြီလား။ သူ စဉ်းစားနေတုန်းမှာပင် မေကဗျာ နှင့် သူ့အဖွဲ့ စင်ပေါ်တက်လာသည်။ မေကဗျာ မှလွဲ၍ ကျန်အဖွဲ့ဝင်များက အိန္ဒိယနွယ်ဖွား မိန်းမပျိုများ။ သူ တခါမှ မတွေ့ဖူး၍ စိတ်ဝင်တစားကြည့်ရှု မိသည်။ သူသိ သလောက် အကအဖွဲ့အားလုံးလိုလိုက မြန်မာအမျိုးသမီးငယ်များ သာဖြစ်သည်။
Dancer show များမကြည့်ရသည်မှာ ကြာပြီဖြစ်၍လားမသိ၊ ပရိသတ်ကလည်း တခဲနက် အားပေးကြသည်။ ဆိုင်သစ်ဖွင့်ပွဲ ဖိတ်စာရ၍ သူ ရောက်ရှိနေခြင်း။ တက္ကသိုလ်ရိပ်သာ လမ်းသစ်တွင်ရှိသော ဟောလီးဝုဒ်တွင် ဖြစ်ပါသည်။ သူ ဝိတ်တာကလေးကို ခေါ်၍ Dancer များကို ဖျော်ဖြေခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီလားဟု မေးတော့လည်း ရေရေရာရာ မသိရ။ Dancer များကို ပြန်လည်ခွင့်ပြုခြင်းမဟုတ်၊ မေကဗျာ အဖွဲ့တဖွဲ့တည်းသာ အဆက်အသွယ်ကောင်း၍ ဖျော်ဖြေခွင့်ရခြင်းဖြစ်သည် ဆိုသည်ကိုတော့ နောက် ၃-၄ လကြာမှ သူ့ဘာသာ သိရခြင်း ဖြစ်လေသည်။
သူ ဧည့်သည်တဦးကို လေဆိပ်လိုက်ပို့ပြီး ကမ္ဘာအေးဘုရားလမ်းမကြီးအတိုင်း ပြန်လာချိန်တွင် ၈ နာရီ ခွဲနေခဲ့ပြီ ဖြစ်သည်။ ဆီဒိုးနားကိုကျော်လာပြီး Pink lady ရှေ့ရောက်တော့ သူ ဘီယာသောက်ချင်စိတ် ပေါက်လာသည်။ ငွေပိုးအိမ်နှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်တာလည်း တကြောင်းဖြစ်သည်။ Pink lady က စတိတ်စင်ဘေးတွင် ပန်းခြံကဲ့သို့ ဖြစ်နေသော ကွက်လပ်ကလေး ရှိသည်။ ထိုကွက်လပ်ကလေးရှိ ဝိုင်းများတွင် ဆိုင်ရှိ အဆိုတော်များက ဧည့်သည်များနှင့်အတူ ထိုင်ခွင့်ရှိသည်။ ငွေပိုးအိမ် က Pink lady မှ အဆိုတော်ကောင်မလေး။ သူနှင့်ကတော့ တခေါက်နှစ်ခေါက်ပဲ ထိုင်ဖူးပါသေးသည်။ သူ ကားရပ်ပြီး ကွက်လပ်ကလေးဆီ လျှောက်လာတော့ သည်ည ဧည့်သည် သိပ်မရှိတာ တွေ့ရလေသည်။ သူ ဘီယာတစ်ဂျားနှင့် အမြည်းတပွဲမှာပြီး စီးကရက်တလိပ်ကို သောက်နေမိသည်။ စကားပြောစရာ အဖော်မပါသဖြင့် ကြာတော့ သူ ပျင်းလာသည်။
ငွေပိုးအိမ်ကို သီချင်းတောင်းပြီး ခေါ်ထိုင်ရကောင်းမလား။ သူ စဉ်းစားနေတုန်း မှာပင် သူ့ရှေ့ခပ်လှမ်းလှမ်းရှိ အသက် ၅၀ ကျော်၊ ၆၀ အတွင်း လူကြီးတဦး ထိုင်နေသည့် ဝိုင်းသို့ ငွေပိုးအိမ် လျှောက်လာတာ တွေ့ရသည်။ လက်ကိုင်အိတ် ဖောင်းဖောင်းကြီးနှင့် လက်ကိုင်ဖုန်းက စားပွဲပေါ်တွင် အခန့်သား။ သည်ည သူ ငွေပိုးအိမ်နှင့် ထိုင်ခွင့်မရှိတော့တာ သူ ချက်ချင်းသိလိုက်သည်။ ခဏအကြာ ထိုလူကြီး ဖုန်းပြောနေစဉ်တွင်ပင် ငွေပိုးအိမ်နှင့် သူ အကြည့်ချင်း ဆုံမိကြလေသည်။ ငွေပိုးအိမ်က သူ့ကို ဖျတ်ခနဲ ပြုံးပြသည်။ သူ့အပြုံးက မသက်မသာ အပြုံး။ သည်အပြုံးတွင်ပင် ငွေပိုးအိမ်၏ ငြင်းဆန်ပိုင်ခွင့် မရှိသော ဘဝကို သူ ပြည့်ပြည့်ဝဝ တွေ့လိုက်ရသည်။ သူ အိမ်ကို တန်းပြန်သွားဖို့ ကောင်းသည်။
တဟားဟား ရယ်မောနေသော သူ့ အကိုဝမ်းကွဲကိုကြည့်ရင်း တော်တော်မှန်နေပြီဟု သူ ကောက်ချက်ချ လိုက်မိသည်။ သူကကော ဘာထူးလို့လဲ။ စကားပင် လေးလုံးမကွဲချင်တော့။ စင်ပေါ်မှာတော့ အဆိုတော် ခိုင်ထူး က သီဆိုနေလေသည်။ ဒီဇင်ဘာလမို့ အပြင်ဘက်တွင် အေးစိမ့်နေသော်လည်း ခြံဝန်းအတွင်းတွင်မူ လူငွေ့ကြောင့်လားမသိ၊ နွေးနေသည်။ စိမ်းပြာဝါနီ မီးရောင်စုံတို့က တောက်တောက်ပပ။ တောင်ဥက္ကလာရှိ နန်းထိုက်တော်ဝင်သို့ သူ ရောက်ရှိနေခြင်း။ နန်းထိုက်တော်ဝင်က ၂၀၀၂ ခု နှောင်းပိုင်းမှ ဖွင့်သောဆိုင် ဖြစ်သည်။ အပြင်အဆင် အမွမ်းအမံကို ကြီးကြီးကျယ်ကျယ် လုပ်ထားသည်။ ထိုအချိန်တွင် ဘီယာဆိုင်ယဉ်ကျေးမှုက အတန်ငယ် မှိန်ဖျော့သွားခဲ့ပြီဖြစ်သည်။ ဆိုင်ဟောင်းများ စတင်မှေးမှိန်နေကြပြီ။ သည်အချိန်မှာ နန်းထိုက်တော်ဝင်က အင်နှင့်အားနှင့် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ နောက်ဆိုင်ခွဲတခုက ဘုရင့်နောင်တွင်။ Dancer များကို ပိတ်ပင်ထားပြီး ဖြစ်သောကြောင့် ဆိုင်ရှိ အဆိုတော်များကို အားဖြည့်ထားသည်။ အထူးအစီအစဉ်အနေဖြင့် ပြင်ပမှ နာမည်ကြီး အဆိုတော်များကိုလည်း အပတ်စဉ် ဖျော်ဖြေစေသည်။ သည်မှာပင် နန်းထိုက်တော်ဝင် က တဟုန်ထိုးကျော်ကြား လာခဲ့ရခြင်း ဖြစ်လေသည်။ ဆိုင်မန်နေဂျာနှင့် သိသည်တကြောင်း၊ သူ့တွင် Discount Card ရှိသည်တကြောင်းတို့ကြောင့် သူလည်း မကြာမကြာ ရောက်ဖြစ်ခဲ့လေသည်။
နန်းထိုက်တော်ဝင်၏ စတိတ်စင်က အခြားဆိုင်များကဲ့သို့ စားပွဲဝိုင်းများ၏ ရှေ့ဆုံးတွင် ရှိသည်မဟုတ်။ စားပွဲဝိုင်းများ၏ အလယ်တွင်ရှိသော စတိတ်စင်ဝိုင်းကြီး ဖြစ်သည်။ ခိုင်ထူး၏ ဖျော်ဖြေမှု ပြီးဆုံးတော့ စင်မြင့်ပေါ်သို့ အဆိုတော် ကျော့ကေခိုင် တက်လာလေသည်။ ကျော့ကေခိုင်သည် သူ့အကို ပန်းကုံးစွပ်နေကျ အဆိုတော်ဖြစ်သည်။ ကျော့ကေခိုင် သီဆိုနေချိန်မှာပင် သူ သူ့သူငယ်ချင်းများရှိရာ အခြားဝိုင်းတဝိုင်းသို့ ကူး၍ စကားသွားပြောမိသည်။ သူ သတိရ၍ စင်ပေါ်သို့ တချက်လှမ်းကြည့်လိုက်တော့ ကျော့ကေခိုင်ထံတွင် ပန်းကုံးတွေကော၊ စလွယ်နှင့် သရဖူတွေပါ သူ တွေ့ရလေသည်။ ထို့နောက် နောက်ထပ် သီချင်းတစ်ပုဒ်။ နောက်ထပ် ပန်းကုံးနှင့် သရဖူများ။ သူ့ အကိုဝမ်းကွဲသည် မူးမူးနှင့် လက်လွန်သွားပြီဆိုတာ သူ ချက်ချင်း သဘောပေါက်လိုက်လေသည်။ ဘီလ်ရောက်လာ၍ ကြည့်လိုက်တော့ သီချင်းတောင်းခြင်းနှင့် ပန်းကုံးဖိုးတွေက သူတို့ သောက်ထားစားထားသည်ထက် များနေတာကို တွေ့ရသည်။ ပိုက်ဆံအိမ်ပြန်ယူမှ ဖြစ်ပါတော့မည်။
"ဟုတ်ပါတယ်ခင်ဗျာ။ အခုလို အစီအစဉ်မျိုးတွေဟာ အင်မတန်မှ လိုလည်းလိုအပ်သလို၊ သင့်လည်းသင့်လျော် လှပါတယ်" အစီအစဉ်ကြေညာသူ ရုပ်ရှင်သရုပ်ဆောင် ရန်ပိုင်စိုးက စင်ပေါ်မှ ပြောလိုက်တော့ သူ ရယ်ချင်ပက်ကျိ ဖြစ်သွားမိသည်။ သင့်လျော်လှပါတယ် ဆိုပါလား။ သင့်လျော်သလား၊ မလျော်သလားတော့ မသိ။ ယခုကဲ့သို့သော အစီအစဉ်မျိုးကိုတော့ သူ ဘီယာဆိုင်ထိုင်သည့် သက်တမ်းတလျှောက် ပထမဆုံး ကြုံရခြင်းဖြစ်သည်။ သည်နေ့မှ သူကလည်း ထိုင်နေကျ ဆိုင်တွေတွင် မထိုင်ဖြစ်ဘဲ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ လမင်းစံအိမ်တွင် ထိုင်ဖြစ်လေသည်။ လမင်းစံအိမ်က ကုန်သွယ်ရေးပြခန်းရှိရာ အဆောက်အဦကြီး၏ အပေါ်ဆုံး ခေါင်မိုးပေါ်တွင် ဖွင့်ထားခြင်းဖြစ်သည်။ လေက ဟူးဟူးရားရား တိုက်ခတ်လျက်။
သည်နေရာမှနေ၍ ရန်ကုန်တမြို့လုံးကို ဆီးမြင်နေရလေသည်။ သူ ရန်ကုန် ညရှုခင်းကို အပေါ်စီးမှ ကြည့်နေမိစဉ်မှာပင် သည်အစီအစဉ်နှင့် ကြုံရခြင်းဖြစ်သည်။ အစီအစဉ်က အခြားမဟုတ်။ ဖိတ်ကြားထားသော မော်ဒယ်အဖွဲ့ သုံးဖွဲ့တွင် မည်သည့်အဖွဲ့က ပန်းကုံးပိုရသလဲ ပြိုင်ကြရခြင်း ဖြစ်သည်။ ပထမအချီ catwalk လျှောက်အပြီးတွင်ပင် မော်ဒယ်အဖွဲ့တဖွဲ့က သူတို့ကို ပန်းကုံးစွပ်မည့် Sponsor ဖြစ်သူမလာ၍ ပြိုင်ပွဲမှ နှုတ်ထွက်သွားသည်။ ကျန်သောအဖွဲ့နှစ်ဖွဲ့ အကျိတ်အနယ် ပြိုင်ကြရသည်။ ပထမအဖွဲ့၏ Sponsor က အိန္ဒိယလူမျိုး ဖြစ်ဟန်ရှိသော အသက် ၆၀ ကျော် လူကြီးတဦး။ ဒုတိယအဖွဲ့၏ Sponsor ကတော့ အသားနီစပ်စပ်နှင့် ပုဂ္ဂိုလ်တဦးတို့ဖြစ်သည်။ စင်ပေါ်တွင်ရှိသမျှ ပန်းကုံးပန်းခြင်းများ၊ စလွယ်များ၊ သရဖူများက ပြိုင်ပွဲစပြီး မကြာမီ ပြတ်သွားသည်။ ထို့ကြောင့် စာရွက်ပေါ်တွင် စာရင်းမှတ်ပြီးသာ ပြိုင်ကြရတော့သည်။
၁၃ သိန်းဖိုးခန့် ရှိချိန်တွင်တော့ ပထမအဖွဲ့၏ Sponsor ဖြစ်သူ ဆက်မလိုက်နိုင်တော့။ ဒုတိယအဖွဲ့က ပန်းကုံးတန်ဖိုး ၁၅ သိန်းခန့်ဖြင့် အနိုင်ရရှိသွားသည်။ ဆိုင်ကပေးသည့် ဆုကတော့ ၃ သိန်းတန် စိန်လက်စွပ် ဖြစ်ပါသည်။ ပန်းကုံးဖိုးများကိုတော့ ဆိုင်နှင့် မော်ဒယ်အဖွဲ့ တဝက်စီ သို့မဟုတ် ၆၀/၄၀ စီ ရကြပေလိမ့်မည်။ သည် ပလတ်စတစ်ရောင်စုံ ပန်းဖွားပန်းကုံးတွေက ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ပန်းတွေပါလား။ သူ ကြံကြံဖန်ဖန် တွေးနေမိပါသည်။
သူ့အိမ်နှင့် အနီးဆုံး နေရာတွင် ရှိသော်လည်း အင်ပါယာသို့ သူ ရောက်ခြင်းက သည်တကြိမ် ပထမဆုံး ဖြစ်သည်။ မိုးရွာနေသောကြောင့် အပြင်ဘက်တွင် လူသွားလူလာ သိပ်မရှိ။ ဝါကျင့်ကျင့် လမ်းမီးများအောက်တွင် ပန်းဆိုးတန်းက ငြိမ်ငြိမ်သက်သက် လဲလျောင်းနေသည်။ အင်ပါယာ ဘီယာဆိုင်ရှိရာက ယခင်ကတော့ အမက ၆ မူလတန်းကျောင်းကလေး ဖြစ်သည်။ ၁၉၉၀ နောက်ပိုင်း မည်သည့်နှစ်လဲတော့ သူ မမှတ်မိတော့။ တထပ်တိုက် အလျားရှည်ရှည်၊ အနံကျယ်ကျယ် ကျောင်းကလေးက ဖျက်သိမ်းခံလိုက်ရပြီး ရှည်ရှည်မျောမျော လေးထပ်တိုက် ကျောင်းကလေး ဖြစ်သွားသည်။ ယခင် တပြန့်တပြူး ရှိခဲ့သော စာသင်ခန်းများက ယခု နံရံလေးဘက် အခန်းကျဉ်းကျဉ်း ကလေးများထဲတွင် ဖြစ်သွားသည်။ ယခု အင်ပါယာ ဘီယာဆိုင်က လစ်လပ်သွားသော ကျောင်းမြေနေရာတွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ သူ မူလတန်းပညာ သင်ကြားခဲ့ရာ အမက ၅ ကျောင်းနံဘေးတွင်တော့ ကျော် ဘီယာဆိုင်ကြီးက အခန့်သားနေရာယူ ထားသည်။
သြော် …. ပြောင်းလဲသွားသော ခေတ်၏ မျက်နှာစာများ … အကောင်းလား … အဆိုးလား …. သူ စဉ်းစားနေမိချိန်တွင်ပင် "ညနေစောင်းလာတော့ ဘာလိုလို ညာလိုလို … သောက်နေကျဆိုင်သို့ … သွားစို့ကွယ် သွားစို့ကွယ်" ဟူသော သီချင်းသံက ပျံ့လွင့်လာသည်။ ဆိုနေသူက စန္ဒီ။ စန္ဒီက နုသည်၊ ငယ်သည်၊ လှသည်။ စင်ပေါ်တွင် mood ကောင်းကောင်းနှင့် ပရိသတ်ကို ကောင်းကောင်း ဆွဲဆောင်နိုင်သည်။ ယခု ဆိုနေသည့် သီချင်းကလည်း တကယ့် ဘီယာဆိုင်သီချင်း။ ဘယ်သူက ဘယ်တုန်းက စတင်သီဆိုခဲ့သည်တော့မသိ။ "ရှိတာကို ချွေတာသုံး၊ လုံလောက်အောင် သောက်ကြစို့ကွယ်" တဲ့။ "မူးလာတဲ့အခါ ပြဿနာမရှာနဲ့" တဲ့။ "အိမ်ကိုရောက်တော့ ကိုယ့်ဇနီးမယားနဲ့ ကိုယ့်သမီးသားကို တည့်အောင်ပေါင်းပါကွယ်" ဟု စန္ဒီက သီချင်းကို အဆုံးသတ် လိုက်ချိန်တွင်တော့ ပန်းကုံးတွေတလှေကြီး ရခဲ့ပြီးဖြစ်ပါသည်။ သည်ညကို စန္ဒီပိုင်သည်ဟုပဲ ပြောရတော့မလား … သည်လိုနှင့် ထိုညကလည်း သူ့ထုံးစံအတိုင်း ဆိုင်ပိတ်မှ ပြန်ဖြစ်ခဲ့လေသည်။
သူ အိမ်သို့တော့ ချက်ချင်း မပြန်ဖြစ်သေး။ အင်ပါယာရှေ့ ပန်းဆိုးတန်း လမ်းမပေါ်တွင် စီးကရက်သောက်ရင်း ရပ်နေမိသည်။ ခဏနေတော့ ဆိုင်ထဲမှ စန္ဒီထွက်လာရင်း ဆိုင်ရှေ့ရပ်ထားသော ဆလွန်းကားတစီး ပေါ်သို့တက်သွားတာ သူတွေ့လိုက်သည်။ ထိုစဉ်မှာပင် လူငယ်တဦးက ကားနားကပ်၍ စန္ဒီ့ကို ဘာလဲမသိ သွားပြောလေသည်။ စန္ဒီက ဘာမှပြန်မပြော။ ကားတံခါးကို ဖွင့်၍ဆင်းလာသည်။ ကားပေါ်မှ အခြား လူငယ်တဦးလည်း လိုက်ဆင်းလာပြီး ကားနောက်ဖုံးကို ဖွင့်၍ အထဲမှ ကင်ဒိုဓားရှည်များ ထုတ်လာလေသည်။ ထို့နောက် ထိုလူငယ်က စန္ဒီ့ကို ဓားတချောင်းပေးပြီး သူကိုယ်တိုင် တချောင်းယူကာ စောစောက စန္ဒီ့ကို စကားလာပြောသော လူငယ်နောက်သို့ ပြေးလိုက်သွားသည်။ ရုတ်တရက်မို့ ဆိုင်ရှေ့တွင် အတော်ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
"လုပ်ကြပါဦး လုပ်ကြပါဦး" ဟု ဘယ်သူအော်လိုက်မှန်း မသိသည့် အသံတသံ ထွက်လာသည်။ သူကတော့ ဓားကိုကိုင်၍ ရပ်နေသော စန္ဒီ့ကို ထိတ်လန့်တကြား ကြည့်နေမိလေသည်။ အနုကောအကြမ်းပါ ရသည့် စန္ဒီပါလား။ ခဏနေမှ အခြေအနေက ပြန်ငြိမ်သက်သွားပြီး စန္ဒီတို့ကား ဝူးခနဲ မောင်းထွက်သွားသည်။ သည်တော့မှ သူ သက်ပြင်းချနိုင်တော့သည်။ ထိုအချိန်တွင် မျက်နှာချင်းဆိုင်ရှိ "ကျော်"မှ အဆိုတော်များလည်း ပြန်ကြပြီဖြစ်သည်။ အများစုကတော့ ဆိုင်မှ ကြိုပို့ကားနှင့်။ တချို့ကတော့ လိုက်ပို့ပေးသူတို့၏ ကားပေါ်တွင်။ ဆိုင်မှ ထွက်လာသော ယိုင်တိယိုင်တိုင် ခြေလှမ်းနှင့် လူငယ်လူရွယ်များ၊ စံပယ်ပန်းရောင်းသူ၊ ကွမ်းယာဆေးလိပ် ရောင်းသူများနှင့် ယက်ခြယ်ထားသော ပန်းဆိုးတန်း၏ ညကို သူ ငေးမောကြည့်နေမိပါသည်။ ထိုစဉ်မှာပင် ဟေးခနဲ အော်သံ ထွက်လာသည်။ ကျောက်တံတားတမြို့နယ်လုံး မှောင်အတိကျသွားခဲ့ပါသည်။
"ဒီမှာ ကဗျာဆရာ၊ ရှင်ဘာမှ ကဗျာလိုလို စာလိုလို လုပ်မနေနဲ့၊ ရှင့်ကိုခင်လို့ ပြောတာ၊ သစ္စာတို့ မေတ္တာတို့ ဆိုတာ ရွှေမန်းသဘင်မှာပဲရှိတယ်။ ကျမတို့ကတော့ ရှင်းရှင်းပဲ၊ ကြာပေးမယ်၊ ပဲကျွေးမယ်၊ ပြီးမှ အီကြာထုမယ်" အဆိုတော် နေခြည်နွေးနွေး၏ ဟောဟောဒိုင်းဒိုင်း ပြောသံအဆုံးမှာတော့ သူ မပြုံးဘဲ ဝါးလုံးကွဲ ရယ်လိုက်မိလေသည်။ "ကြာပေးမယ်၊ ပဲကျွေးမယ်၊ အီကြာထုမယ်" တဲ့။ ဘဝထဲမှ လာသော စကားလုံးတွေ မို့လားမသိ။ တိုတိုနှင့် ထိထိမိမိ ရှိလှသည်။ သူက Relax သို့ ရောက်ရှိနေခြင်း။ အမှန်တော့ သည်ည သူ လာလိုစိတ် သိပ်မရှိလှ။ သူ့သူငယ်ချင်း ခေါ်လွန်းသောကြောင့်သာ ပါလာခဲ့ခြင်း ဖြစ်သည်။ Relax မှ သူငယ်ချင်းနှင့် အဖွဲ့ကျနေသူ အဆိုတော် ဆောင်းဝတီမှ သူ့မွေးနေ့ဖြစ်သောကြောင့် လာခဲ့ပါရန် သူငယ်ချင်းကို ဖုန်းဆက်၍ ခေါ်သည်။ သူ့သူငယ်ချင်းတွင် ငြင်းဆန်နိုင်စွမ်း မရှိ။ ယခုလည်း သူ့သူငယ်ချင်း ဆောင်းဝတီနှင့် Relax မှ ဧည့်သည်တွေ့ရာ အခန်းထဲတွင် စကားပြောနေစဉ် သူက ဘားသို့ထလာပြီး သူနှင့် နန်းထိုက်တော်ဝင် ကတည်းက သိကျွမ်းခဲ့သူ အဆိုတော် နေခြည်နွေးနွေးနှင့် စကားကောင်းနေကြခြင်း ဖြစ်သည်။
Relax က ယခင် တာမွေသင်္ချိုင်းဟောင်းနေရာတွင် ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။ ၂၀၀၂ နှောင်းပိုင်းတွင်မှ စတင်ဖွင့်လှစ်ခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် အကြီးအကျယ် အောင်မြင်လာသည်။ ဘာဆွဲဆောင်မှုတွေကြောင့် သည်လောက်အောင်မြင်ခဲ့သလဲ။ ဒါတော့ သူလည်း ရေရေရာရာမသိ။ ဆိုင်ကလည်း သိပ်အကျယ်ကြီးမဟုတ်။ တခြားဆိုင်တွေထက် ပိုတာက ကာရာအိုကေပါ တွဲဖွင့်ထားခြင်း ဖြစ်သည်။ အဆိုတော် စုစည်းမှုတွင်တော့ အလယ်အလတ်တန်းလောက် ဖြစ်သည်။ ပြင်ပမှ အဆိုတော်များကို တပတ် နှစ်ခါလောက် ဖိတ်ခေါ်သီဆိုစေသည်။ သူ အကဲခတ်မိသလောက်က ဒါလောက်ပါပဲ။
အကျိုးပေးကောင်းသည်ဟုပင် ဆိုရတော့မည် ဖြစ်သည်။ သူ ဟိုဟိုသည်သည် စဉ်းစားနေရင်း တဖက်ဝိုင်းကို ကြည့်လိုက်တော့ အဆိုတော် Rဇာနည် တို့ဝိုင်းဖြစ်နေသည်။ သူနှင့်ကပ်လျက်တွင်တော့ မင်းသား ကျော်ရဲအောင် နှင့် လူသုံးလေးယောက် ထိုင်နေသည်။ ခဏနေတော့ ဇော်ဝမ်း ထပ်ရောက်လာတာ သူ တွေ့ရလေသည်။ သည်နေ့တနေ့လုံး ရန်ကုန်မြို့နေရာအနှံ့တွင် သတင်းတပုဒ်ကို တိုးတိုးတိတ်တိတ် ပြောနေခဲ့ကြသည်။ ထိုသတင်းက သည်ဆိုင်ထဲတော့ ရောက်ပုံမရ။ အပြင်ဘက် လက်ဖက်ရည် ဆိုင်ကလေးတွေထဲမှာပဲ ရပ်တန့်သွားခဲ့ပုံရသည်။ သည်အထဲတွင်တော့ ရိုက်ခတ်မှု မယ်မယ်ရရမရှိ။ အားလုံးက မူးယစ်ရီဝေ ရယ်ရယ်မောမော။ သူကကော ဘာထူးလဲ။ သည်အထဲ ရောက်နေခဲ့သည်ပဲ။ သူ့ သူငယ်ချင်းကလည်း ပြန်မလာသေး။ သည်ညတော့ သူ မပြန်ချင်စဖူး အိမ်စောစော ပြန်ချင်နေမိသည်။ ၂၀၀၃ ခုနှစ် မေလ ၃၁ ရက်နေ့ ဖြစ်ပါသည်။
သည်ည သူ့ သူငယ်ချင်းကို ဘယ်လိုက်ပို့ရမည် မသိ။ သူငယ်ချင်းက နိုင်ငံခြားမှ ခေတ္တပြန်ရောက်လာခြင်း ဖြစ်သည်။ သူ ကားကို ဦးတည်ရာမဲ့ မောင်းလာရင်း ကန်တော်ကြီးသို့ ရောက်လာသည်။ ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေပြည်လေညင်းကလေးကြောင့် ညက အေးမြလျက်။ ဆရာဝန်အသင်းတိုက် ရှေ့ရောက်လာတော့ ဒွိဟဖြစ်နေသော စိတ်ကို ပိုင်းဖြတ်လိုက်ရင်း ကားကို ညာဘက်သို့ ကွေ့လိုက်သည်။ သည်ညကိုတော့ Power Light မှာပဲ အဆုံးသတ်လိုက်တော့မည်။
ယခင်ကတော့ သည်နေရာက Zurich ဘီယာဆိုင်၏ နေရာဖြစ်သည်။ ထိုစဉ်ကတော့ အေးအေးဆေးအေး၊ ငြိမ်ငြိမ်သက်သက်။ ၂၀၀၄ ခုနှစ်လောက်အထိ ဖြစ်မည်ထင်သည်။ ယခုတော့လည်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို အသွင်ပြောင်းသွားခဲ့ပြီ။ အဆောက်အဦကို အကြီးစားပြင်ဆင်မှုကော၊ တိုးချဲ့ဆောက်တာတွေပါ ပြုလုပ်ထားလေသည်။ သုံးချင်တိုင်း သုံးထားသော နီနီပြာပြာ မီးရောင်စုံတို့က ပြိုးပြက်တောက်ပလျက်။ စားသောက်ခန်းမထဲတွင် သောက်သုံးသူတို့နှင့် ပြည့်နေသောကြောင့် သူ နှင့် သူ့ သူငယ်ချင်းနေရာအတော် ရှာယူရလေသည်။ အပေါ်ထပ်တွင် ထိုင်နိုင်ရန်လည်း စီစဉ်ထားသည်ကို တွေ့ရသည်။ သီဆိုဖျော်ဖြေရာ စင်မြင့်ကလည်း ကျယ်ကျယ်ဝန်းဝန်း။ ရောင်စုံဆလိုက်မီးတို့ဖြင့် ဝိုးဝိုးဝင်းဝင်း။ အဆိုတော် စုစည်းမှုကလည်း အတော်အားကောင်းသည်။ အားလုံးက ရုပ်ရည်ရူပကာ ချောမောပြေပြစ် ဆွဲဆောင်မှု ရှိကြသူတွေချည်း။ ၁၈၊ ၁၉ ဝန်းကျင် မိန်းမပျိုကလေးများ ဖြစ်သည်။ သူတို့ထဲမှ တချို့က တက္ကသိုလ်အဝေးသင် တက်ရောက်ပညာသင်ကြား နေသူများ။
သူ သတိထားမိတာ တခုက ၂၀၀၀ ပြည့်နှစ် ဘီယာဆိုင်များ စဖွင့်ကာစက ဖျော်ဖြေသူ အဆိုတော်တို့က အသက် ၂၄၊ ၂၅ ဝန်းကျင်တွေ ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ် သိပ်မရှိ။ ယခု ၂၀၀၅၊ ၂၀၀၆ တွင်တော့ ဖျော်ဖြေသူ အဆိုတော်တို့က တကယ့် ငယ်ငယ်ကလေးတွေ ဖြစ်လာသည်။ အချို့ဆိုလျှင် အသက် ၁၆၊ ၁၇ မျှသာ ရှိဦးမည်။ ဒါလည်း ပြောင်းလဲခြင်းပဲပေါ့။ သူ တသီတတန်းကြီး တွေးနေမိစဉ်မှာပင် သီဆိုဖျော်ဖြေနေသူ အဆိုတော်အား ဝိုင်းတဝိုင်းမှ ပန်းကုံးချီးမြှင့်လေသည်။ သည်လို ပန်းကုံးစွပ်ပုံမျိုးကိုတော့ သူတခါမှ မမြင်ဖူး။ စင်ပေါ်တွင်ရှိသမျှ ပန်းကုံးများ၊ ပန်းခြင်းများ အားလုံးကို ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။ ဝိတ်တာကလေး နှစ်ယောက်က ပန်းကုံးများ ချိတ်ဆွဲထားသည့် သစ်သားစင်ကြီး နှစ်ခုကို မနိုင့်တနိုင် မလာပြီး အဆိုတော် ကောင်မလေးဘေးတွင် ချထားလိုက်သည်။ ပန်းခြင်းများကတော့ ရှေ့တွင်။ သည်မျှလောက် များပြားသော ပန်းကုံးများကိုလည်း သူ တခါမျှ မတွေ့စဖူး။ ၁၀ သိန်းဖိုးထက် လျော့မည်မထင်။ ပိုလျှင်သာ ပိုမည်။
အမှန်က သည်ဘက်နှစ်တွေမှာ ပန်းကုံးစွပ်သည့် အလေ့အထက တိမ်ကောခဲ့ပြီဖြစ်သည်။ ယခင်ကကဲ့သို့ မည်သူမှ ပန်းကုံး လှိုင်လှိုင် မစွပ်နိုင်ကြတော့။ သည်ကြားထဲမှ Power Light က ပန်းကုံးအရဆုံး ဆိုင် ဖြစ်နေသည်။ ငြိမ်းခါနီး မီးမို့ပဲ ပိုတောက်နေသည်လား။ သူ တွေတွေငေးငေး စဉ်းစားနေမိပါသည်။
သူ ဆာကူရာရှေ့ ကားရပ်လိုက်တော့ ဝိတ်တာကလေး တယောက်က တံခါးလာဖွင့်ပေးလေသည်။ သည်နေ့ သူ နည်းနည်း နောက်ကျသွားသည်။ သူ့သူငယ်ချင်းများ ရောက်နှင့်နေလောက်ပြီ။ ဆာကူရာက တာမွေ ပလာဇာဘေးတွင်ရှိသော ဘီယာဆိုင်ငယ်လေး ဖြစ်သည်။ နောက်ပိုင်းတွင် ရှုပ်ရှုပ်ထွေးထွေး၊ ဆူဆူညံညံ ဆိုင်ကြီးတွေတွင် မထိုင်ချင်သဖြင့် သူ မကြာခဏ ရောက်ဖြစ်ခဲ့လေသည်။ ဆိုင်ငယ်လေးဖြစ်သည့် အားလျော်စွာ သည်မှာတော့ ဘာဘာညာညာ ကန့်သတ်ချက်တွေမရှိ။ ဆိုင်ရှိ အဆိုတော်များက ဧည့်သည်ဝိုင်းတွင် ကြိုက်သလို ဝင်ထိုင်နေလေသည်။ သူ ရောက်တော့ သူ့သူငယ်ချင်းနှင့် စကားကောင်းနေသော နေခြည့်ကို တွေ့ရသည်။ နေခြည် သီဆိုရန် အလှည့်မကျသေး။
ခဏနေတော့ သူ့နံဘေး ဂျူဂျူ က လာထိုင်ပြီး သူနှင့် စကားပြောရင်း ဘီယာသောက်သည်။ ဂျူဂျူ က သည်ဆိုင်တွင် အသက်အကြီးဆုံး။ ၃၅ နှစ်လောက်ရှိပြီဟု သူထင်သည်။ ဂျူဂျူ့ညီမ နိုနိုကတော့ ၁၇ နှစ်သာ ရှိသေးသည်။ ညီအမ နှစ်ယောက်စလုံး တဆိုင်တည်းတွင် သီဆိုနေကြခြင်း။ နေခြည်တို့ကလည်း ညီအမနှစ်ယောက် ဖြစ်သည်။ ဂျူဂျူတို့နည်းတူ။ ညဆိုင်ပိတ်၍ သူတို့ ပြန်မည်လုပ်တော့ နေခြည်က သူ့သူငယ်ချင်းကို ကပ်၍ ဘာပူဆာနေသည်မသိ။ တွတ်ထိုးနေသည်ကို တွေ့ရသည်။ ခဏနေမှ သူသိသည်။ ကလပ်သွားလိုကြောင်း ပြောနေခြင်း။ သူ အချိန်ကို ကြည့်လိုက်တော့ ၁၂ နာရီသာ ရှိသေးသည်။ ပိုင်အိုးနီးယား သွားရန် သူ ဆုံးဖြတ်လိုက်သည်။
တကယ်သွားတော့ နိုနိုပါ ပါလာလေသည်။ တော်တော်လွတ်လပ်တာပဲ။ ဘယ်သူ့ကိုမှ ဘာမှ ခွင့်တောင်းနေစရာ မလို။ သူ စဉ်းစားနေရင်းမှာပင် ပိုင်အိုးနီးယားသို့ ရောက်လာသည်။ အပေါ်ထပ်သို့ တက်ခဲ့ပြီး ခဏကြာတော့ နေခြည်တို့က ကပွဲခန်းမတွင် သွားကကြလေသည်။ သူနှင့် သူ့သူငယ်ချင်းကတော့ မလိုက်ဖြစ်တော့။ ဆိုဖာပေါ်တွင် ထိုင်ရင်း ကနေသူတွေကိုသာ ငေးနေမိသည်။
ခဏနေတော့ သူတို့ရှိရာ နေခြည် ပြန်ရောက်လာပြီး သူတို့ကို ကရန် ခေါ်သည်။ သူတို့ကငြင်းတော့ ဟိုအကြောင်းသည်အကြောင်း ပြောရင်း နိုနို့အကြောင်း ရောက်သွားသည်။ နေခြည်က အတွင်းသိ အစင်းသိသူ။ နေခြည်ပြောမှ သူ သိရသည်က နိုနိုက ဂျူဂျူ၏ ညီမ မဟုတ်။ သမီးဖြစ်နေသည်။ သြော်…လက်စသတ်တော့ အမေနှင့် သမီးပါလား။ စောစောကပဲ ဂျူဂျူက သူတို့နှင့် ဘီယာသောက်နေခဲ့သေးသည်။ ယခု သူတို့က ဂျူဂျူ့သမီးနှင့် ကလပ်သို့ ရောက်နေပြီ။ ရုပ်ရှင်မဟုတ်၊ ဝတ္ထုမဟုတ်။ စီးကရက်နောက်တလိပ် ကို မီးညှိလိုက်ရင်း သူ ခပ်လှမ်းလှမ်းမှ နိုနို့ကိုသာ ငေးကြည့်နေမိတော့သည်။ တီးလုံးတို့က ပိုပိုမြန်လာသည်။ မှိန်လိုက်လင်းလိုက် ဖြစ်နေသော မီးရောင်များကြား တွင် လူသားတွေ ကနေကြပါသည်။
"နေခြည်တို့က ငရဲသားတွေလေ၊ ငရဲသားတွေ ဖျော်ဖြေနေကြတာ။ စိတ်ထဲ အဲလိုပဲ ထင်မိတော့တယ်" ဟု နေခြည် ပြောခဲ့ဖူးသော စကားကို သူ တခါတခါ ကြားယောင်မိသည်။ "စင်ပေါ်မှာ အရိုးစုတွေ ဘာလုပ်နေကြတာလဲ နေခြည်" ဟု သူ တခါက နေခြည်တို့ Group song သီဆိုနေသည်ကို ရည်ညွှန်းရင်း နေခြည့်ကို စခဲ့ဖူးတော့ နေခြည်က သည်သို့ ပြန်ဖြေခဲ့ခြင်း ဖြစ်လေသည်။
ဒါဆို သူတို့ကကော ဘာတွေလဲ။ သူ ဆက်မစဉ်းစားချင်တော့။ နှစ်တွေက လက်ထဲမှ ဖျတ်ခနဲ လျှောကျသွားကြသည်။ စင်ပေါ်၌ ဖျော်ဖြေနေသူတွေ ပြောင်းသွားသည်။ စင်အောက်၌ အားပေးနေသူတွေ ပြောင်းသွားသည်။ မပြောင်းမလဲ ကျန်နေသည်က သီချင်းသံများ၊ ပယင်းရောင် ဖန်ခွက်များ၊ အတောမသတ် ရယ်မောသံများ၊ ပြိုးပြိုးပြက်ပြက် ရောင်စုံပန်းကုံးများ…..။
ဘယ်အထိ သည်ရေစီးကြောင်း ဆက်စီးမလဲ။ သူ တွေးနေရင်းနှင့် သူ ခပ်ငယ်ငယ် သိမ်ကြီးဈေးတွင် စင်မြင့်ဖျော်ဖြေပွဲနှင့် ယှဉ်တွဲသော ဘီယာဆိုင်များ စတင်ဖွင့်လှစ်စဉ်က မြန်မာ့ရုပ်မြင်သံကြားမှ ကြေညာခဲ့သော သီချင်းကလေးကိုသာ ပြန်သတိရမိတော့သည်။
"ကိုကို နေ့တိုင်းလာနော် … မောင်မောင် နေ့တိုင်းလာနော်" တဲ့။
ကောင်းသော လာခြင်းသာ ဖြစ်ပါစေသတည်း။ ။
ညိုထက်ညို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment