မမခင်
မမခင်တယောက် အခုတလော ရေဒီယိုကို ဖွင့်နားထောင်လိုက်တိုင်း ကြားနေရတာက ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ သံဃာတော် အရှင်သူမြတ်တွေကို မြန်မာနအဖစစ်အစိုးရက ပုဒ်မ (၂၉၅) နဲ့ ထောင်ချနေတဲ့ သတင်းပါပဲ၊ ရေဒီယိုဆိုလို့ စစ်အစိုးရချုပ်ကိုင်ထားတဲ့ ကြပ်ပြေးနေပြည်တော် မြန်မာ့အသံကို ပြောတာမဟုတ်ဘူးနော်။ မမခင်တို့ မျက်စိပိတ် နားပိတ် ဖြစ်နေတဲ့ ပြည်သူတွေရဲ့ နားမျက်စိတွေကို ဆွဲဆွဲဖွင့်ပေးနေတဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေတို့ ဒီဗွီဘီတို့ကိုပြောတာ။ အဲဒီ သတင်းဌာနတွေက လွှင့်ပေးနေတဲ့ သတင်းတွေ၊ တွေ့ဆုံခန်းတွေထဲမှာ ပုဒ်မ(၂၉၅) .. (၂၉၅) နဲ့။
မမခင်တို့က မြန်မာလူမျိုးတွေမို့လား၊ ပုဂံပြည်အစ သာသနာတော်ကြီးအစကတည်းက ဘုရား၊ တရား၊ သံဃာ အဆုံးအမနဲ့ နေလာခဲ့ကြတဲ့ သူတွေဖြစ်လို့ ရုံးတို့ ဂါတ်တို့ဆို ဝေးဝေးကရှောင်ပြီး တတ်နိုင်သမျှ မရောက်အောင် နေလာခဲ့ကြတာ။ ဥပဒေပုဒ်မတွေ၊ ပုဒ်ထီးတွေ သိပ်တော့နားမလည်ပါဘူး။ ကိုယ်က အဲဒီလို ပုဒ်ထီးပုဒ်မတွေနဲ့ မပတ်သက်အောင်နေပေမဲ့ နအဖစစ်အစိုးရက ပြည်သူလူထုကို ကိုယ့်ဟာကို အငြိမ်မနေရ။ လူထုကို အဲဒီပုဒ်ထီးပုဒ်မတွေနဲ့ ချချပြီး လာလာပတ်သက် နှိပ်စက်နေလို့ ဒီကနေ့ ဒီအချိန် မကြားဖူးတဲ့ ပုဒ်ထီး ပုဒ်မတွေကို ကြားသိလာရတာပါ။
အဲဒီ နအဖစစ်အစိုးရက ဆရာတော်၊ သံဃာတော်တွေကို ထောင်ချချနေတဲ့ ပုဒ်မ (၂၉၅) ဆိုတာ ဘာလဲလို့ ဂရုတစိုက်နားစွင့်လိုက်တော့ သာသနာတော်ညှိုးနွမ်းစေတဲ့ ပုဒ်မတဲ့။ မမခင်တို့ဖြင့် မကြားခဲ့ဖူးပါဘူး။ ၂၀၀၇ စက်တင်ဘာလတုန်းက သံဃာတော်တွေက တိုင်းပြည်ထဲမှာ မေတ္တာဓါတ်တွေ နည်းပါးနေလို့ မေတ္တာပို့ကြမယ်လို့ မိန့်တော်မူကြပြီး မြို့ကြီးပြကြီးတွေရဲ့ လမ်းမတွေပေါ်မှာသာမက တိုင်းပြည်အစွန်အဖျားက မြို့ရွာတွေအထိ မေတ္တာပို့ကြတာ ဖူးမြင်ခဲ့ရပါတယ်။ ဆရာတော် သံဃာတော်တွေ လမ်းမပေါ်တန်းစီပြီး ကြွချီတော်မူလာကြတာကို တွေ့တော့ မမခင်တို့ပြည်သူတွေလဲ ဘယ်မှာ နေနိုင်ကြပါမလဲ။ လက်အုပ်ကလေးတွေ ကိုယ်စီချီပြီး ဆရာတော်တွေနောက်က လိုက်ပါခဲ့ကြတာပေါ့။ လိုက်ကြတာမှ တနိုင်ငံလုံး အုံးအုံးကျွတ်ကျွတ်ပါပဲ။ ဒီလောက်များတဲ့လူတွေကို မမခင် မြင်ဖူးတာ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီ အရေးတော်ပုံကြီးတုန်းက တကြိမ်၊ အခုတကြိမ်ရယ် နှစ်ကြိမ်ပဲ မြင်ခဲ့ဖူးပါတယ်။ လူကြီး လူငယ် လူလတ် ယောင်္ကျားကလေး မိန်းကလေး လူမျိုးစုံ။ သိန်းနဲ့သန်းနဲ့တောင် ချီပါလိမ့်မယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်လွှမ်းသွားတဲ့ သံဃာတော်များရဲ့ မေတ္တာပို့ဆုတောင်းပွဲကို နအဖစစ်အစိုးရက လက်နက်နဲ့ ဖြိုခွဲမယ်လို့တော့ မထင်မှတ်ခဲ့ပါဘူး။ စစ်ဗိုလ်ချုပ်ကြီးတွေလဲ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက မွေးလာတဲ့ ဗုဒ္ဓဘာသာတွေပဲလို့ အောက်မေ့မိခဲ့တယ်။ ဗုဒ္ဓဘာသာမှန်ရင် ဘုရား တရား သံဃာ ရတနာသုံးပါးကိုတော့ အထွဋ်အမြတ်ထားရမယ်ဆိုတာကို သိတတ်ကြလိမ့်မယ်လို့ပဲ ယူဆမိခဲ့ကြတာပါ။ ဒါပေမဲ့ လက်တွေ့မှာ မမခင်တို့ ထင်မြင်သလို မဟုတ်ခဲ့ဘူးရှင်။ ပစ်ခတ်လိုက်တာမှ တဒိုင်းဒိုင်းပါပဲ။ ရိုက်လိုက်နှက်လိုက်တာလဲ တဖုန်းဖုန်းပါပဲ။ ဦးဇင်းတွေခေါင်းမှာဆိုရင် ဒဏ်ရာဒဏ်ချက်တွေချည်းပါပဲ။
ဆရာတော် သံဃာတော်တွေရဲ့ မေတ္တာပို့ သံဃာတန်းကြီး စတင်ကြွချီခဲ့တဲ့ အစောပိုင်းရက်တွေမှာ မမခင်တို့ သူငယ်ချင်းအုပ်စုတွေ ရွှေတိဂုံအရှေ့ဘက်မုခ်ဝ၊ တောင်ဘက်မုခ်ဝ၊ သမ္မတရုံရှေ့၊ ဆူးလေလမ်းမ စသဖြင့် သင့်တော်သလို စောင့်မျှော်ဖူးမြင်ခဲ့ကြတာလေ။ ရှေ့ဆုံးက ကြွချီတော်မူလာတဲ့ အသက် (၈၀) ကျော် ဆရာတော်ဘုရားကို ဖူးမြင်ရတိုင်း သြော် ... တို့သာသနာတော်ကြီးက ကိုယ်တော်တွေဟာ တိုင်းသူပြည်သားတွေ စီးပွားရေးကြပ်တည်းတာ ဆင်းရဲငတ်မွတ်တာကို မကြည့်ရက်နိုင် မမြင်ရက်နိုင်လို့ ပြည်သူတွေကိုယ်စား နအဖစစ်အစိုးရသိအောင် ဆောင်ရွက်တော်မူကြပါပေတယ်။ ကြည်ညိုလိုက်တာ။ ဆရာတော်ဘုရားကြီးတွေ အသက်ရှည်လို့ ကျန်းမာချမ်းသာကြပါစေ။ အမျိုးဘာသာ သာသနာအကျိုး ဆထက်ထမ်းပိုး စွမ်းဆောင်နိုင်ကြပါစေလို့ မေတ္တာပြန်ပို့မိပါတယ်။ ဒါပေမဲ့ မမခင်တို့ဆုတောင်း မပြည်ဝခဲ့ပါဘူး။ ရွှေဝါရောင် မေတ္တာပို့ဆုတောင်းပွဲကြီးကို နအဖစစ်အစိုးရက သူတို့အာဏာ ထိပါးလာမယ်လို့ ထင်မြင်ယူဆပြီး ဖြိုခွင်းခဲ့တော့ မမခင်တို့ ဖူးမြင်ခဲ့ရတဲ့ ရှေ့ဆုံးက သက်တော် (၈၀) ကျော် ကိုယ်တော်ကြီးကို ဖမ်းဆီးသွားတာများ မမြင်ရက်စရာပါပဲ။ မမခင်ဖြင့် မျက်ရည်များတောင် ကျမိခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။ ကိုယ့်ကျောင်းမှာကို အေးအေးဆေးဆေး စာပေ ပဋိယတ် ပဋိပတ် လုပ်နေတဲ့ ကိုယ်တော်တွေကိုလဲ ကျောင်းတိုက်တွေထိ ဝင်ရောက်စီးနင်း ရိုက်နှက်ပစ်ခတ် ဖမ်းဆီးခဲ့ကြတာလဲ အများပြည်သူ သိခဲ့ကြတဲ့အတိုင်းပါပဲ။ အဲဒါတွေကို မြင်ရကြားရ သိရပြီးတဲ့နောက် နအဖစစ်အစိုးရတော့ တို့သာသနာတော်ကြီးကို ဖျက်ဆီးနေပြီ၊ စစ်အစိုးရကြောင့် တို့သာသနာတော် ညှိုးနွမ်းရပြီ။ နိုင်ငံရပ်ခြားက တခြားဘာသာဝင်တွေများ မြင်ရကြားရ သိရရင် ရှက်ဖွယ်လိလိပါကလား၊ ကိုယ့်ဘာသာရဲ့ အထွဋ်အမြတ်ကိုတောင် ရက်ရက်စက်စက် လုပ်ရက်ပါလားရယ်လို့ အမြင်စောင်းမှာကို ရင်လေးမိခဲ့ပါတယ်။
လွန်ခဲ့တဲ့ တနှစ်ကျော်က သာသနာတော်အပေါ် မဖွယ်မရာပြုမူခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ယခုတော့ မေတ္တာပို့ကြွချီခဲ့ကြတဲ့ ဆရာတော် သံဃာတော်တွေကို သာသနာတော်ညှိုးနွမ်းပုဒ်မနဲ့ တရားစွဲ ထောင်ချနေပါတယ်။ မခက်ပါကလား။ ဘုရားကားအောက် မြောက်ကားအထက် ပြောင်းပြန်တွေဖြစ်ပျက်နေလို့ မမခင်တော့ အံသြမိပါတယ်။ အဲဒီလိုဖြစ်နေတာကို စိတ်ထဲ ကသိကအောက်ဖြစ်လွန်းလို့ သူတို့ ဖမ်းဆီးထောင်ချထားတဲ့ သံဃာတော်တွေကို ဘယ်လိုအချက်တွေကြောင့်များ စွပ်စွဲခံရစရာ အကြောင်းရှိသလဲလို့ ကိုယ်ကိုးကွယ်တဲ့ ထောင်ထဲက ကိုယ်တော်တွေကို လေ့လာကြည့်မိပါတယ်။ ထောင်ထဲက သံဃာတော်တွေ အားလုံးဟာ ထောင်ထဲမှာလည်းပဲ ဝိနည်းတော်နဲ့အညီ နေထိုင်စားသောက်ကြတယ်လို့ သတင်းရပါတယ်။ စစ်အစိုးရက သင်္ကန်းကို ဇွတ်ဆွဲချွတ်ခဲ့ကြလို့ လူဝတ်နဲ့ နေကြထိုင်ကြရပေမဲ့ တပါးတလေမှ သိက္ခာမချဘဲ လူဝတ်ပုဆိုးကိုပဲ သင်းပိုင်လိုဝတ်ပြီး ရဟန်းတို့ကျင့်အပ်တဲ့ သီလသမာဓိနဲ့ နေထိုင်ကြတယ်လို့ ကြားသိခဲ့ရပါတယ်။
မမခင်က စပ်စပ်စုစုမို့ ထောင်ဝင်စာလာလာတွေ့တဲ့ ရဟန်းအမေ၊ ရဟန်းအစ်မ၊ ရဟန်းနှမတွေဆီ ထောင်ထဲက ကိုယ်တော်တွေက ဘာတွေမှာသလဲ၊ ရဟန်းနဲ့ မအပ်စပ်တာတွေများ အမှာရှိကြသလားလို့ ..... စပ်စုကြည့်တာပေါ့။ သူတို့က ပြောပါတယ်၊ သားကြီး ငါးကြီးတောင်မမှာပါဘူး။ ငါးပိကြော်လေး ငါးခြောက်ကြော်လေးပါ။ အထဲကကိုယ်တော်တွေ မဖြစ်မနေ မှာတာကတော့ “ဘုရားဥပဒေတော်ကြီး” ဆိုတဲ့ စာအုပ်ပါပဲ။ အဲဒီ စာအုပ်က မြတ်စွာဘုရား ချမှတ်ခဲ့တဲ့ ဝိနည်းတွေအကြောင်း အသေးစိတ်ရေးသားထားတဲ့ စာအုပ်ပါ။
အဲဒီလို ဝိနည်းတော်တွေကို ထောင်ထဲရောက်နေတာတောင် မပြတ်မလပ်အောင် လေ့လာမှတ်သား ဆည်းပူးနေတဲ့ ဆရာတော်အရှင်သူမြတ်တွေက သာသနာတော်ကို ညှိုးနွမ်းစေမှာလား။ တကယ်တော့ သာသနာတော်ကြီးက ဘုရားသာသနာ၊ သိကြားသာသနာရယ်လို့ သူ့စာရင်းနဲ့သူ ရှိပြီးသားပါ။ သံဃာတော်တွေ လမ်းလျှောက်မေတ္တာပို့ထွက်ရုံနဲ့လဲ သာသနာတော် မညှိုးနွမ်းနိုင်ပါဘူး။
တကယ်တော့ ၂၀၀၇ မေတ္တာပို့ဆုတောင်းပွဲကြီးက သာသနာတော်ကို ညှိုးနွမ်းစေတာမဟုတ်။ မမခင်သိသလောက် ပြောရရင် ဆရာတော် သံဃာတော်တွေရဲ့ မေတ္တာပို့ဆုတောင်းပွဲကြီးဟာဖြင့် နအဖစစ်အစိုးရရဲ့ အာဏာတော်၊ မဟုတ်ပါဘူးရှင်။ မမခင်မှားသွားလို့ပါ။ အာဏာကို မတော်တရော် သုံးသုံးနေကြလွန်းတဲ့အတွက် အာဏာမတော်တရော် ညှိုးနွမ်းစေတာသာ ဖြစ်ပါကြောင်း။ အဆုံးသတ်မှာ ဘုန်းကြီးတွေကြောင့် သာသနာတော်က မညှိုးနွမ်းပါဘူး။ သူတို့ရဲ့ အာဏာကို မတော်တရော်လုပ်တာတွေပဲ ညှိုးနွမ်းတာဖြစ်ပါတယ်။
No comments:
Post a Comment