Kaowao Newsgroup ဒီဇင်ဘာ ၄၊ ၂၀၀၈။
ဒီဇင်ဘာလ ၁ ရက်နေ့က မော်လမြိုင်မြို့ အမှတ်(၁) ဈေးကြီး မီးလောင်မှုနှင့် ပတ်သက်၍ စတင် လောင်ကျွမ်းခဲ့သည်ဟု ယူဆရသည့် ရုံ(၃)ရှိ မြတ်ဆုမွန် မော်တော်ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင် ပိုင်ရှင် နှင့် မိသားစုဝင်တချို့ကို မီးလောင်မှု ဖြစ်ပွားသည့်ည (၁)နာရီခန့်တွင် အာဏာပိုင်များက နေအိမ်မှ လာရောက် ခေါ်ယူသွားကြောင်း အမည်မဖေါ်လိုသူ မော်လမြိုင်မှ မွန်ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။ ဆိုင်ရှင်အမည်ကို မသိရှိသေးပါ။
ယခု မီးလောင်မှုကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်နေကြရာ ၄င်းဆိုင်ပိုင်ရှင်နှင့် မိသားစုဝင်များ အသက်လုံခြုံရေး အတွက် ဖြစ်နိုင်သည် ဟု ယူဆကြောင်း ဆက်လက် ပြောကြားခဲ့ပါသည်။ သို့သော် ဤကိစ္စကို အာဏာပိုင်များမှ တစုံတရာ ထုတ်ဖေါ်ပြောကြားခဲ့ခြင်း မရှိပါ။
အဆိုပါ မြတ်ဆုမွန် မော်တော်ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်သည် ဈေးပိတ်ခါနီး ရောက်ရှိလာပြီး ဈေးအစောင့်နှင့် နားလည်မှု ရယူ၍ စာရင်းများ ကမန်းကတန်း ပြုလုပ်နေစဉ် အပေါ်အထပ်ခိုးတွင် လျှပ်စစ်မီး မလာသဖြင့် ပစ္စည်းများ စိစစ်ရန် ဖယောင်းတိုင်မီးကို ထွန်းညိထားရာ မီးလောင်သည်ကို သိရှိချိန်တွင် မငြိမ်းသတ်နိုင်တော့သဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့သည်ကို ဈေးစောင့်အချို့ တွေ့မြင်ခဲ့သည် ဟု ဆိုသည်။
မီးလောင်ရာသို့ ဈေးကြီးနှင့် မဝေးလှသည့် မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ကားများ ရောက်ရှိလာရာ မီးသတ်ရန် အထက်အမိန့်ကို စောင့်ဆိုင်းနေကြသည်။ အထင်ကရ စာသင်တိုက်များ ဖြစ်သည့် စိန်မမ ကျောင်းတိုက်၊ ရဲကျောင်းတို့မှ သံဃာတော် အတော်များများ ရောက်ရှိလာကာ ဈေးဝင်းခြံတံခါးတို့ကို အတင်း ဖျက်စီး ဝင်ရောက်၍ မီးငြိမ်းသတ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ ထိုအချိန်ကျမှ ဈေးဆိုင်ပိုင်ရှင်များ ပစ္စည်းအချို့ သယ်ထုတ်နိုင်ခဲ့သည်။ ဈေးနှင့်ကပ်လျက် သံလွင်မြစ်ကြောမှ လေတိုက်ခတ်နေသဖြင့် မီးလောင်ချိန် ၂ နာရီ ဝန်းကျင်အကြာခန့်တွင် ဈေးအနှံ့ ပြာကျသွားသည်။ မီးသတ်ကားများမှာ ဈေးတဖက်တချက်ရှိ သထုံတံတားလမ်း၊ အောက်လမ်းမကြီး၊ ဖက်တန်းလမ်းတို့မှ နေအိမ်များကို မီးမကူးနိုင်ရန် တိုက်နံရံများကိုသာ ရေပက်ဖြန်းပေးနေသည် ဟု မျက်မြင်များက ဆိုကြပါသည်။ မီးငြိမ်း သံဃာတော်အချို့ ဒဏ်ရာရသဖြင့် အပြင်ဆေးခန်းများတွင် ကုသနေကြရသည်။
ဒုတိယအကြိမ် မီးလောင်ပြင်ဖြစ်သွားပြန်သည့် ဤအမှတ်(၁)ဈေးကို အသစ်ပြန်လည် တည်ဆောက်ရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် သာအေးက မွန်ပြန်နယ် စည်ပင်သာယာရေးဌာနကို ညွှန်ကြားထားကြောင်း မွန်ကုန်သည် အသိုင်အဝိုင်းမှ ပြောဆိုနေကြသည်၊ အပေါ်ဈေးအနီး မိုင်ဒါကွင်းတွင် ယာယီဈေး တည်ဆောက်ရန် စီစဉ်နေသည်ဟု ဆိုသော်လည်း ရောင်းစရာ ပစ္စည်းများ မရှိသလာက် ဖြစ်နေသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ၂ ×၂ လက်မ ကော်လံငယ်ဖြင့် အဆိုပါမီးလောင်မှုကို ဖေါ်ပြထားရာတွင် ဆိုင်ခန်းပေါင်း ၁၁၂၄ လောင်ကျွမ်းခဲ့သည် ဟု ဆိုသည်။ ဤဈေကြီးသည် ၁၉၇၆ ခုနှစ်ကလည်း ယခုကဲ့သို့ ပြောင်တလင်းဖြစ်အောင် လောင်ကျွမ်းခဲ့ဘူးသဖြင့် မီးလောင်ပြင်ဈေး ဟု အများက ခေါ်ဆိုခဲ့ကြသည်။
No comments:
Post a Comment