Friday, December 5, 2008
လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ရသစာပေ၏ အခန်းကဏ္ဍ
(၁)
လူ့အဖွဲ့အစည်းရယ်လို့ စပြီးဖြစ်ပေါ်လာပြီး စာပေရယ်လို့ စတင်ပေါ်ပေါက်လာကတည်းက လူသားတွေဟာ သူတို့ရဲ့ အလိုဆန္ဒတွေ၊ အတွေ့အကြုံ အဖြစ်အပျက် ခံစားမှုတွေကို စာပေပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဒီအချက်ဟာ မြင်သာထင်ရှားပြီး ဖြစ်တဲ့အတွက် အကျယ်မတင်ပြတော့ပါဘူး။ လူသားတွေဟာ အက္ခရာစာလုံးတွေကို အသုံးပြုပြီး သူတို့ရဲ့ အလိုဆန္ဒ၊ အတွေ့အကြုံ အဖြစ်အပျက်တွေကို စပြီး ရေးသားလာကြကတည်းက ရေးသားတဲ့ ပုံသဏ္ဍန်ပေါ်မှာ မူတည်ပြီး စာပေပုံသဏ္ဍာန်အမျိုးမျိုး ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။
အဆက်ဆက်က စာပေရေးသားခဲ့ကြသူတွေရဲ့ စာပေတွေကို နှောင်းခေတ်ပညာရှိတွေ၊ ပညာရှင်တွေက ''ဒါကတော့ ဘာစာပေဖြစ်တယ်'' ဆိုပြီး ခွဲခြားမှတ်သားခဲ့ကြ၊ အမည်နာမ တပ်ခဲ့ကြ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ခဲ့ကြတာကြောင့် နောက်ပိုင်း စာပေရေးသားခဲ့သူတွေက ကိုယ်နှစ်သက်ရာ စာပေပုံသဏ္ဍန်ကို ရွေးချယ်အသုံးပြုပြီး သူတို့ဖော်ပြလိုရာ၊ မှတ်တမ်းတင်လိုရာ အကြောင်းအရာတွေကို ဖော်ပြရေးသားခဲ့ကြတာ ဒီနေ့ခေတ်အထိ ရောက်ရှိလာခဲ့ကြပါပြီ။
ဒီနေရာမှာ လွယ်လွယ်နဲ့ ခွဲခြားမယ်ဆိုရင် လူတယောက်ရဲ့ အတွေ့အကြုံ ဒါမှမဟုတ် သူ နေထိုင်ဖြတ်သန်းနေရတဲ့ လူ့အဖွဲ့အစည်းရဲ့ အတွေ့အကြုံ၊ အဖြစ်အပျက်တွေကို သာမန် မှတ်တမ်းတင် ရေးသားတာမျိုး ဒါမှမဟုတ် ရှာဖွေတွေ့ရှိမှုတခု၊ တီထွင်ဖန်တီးမှုတခုကို အများသိရှိအောင် ရေးသားမှတ်တမ်းတင် ဖော်ပြတာမျိုး၊ အသိပညာတခုကို၊ သတင်းအချက်အလက်တခုကို ဖော်ပြရေးသားတဲ့စာမျိုးနဲ့ အဖြစ်အပျက် အကြောင်းအရာအတွေ့အကြုံတခု၊ ခံစားမှုတခုကို တခြားသူတွေလည်း သူ့လို ခံစားလာရအောင် ရေးသားဖော်ပြတာမျိုး၊ စိတ်ကူးဥာဏ်ကွန့်မြူးပြီး တကယ်မဟုတ်ဘဲ အကြောင်းအရာ အဖြစ်ပျက်တခုကို လုပ်ကြံဖန်တီး ရေးသားပြီး တခြားသူတွေရဲ့ ခံစားမှုကို နိုးကြွလာအောင် ဖော်ပြရေးသားတဲ့စာမျိုး ဆိုပြီး ခွဲခြားလို့ ရပါတယ်။ စာသံ ပေသံနဲ့ ရေးသားရရင်တော့ သုတစာပေနဲ့ ရသစာပေ ဆိုပြီး ကွဲပြားသွားပါတယ်။
ဥပမာအားဖြင့် မှတ်တမ်းတင်ဆောင်းပါး၊ လေ့လာသုံးသပ်ချက်၊ ဝေဖန်ချက်၊ သုတေသနစာတမ်း၊ ဖြန့်ကျက်တွေးခေါ်ခြင်း တက်ကျမ်း စတဲ့ စာပေအရေးအသားမျိုးနဲ့ ကဗျာ၊ ၀တ္ထုတို၊ ၀တ္ထုရှည်၊ အက်ဆေး၊ ၀တ္ထုကြီးမျိုးတွေလို စာပေအရေးအသားမျိုးရယ်လို့ ကွဲထွက်လာပါတယ်။
အဲဒီ စာပေအရေးအသား ပုံသဏ္ဍန်နှစ်မျိုးစလုံးဟာ လူ့အဖွဲ့အစည်းကို အကျိုးပြုခဲ့ကြ၊ အကျိုးပြုနေကြဆဲ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း အငြင်းပွားစရာမရှိပါဘူး။
လူတွေဟာ နေ့စဉ်သတင်းတွေ၊ အဖြစ်အပျက်တွေကို သိချင်တယ်။ ဝေဖန်သုံးသပ်ချက်တွေကို ဖတ်ချင်တယ်။ အသစ်ပေါ်ထွက်လာတဲ့ နည်းပညာတွေ၊ တီထွင်မှုတွေ၊ ဆေးဝါးတွေ၊ ကုထုံးတွေ အကြောင်းကို သိချင်မယ်။ ဘ၀အဆင့် တိုးတက်မြင့်မား အောင်မြင်ချင်မယ်။ အဲဒီအခါ လူတွေဟာ သက်ဆိုင်ရာ ဆောင်းပါး၊ စာတမ်း၊ သုတေသနစာတမ်း၊ တက်ကျမ်း စတာတွေကို ရှာဖွေဖတ်ရှုခြင်းအားဖြင့် သူတို့လိုချင်တဲ့ အချက်အလက်တွေ၊ အကြောင်းအရာတွေ၊ ပစ္စည်းတွေနဲ့ နည်းဗေဒတွေကို သိရှိနိုင်ကြပါတယ်။ ဒီအတွက် လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ လူသားတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ ကျေနပ်ပျော်ရွှင်မှု၊ အားတက်ရွှင်လန်းမှု၊ အားမာန်သတ္တိ၊ ဒေါသ၊ အမှန်တရားကို ချစ်မြတ်နိုးမှု၊ တရားမျှတမှု၊ သာတူညီမျှဖြစ်မှု၊ အနုပညာခံစားမှု၊ လူ့ဂုဏ်သိက္ခာ စတဲ့ စိတ်ခံစားမှု၊ ကျင့်ဝတ်သိက္ခာ တန်ဖိုး စတာတွေ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်အောင် စွမ်းဆောင်နိုင်စွမ်းအရာမှာတော့ လုံးဝ မလုပ်နိုင်ဘူးလို့ ပြောလို့မရပေမယ့် လျော့ပါးအားနည်းတယ်လို့ ပြောရမှာပါပဲ။ တနည်းအားဖြင့် လူသားတွေ လိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ တောင့်တမျှော်မှန်းမှုတွေကို သုတစာပေလို့ ခေါ်တဲ့ စာအုပ်စာပေတွေက ဖြည့်ဆည်းမပေးနိုင်ခဲ့ကြပါဘူး။
ဒါကြောင့်ပဲ ကမ္ဘာပေါ်မှာ ရသစာပေရယ်လို့ ပေါ်ထွန်းဖြစ်တည်လာခဲ့တာ ဖြစ်ပါတယ်။ သုတစာပေ၊ ရသစာပေတွေနဲ့ ပတ်သက်ပြီး စနစ်တကျ သုတေသန လုပ်ထားတဲ့ စာတမ်းတွေလည်း အများကြီး ရှိခဲ့ပါပြီ။ မြန်မာနိုင်ငံအတွင်းက စာပေနဲ့ သုတေသနပညာရှင်တွေလည်း စာတမ်းရေးသား တင်သွင်းဖတ်ကြား ထုတ်ဝေခဲ့ကြတာလည်း ကာလအတော်ကြာခဲ့ပါပြီ။ အတော်ကြီး ပြည့်စုံကောင်းမွန်တဲ့ စာတမ်းတွေ ရှိနှင့်ခဲ့ပြီးဖြစ်လို့ မြန်မာပြည်တွင်း စာဖတ်ပရိသတ်တွေအနေနဲ့ ရသစာပေရဲ့ အခန်းကဏ္ဍကို သိရှိနားလည်ထားနှင့်နေပြီလို့ ဆိုရပါလိမ့်မယ်။
(၂)
ကမ္ဘာ့စာပေနယ်ထဲကို ရသစာပေဆိုပြီး စတင်ထွန်းပလာတဲ့အချိန်မှာ နှစ်ပေါင်းများစွာ ရှေ့တန်းက ဦးဆောင်မြင့်တက် ဖွံ့ဖြိုးခဲ့တာကတော့ ကဗျာလို့ ဆိုရပါမယ်။ နန်းမခန်းဆောင်တွေကစလို့ လယ်ကွင်းအဆုံးမှာ ကဗျာလင်္ကာတွေက လွှမ်းမိုးလင်းလက်ခဲ့ပါတယ်။ ကဗျာလင်္ကာရဲ့ ပုံသဏ္ဍာန်တွေဟာလည်း အမျိုးမျိုး ပေါ်ထွက်လာခဲ့ပါတယ်။
ဒါပေမဲ့ ၁၈၃၀ ခုနှစ်တွေ အတောအတွင်းမှာတော့ ကဗျာကို ယှဉ်ပြိုင်အံတုလာတဲ့ အရေးအသား ပုံစံတခု ပေါ်ထွန်းလာခဲ့ပါတယ်။ အဲဒါကတော့ နိုဗယ် (Novel) လို့ခေါ်တဲ့ ၀တ္ထုရှည်ပါပဲ။ ၀တ္ထုရှည်ဟာ ၁၈၄၀ ခုနှစ်ကနေ ၅၀ ခုနှစ်အတွင်း ရောက်တဲ့အချိန် ကဗျာနဲ့ ရင်ဘောင်တန်းနေလောက်အောင် ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ်မှာ Balzaz (1799-1850), အင်္ဂလန်မှာ Sin Walter Scott (1771-1832), အမေရိကားမှာ James Fenimore Copper (1789-1851), နောက်ပိုင်း ပြင်သစ်မှာ Emile Zola (1840-1902) စတဲ့ သူတွေဟာ ၁၈၇၅ ခုနှစ်ကနေ ၁၉၆၅ ခုနှစ် ကာလလောက်အထိ ၀တ္ထုရှည်ဆရာတွေအဖြစ် သြဇာကြီးမား လွှမ်းမိုးနိုင်ခဲ့ကြသလို ၀တ္ထုကောင်းကြီးတွေလည်း အစုလိုက်အပြုံလိုက် ပေါ်ထွက်လာခဲ့ကြပါတယ်။ အဲဒီအချိန်က ကမ္ဘာကျော် ၀တ္ထုရှည် ဆရာ၊ ဆရာမကြီးတွေရဲ့ ဇာတ်အိမ်နောက်ခံ သမိုင်း၊ လူထု စီးပွားရေးစနစ်နဲ့ ဇာတ်ကောင် စရိုက်တွေဟာ စာဖတ်ပရိသတ်တွေရဲ့ အတွင်းစိတ် အဇ္ဈိတ္တထဲအထိ လွှမ်းမိုးစွဲထင် သွားစေခဲ့ပါတယ်။ နေ့စဉ် လူမှုဘ၀ နေထိုင်ပုံ၊ တွေးခေါ်စဉ်းစားပုံ၊ တန်ဖိုးဖြတ်ပုံ၊ ကိုယ်ကျင့်သိက္ခာ စတဲ့ လူ့ဘ၀ရဲ့ အရေးပါတဲ့ အချင်းအရာတွေအထိ သြဇာသက်ရောက် ရိုက်ခတ်ခဲ့ကြပါတယ်။
အဲဒီအချိန်မှာ ရသစာပေ အရေးအသားမဟုတ်တဲ့ စာပေတွေမှာလည်း သူ့ဖွံ့ဖြိုးတိုးတက်မှုနဲ့သူ ရှိနေခဲ့ပါတယ်။ သတင်းဆောင်းပါးတွေ ဆိုရင်လည်း ထုံးစံအတိုင်း `ဘ' ၆ လုံး (5w & h) ပုံစံနဲ့ အချက်အလက် အဖြစ်အပျက်ကိုပဲ အဓိကထားပြီး နောက်ခံအခင်းအကျင်း ရှုခင်းရှုကွက်တွေကို လျစ်လျှူရှု ရေးသားလေ့ရှိကြပါတယ်။ လူတွေဟာ အချက်အလက် အဖြစ်အပျက်တွေကို အချက်အလက်အဖြစ်အပျက်တွေ အဖြစ်ပဲ ဖတ်ရှုသိရှိ လက်ခံခဲ့ကြပါတယ်။
ဒါပေမဲ့ ၁၉၆၀ ခုနှစ်လောက်မှာတော့ အဲဒီလို သမားရိုးကျ ရေးဟန်ကနေ ဖောက်ထွက်ပြီး သတင်းအချက်အလက် ဆောင်းပါးရေးဖွဲ့မှုပုံစံ အသစ်တရပ် ပေါ်ထွက်လာခဲ့ပါတယ်။ ရေးသားသူတွေဟာ နောက်ခံ အခင်းအကျင်း၊ ရှုခင်းရှုကွက်ကို အသေးစိတ် ရေးခြယ်ဖွဲ့နွဲ့ပြီး သတင်းအချက်အလက်ရဲ့ မြင်ကွင်းကို ပိုပြီး ကျယ်ပြန့်အားကောင်းလာအောင် ရေးသားလာခဲ့ကြပါတယ်။
အဲဒီအချိန်မှာ သမားရိုးကျ သတင်းသမားတွေက ''ဒါဟာ သတင်းအရေးအသားမဟုတ်ဘူး၊ ၀တ္ထုဆန်တယ် ရသဆန်တယ်'' ဆိုပြီး နှာခေါင်းရှုံ့ခဲ့ကြပါတယ်။ ၀တ္ထုရေးဆရာတွေကလည်း ''ဒါ ၀တ္ထုမဟုတ်ပါဘူး။ သတင်း ဆောင်းပါးရှည်ကြီးတွေပါ'' လို့ ဆိုခဲ့ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူတွေကပဲ ရှုတ်ချ နှာခေါင်းရှုံ့ကြပါစေ၊ ၆၀ ခုနှစ် နောက်ပိုင်းကာလတွေမှာတော့ အဲဒီအရေးအသား ပုံစံသစ်ဟာ စာဖတ်ပရိသတ်ရဲ့ လက်ခံမှုကြောင့် ထွန်းကားကျယ်ပြန့်လာခဲ့ပါတယ်။ လူတွေ အာရုံထားတဲ့ အရေးအသား ပုံစံသစ် ဖြစ်လာခဲ့ပါတယ်။
တကယ်တော့ ဒီအရေးအသား ပုံစံသစ်ဟာ ၁၉၆၀ ခုနှစ်ပိုင်းရောက်မှ လူတွေ ဂရုပြုအလေးထားရတဲ့ အခြေအနေကို ရောက်ရှိခဲ့ပေမယ့် ၁၉၅၀ ခုနှစ်တွေ ကတည်းကစပြီး သန္ဓေတည်လာခဲ့တာပါ။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားက သတင်းထောက် ရစ်ချက်ရေးမင်းနဲ့ အပေါင်းအပါ သတင်းထောက်အချို့က ဒီအရေးအသားမျိုးတွေကို စမ်းစစ်ရေးသားနေခဲ့ကြပါပြီ။ သူတို့ဟာ အဲဒီအရေးအသားကို ၁၈ ရာစု အစပိုင်းလောက်က ထွန်းကားခဲ့တဲ့ ခရီးသွား စာပေအရေးအသားက နည်းခံအတုယူ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၆၀ နှစ်ဦးပိုင်းမှာ Breslein က ဒီအရေးအသား ပုံစံသစ်ကို Esquire မဂ္ဂဇင်းမှ စတင်ရေးသားခဲ့ကြပြီး နောက်ပိုင်းမှာ Newyorker နဲ့ True မှာလည်း အဲဒီအရေးအသားမျိုးတွေ ထည့်သွင်းလာခဲ့ကြပါတယ်။
၁၉၆၅ ခုနှစ်ထဲမှာ Trueman Capote က Newyorker မှာ In Cold Blood လို့ နာမယ်တပ်ပြီး ရေးသားလိုက်တဲ့ အခါမှာတော့ စာပေလောကတခုလုံး ပွက်လောရိုက်သွားပြီး ၀ိုင်းဝန်းရှုတ်ချခဲ့ကြပါတယ်။ တချို့က `မျိုးမစစ် စာပေ´ တချို့က `စာနယ်ဇင်း ပညာတု´ လို့ ရှုတ်ချခေါ်ဝေါ်ခဲ့ကြပါတယ်။ Trueman ကိုယ်တိုင်ကလည်း သူ့စာပေကို `စိတ်ကူးယဉ် မဟုတ်သော ၀တ္ထုရှည်´ (Nonfiction Novel) လို့ အမည်တပ်ခဲ့ပါတယ်။
Hunter Thompson ရဲ့ "Hell's Angles" ဆိုရင် မော်တော်ဆိုင်ကယ်စီး လူငယ် ဒုစရိုက်ဂိုဏ်း တခုထဲကို ဂိုဏ်းဝင်အဖြစ် ၁၈ လလောက် ၀င်နေပြီး၊ သတင်းအချက်အလက် စုဆောင်းခဲ့ပြီး ပေါ်သွားလို့ မသေရုံတမယ် အရိုက်အနှက်၊ အထိုးအကြိတ် ခံပြီးမှ ရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ သူ့ရဲ့ အဲဒီ "The Strange and Terrible Saga of the Outlaw Motorcycle Gang" ဆိုတဲ့ စာအုပ်က 'အကောင်းဆုံး အလွတ်သတင်းထောက်ဆု´ ချီးမြှင့်တာကို ခံခဲ့ရပါတယ်။
ဒီအချက်အလက်တွေကို ကျနော် တင်ပြလိုရင်းက ရိုးရိုး သတင်းအချက်အလက်တွေကို စာဖတ်သူတွေကို အသိပေးဖို့ ရေးသားတဲ့ သုတစာပေ အရေးအသားကနေ စိတ်ကူးယဉ် ဖန်တီးမှု မဟုတ်ဘဲ တကယ့်ဖြစ်ရပ်မှန် အချက်အလက်မှန်တွေကို ရသစာပေ ရေးဟန်နဲ့ အနုစိတ် ခြယ်မှုန်းရေးဖွဲ့လိုက်တဲ့အခါ စာပေပရိသတ်ရဲ့ အသိအမြင်ကို တိုးပွားစေရုံသာ မဟုတ်ဘဲ၊ ခံစားမှုအရပါ နှိုးဆွလှုံ့ဆော်ပေးလိုက်နိုင်ပြီး ရင်ထဲအထိ စွဲမြဲတင်ကျန်ရစ်အောင် ဖန်တီးနိုင်လာတယ် ဆိုတာကို ပြောချင်တာပါ။
'The New Journalism' စာအုပ်ကို ရေးသားခဲ့သူနှစ်ဦးမှာ တဦးဖြစ်တဲ့ သတင်းစာဆရာ 'Tom Wolfe' က '၂၀ ရာစုတခုလုံး စာပေလောကဟာ သမရိုးကျ စာပေအမျိုးအစားတွေနဲ့ပဲ ခပ်အေးအေး ရပ်တည်ခဲ့ကြတယ်။ စာပေလောကရဲ့ သတ်မှတ်ချက်တွေဟာလည်း ၁၈ ရာစုခေတ်က လူတန်းစား သတ်မှတ်ချက်တွေအတိုင်းပဲ ရှိနေခဲ့တယ်။ စာပေလောကရဲ့ အမြင့်ဆုံးအထက်လွှာမှာ ၀တ္ထုရေး စာရေးဆရာတွေ ရှိခဲ့ကြတယ်။ ပြဇာတ်ဆရာနဲ့ ကဗျာဆရာတွေလည်း အဲဒီအလွှာမှာ ပါဝင်ကြတယ်။ သူတို့သည်သာ စာပေရေးသားသူ၊ စာပေအနုပညာရှင်တွေ ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။ သူတို့သာလျှင် လူသားရဲ့ ၀ိဥာဉ်အတွင်းပိုင်းကို ၀င်နိုင်ခွင့် ရှိကြတယ်။ လူသားရဲ့ စိတ်လှုပ်ရှားမှု၊ ခံစားမှု၊ လျှို့ဝှက်ဆန်းကျယ်မှုတွေထဲကို သူတို့သာလျှင် ဖြန့်ကျက်နိုင်ခွင့် ရှိတယ်လို့ သတ်မှတ်ခဲ့ကြတယ်။
`အလတ်လွှာ´ ကတော့ စာပေပညာရှင်လို့ ခေါ်ကြတဲ့ အက်ဆေးဆရာတွေ၊ ဝေဖန်ရေးဆရာတွေ၊ အတ္ထုပတ္တိရေးဆရာ၊ သမိုင်းပညာရှင်နဲ့ သိပ္ပံပညာရှင်တွေ ပါဝင်တယ်လို့ သတ်မှတ်ထားကြတယ်။ `စိတ်ကူးစာပေ´ မဟုတ်တဲ့ နယ်ပယ်မှာတော့ သူတို့ဟာ သရဖူမဆောင်းတဲ့ ဘုရင်ငယ်တွေပဲလို့ သတ်မှတ်ခဲ့ကြပါတယ်။
သတင်းစာသမား ဂျာနယ်လစ်တွေကတော့ `အောက်ဆုံးလွှာ´ မှာပါ။ သူတို့ ရှိနေမှန်းတောင် လူတွေက သတိမထားမိကြပါဘူး။ သူတို့ကို ၀တ္ထုရေးဆရာတွေအတွက် ရေးစရာ ကုန်ကြမ်းရှာပေးတဲ့ သူတွေအဖြစ်လောက်ပဲ သဘောထားခဲ့ကြပါတယ်။ နာမယ်ကြီး သတင်းစာတွေနဲ့ မဂ္ဂဇင်းကြီးတွေက မဟုတ်တဲ့ အလွတ်သတင်းသမားတွေဆိုရင် `ကလေကချေ ပစ္စည်းမဲ့တွေ´ လို့တောင် အခေါ်ခံခဲ့ကြရပါတယ်။
ဒါပေမဲ့ ၆၀ နှောင်းပိုင်း ကာလတွေမှာတော့ အဲဒီ ` ကလေကချေ ပစ္စည်းမဲ့တွေ´ က ၀တ္ထုရေးဆရာတွေကို သူတို့ အပိုင်စီးထားတဲ့ အလွှာကနေ ဆွဲချပစ်လိုက်ကြပါပြီလို့ ရေးသားခဲ့ပါတယ်။
(၃)
ဟုတ်ပါတယ်။ ကဗျာကို သူ့ရဲ့ ရှေ့တန်းဦးဆောင် အခန်းကဏ္ဍကနေ ဖယ်ရှားနေရာယူလာတဲ့ ၀တ္ထုရှည်ဟာ `လူမှုသရုပ်မှန်´ ၀ါဒလက်နက်ကို သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ လူမှုဘ၀နယ်ပယ်မှာ အမှန်တကယ် ရှိနေဖြစ်ပျက်နေတာတွေ၊ လူတွေရဲ့ခံစားချက်၊ အတွေးအမြင် စတာတွေကို လေ့လာမှတ်သားပြီး ဓာတ်ပုံရိုက်သလို စိတ်ကူးဖန်တီး ကွင်းကွင်းကွက်ကွက် ရေးသားခြယ်မှုန်းပြနိုင်ခဲ့လို့ ၀တ္ထုနဲ့ ၀တ္ထုဖတ်သူတွေဟာ ကွဲပြားမနေတော့ဘဲ တသားတည်း ဖြစ်သွားခဲ့ကြတဲ့အတွက် လူထုက နေရာပေး ဖတ်ရှုလက်ခံလာခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပါပဲ။ အခု ကျနော် တင်ပြခဲ့တဲ့ သတင်းအချက်အလက်နဲ့ သတင်းဆောင်းပါး အရေးအသားသစ်ဟာလည်း သာမန် သုတပေး အရေးအသားပုံသဏ္ဍာန်ကို `လူမှုသရုပ်မှန်´ လက်နက်နဲ့ပဲ တိုးဝင်နေရာယူလာခဲ့ကြတာ ဖြစ်ပါတယ်။ သူက လူမှုလက်တွေ့ဘ၀ထဲက တကယ့်အဖြစ်အပျက်၊ တကယ့်တွေးမြင်စဉ်းစားပုံတွေကို ပိုပြီး အနုစိတ် ရေးသားဖော်ပြဖို့ ကြိုးစားလိုက်တာပါပဲ။ နောက်ခံအကြောင်းအရာ အခင်းအကျင်း ရှုခင်းရှုကွက်ကို အနုစိတ် ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖွဲ့နွဲ့လိုက်တဲ့အခါ စာဖတ်သူတွေရဲ့ အာရုံခံစားမှုဟာ သူတို့ တကယ် တွေ့ကြုံခံစားနေရသလို ဖြစ်ပေါ်လာပြီး၊ အဖြစ်အပျက် သတင်းအချက်အလက် သက်သက်မဟုတ်တော့ဘဲ ခံစားမှုပါ ပါလာပြီး ပိုမိုအားကောင်းပြင်းထန်တဲ့ ချစ်စိတ်၊ မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ်၊ မုန်းတီးစက်ဆုတ်စိတ်၊ ဆန့်ကျင်တွန်းကန်လိုစိတ်တွေကို ပေါက်ဖွားဖြစ်ထွန်း စွဲမြဲသွားစေနိုင်လာတယ်လို့ ဆိုရမှာပါပဲ။ လွယ်လွယ်ကူကူ ပြောရရင်တော့ သာမန် အသိပညာပေး၊ သုတပေး၊ အရေးအသား သက်သက်ကနေ ရသစာပေ အရေးအသား နည်းနာတချို့ကို အသုံးပြုပြီး ရေးသားလိုက်တာပါပဲ။ အကျိုးရလဒ်ကတော့ ပြောမနိုင်အောင် များပြားလှတယ်လို့ ပြောရမှာပါပဲ။
နိဂုံးအနေနဲ့ကတော့ ကျနော်တို့ဟာ လူသားတွေရဲ့ အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်မှု သမိုင်းစာမျက်နှာတွေထက် 'ဗော်လဂါမှ ဂင်္ဂါသို့´ ကို ပိုပြီး အမှတ်ရနေကြတယ်။ အမေရိကန် ကျွန်စနစ်၊ ကျွန်ခေတ်ရဲ့ သမိုင်းစာမျက်နှာတွေထက် `ဇစ်မြစ်´ (The Roots)၊ `ဦးလေးတွမ်´ (Uncle Tom) တို့ကို ပိုအမှတ်ရနေကြတယ်။ အမေရိကန်စက်မှုတော်လှန်ရေး အကူးအပြောင်းကာလရဲ့ သမိုင်းစာမျက်နှာတွေထက် `ဒေါသမာန်´ (The Rage Of Angel) ကို ပိုပြီး စွဲမြဲအမှတ်ရနေကြရတယ်။
ရုရှ ဆိုရှယ်လစ်တော်လှန်ရေး၊ မြေယာပြုပြင်ပြောင်းလဲရေး သမိုင်းစာမျက်နှာတွေထက် `တောရိုင်းမြေ´ (Virigin Soil Upturned) ကို သတိတရ ရှိခဲ့ကြတယ်။ မြန်မာ့လွတ်လပ်ရေး ကိုလိုနီခေတ် ကျောင်းသားလှုပ်ရှားမှုသမိုင်း စာမျက်နှာတွေထက် ဆရာသိန်းဖေမြင့်ရဲ့ `သပိတ်မှောက်ကျောင်းသား´ ကို ပိုလို့ စွဲမြဲအမှတ်ရနေကြရတယ်။ လူတန်းစား စရိုက်သဘောတွေ၊ အချက်တွေ လုပ်ဆောင်မှု၊ လှုပ်ရှားမှုတွေကို မာ့စ် (Marx) ရဲ့ သဘောတရားကျမ်းတွေထက် ဆရာမြသန်းတင့်ရဲ့ `ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်´ မှာ ပိုလို့ အမှတ်ရ စွဲမြဲနေခဲ့ကြတယ် မဟုတ်ပါလား။
စိုးနေလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment