ဟိတမွန်
ဆရာတော် ဘဒ္ဒ န္တကောသလ္လ (BA ဆရာတော်) သည် သက္ကရာဇ် ၁၉၇၀၊ တန်ဆောင်မုန်းလကွယ် ကြာသပတေးနေ့ နံက် (၆း၁၅) နာရီတွင် သက်တော် ၇၂ နှစ်၊ ၀ါတော် (၄၆) ၀ါတွင် မော်လမြိုင် မြေနီကုန်းဘူတာ၌ မီးရထားစီးရန် ကားပေါ်၌အနားယူ စောင့်ဆိုင်းနေစဉ် ရုတ်တရက် ဘ၀နတ်ထံသို့ ပျံလွန်တော်မူသွားခဲ့လေသည်။
သက္ကရာဇ် ၁၃၇၀၊ တန်ဆောင်းမုန်းလဆုတ် ၁၃ ရက်နေ့တွင် ဆရာတော်သည် ပဲခူးမြို့မှ မော်လမြိုင်ရှိ ပဲခူးပရိယတ္တိစာသင်တိုက်သို့ ကျိုက်မရောမြို့နယ် (၃၆) ကြိမ်မြောက် ဓမ္မာစရိယနှစ်ကူးအစည်းအဝေး တက်ရောက်ရန်အတွက် ကြွရောက်လာခဲ့သည်။ တန်ဆောင်မုန်းလဆုတ် ၁၄ ရက်နေ့တွင် ကျိုက်မရောရှိ ရာမညဓမ္မာစရိယ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ထိုည၌ပင် မော်လမြိုင် ပဲခူးပရိယတ္တိစာသင်တိုက်သို့ ပြန်လာပြီး အိပ်စက်အနားယူလေသည်။ မနက်မိုးမလင်းမီ ပဲခူးမြို့သို့ ပြန်လည်ကြွချီရန်အတွက် ပြင်ဆင်ပြီး ကျောင်းကားဖြင့် မော်လမြိုင် မြေနီကုန်းဘူတာသို့ ထွက်လာခဲ့သည်။ ဘူတာသို့ ရောက်သောအခါတွင် မီးရထားအလာကို စောင့်ဆိုင်းနေစဉ် ထိုကျောင်းကားပေါ်၌ပင် ပျံလွန်တော်မူသွားခဲ့သည်။
"၅ နာရီ ၁၅ မိနစ်လောက်မှာ အာရုံဆွမ်းဘုန်းပြီးတော့ ၅ နာရီ ၄၅ မိနစ်လောက်မှာ ဘူတာသွားဖို့အတွက် ဒီကကျောင်းသားကို မောင်းပို့ခိုင်းလိုက်တယ်၊ ဆရာတော်က အပြည်ပြည်ဆိုင်ရာ ထေရ်ရ၀ါဒ ဗုဒ္ဓတက္ကသိုလ်မှာ ပါမောက္ခဖြစ်နေတဲ့အတွက် ခရီးသွားလို့ရှိရင် လက်မှတ်တွေဝယ်စရာမလိုဘူး၊ မီးရထားက (၇) နာရီမှ ထွက်မယ်ဆိုတော့ ဆရာတော်က ကားပေါ်မှာပဲ နားပြီးတော့ စောင့်နေတယ်၊ ကားမောင်းပို့ပေးတဲ့ ကျောင်းသားက အပြင်ကိုခဏ ထွက်လျှောက်နေတဲ့အချိန်မှာ ဆရာတော်ပျံလွန်တော်မူသွားတာ၊ အဲဒါနဲ့ကျောင်းကို မောင်းပြန်လာခဲ့ပြီး ကျောင်းသားက ဘုန်းဘုန်းကို လာအကြောင်းကြားတဲ့အချိန်မှာ ဘုန်းဘုန်းက ဘယ်လိုမှမယုံဘူး၊ အံ့သြလွန်းလို့ပါ၊ အခုဆိုရင် ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ပဲခူးက သုခကာရီကျောင်းကို ပို့လိုက်ပြီ" ဟု မော်လမြိုင်ပဲခူးစာသင်တိုက်မှ သီလစာရ ဆရာတော်ကြီးက ပြောသည်။
"(၇) နာရီမှ မီးရထားကရောက်မှာဆိုတော့ ထိုင်စောင့်နေမယ့်အစား ဘူတာဘက်ကို ခဏထွက်လျှောက်လိုက်တာ၊ (၇) နာရီထိုးခါနီးမှာ ကျွန်တော်ဆရာတော်ကို လာခေါ်တော့ ခေါ်လို့လဲမရဘူး၊ အိပ်ပျော်နေတယ်လို့ပဲ ကျွန်တော်ထင်တယ်၊ ဒါနဲ့ ခြေလက်တွေကို လိုက်စမ်းကြည့်တော့မှ အသက်မရှိတော့တာ သိလိုက်ရနဲ့ တစ်ခါတည်း ကျောင်းကိုမောင်းပြန် လာခဲ့တယ်" ဟု ကားမောင်းပို့ပေးခဲ့သော ကျောင်းသားက ပြောသည်။
"ဆရာတော်ဆီမှာ ဟိုရောဂါ၊ ဒီရောဂါရှိတယ်လို့ ပြောတာ တခါမှ မကြားဖူးဘူး၊ ကျောင်းကို ရောက်လာတဲ့အချိန်မှာ ခေါင်းနည်းနည်းမူးနေတယ်၊ လက်နှစ်ဖက်က နည်းနည်းထုံကျင်နေပြီးတော့ နေရထိုင်ရတာ မအီမသာဖြစ်နေတယ်လို့တော့ ပြောတယ်။ ရာမညဓမ္မာစရိယ အစည်းအဝေးသွားတုန်းကလဲ အစည်းအဝေးပွဲကို မတက်နိုင်ဘူး ကားပေါ်မှာပဲ အနားယူနေတယ်" ဟု ပဲခူးကျောင်း ဆရာတော်က ပြောသည်။
ဆရာတော်သံဃာတော်များနှင့် စာသင်သားအပေါင်းတို့သည် BA ဆရာတော်အတွက် နှမြောတသ ဖြစ်ကြရကုန်၏။ ဆရာတော်၏ ဂုဏ်ကျေးဇူးတော် အကြောင်းကိုလည်း ပြန်ပြောင်းအောက်မေ့ကာ ပြောဆိုတမ်းတနေကြလေသည်။
No comments:
Post a Comment