Tuesday, December 2, 2008

ဆံတော်ရှင်ပွဲကို အခွင့်ကောင်းယူ၍ စစ်အာဏာပိုင်များ ရခိုင်လူထုကို စည်းရုံးရန် စီစဉ်

Narinjara News 12/2/2008

မောင်သစ်အောင် (နိရဉ္စရာ) ရခိုင်ပြည်နယ်၏ အစည်ကားဆုံးပွဲတော် တခုဖြစ်သော ဆံတော်ရှင် ဘုရားပွဲတော်အား ယခုနှစ်တွင် အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးမှ ဦးဆောင်ပြီး ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။

ယခုကဲ့သို့ တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးမှ ဆံတော်ရှင် ပွဲတော်အား ဦးဆောင် ကျင်းပရန် စီစဉ်နေခြင်းမှာ ရခိုင်လူထုအား စည်းရုံးလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စစ်တွေမြို့က အမည်မဖေါ်လိုသူ နိုင်ငံရေး သမားဟောင်း တဦးက ပြောသည်။

“တိုင်းမှူးက အဓိကအားဖြင့် ဘုရားဖူးသွားသူတွေရဲ့ ကုန်ကျစရိတ်ကို သက်သာအောင် ခရီးသွား ရေယဉ်တွေရဲ့ ဈေးနုန်းကို အဆမတန် လျော့ချဖို့ ပထမ အနေနဲ့ စီစဉ်ထားတယ်။ နောက်တခုက ပွဲတော်ကို စီးပွားရေး သမားတွေကို ကန်ထရိုက် ပေးတဲ့ စနစ်ကို ဖျက်သိမ်းပြီး ဈေးဆိုင်ခွန်တွေကို လျော့ကောက်ဖို့ သူက စီစဉ်ထားတယ်။ ခုလို လုပ်လိုက်တဲ့အတွက် ဘုရားဖူး သွားလိုသူတွေ အနေနဲ့ ဈေးသက်သက် သာသာနဲ့ သွားနိုင်တော့မှာဖြစ်တယ်။ အဓိကတော့ လူထုတွေကို စည်းရုံးလိုတဲ့ သဘောနဲ့ တိုင်းမှူးက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

ယခင်နှစ်က ဆံတော်ရှင်ပွဲတော်သို့ ဘုရားဖူး သွားသူများ အနေဖြင့် အသွားအပြန် ခရီးစရိတ် ကျပ်ငွေ တသောင်းခန့် အသုံးပြုရပြီး ယခုနှစ်တွင် သင်္ဘောခမှ အစ ရေယဉ်ခများကို လျော့ကောက်ယူမည် ဖြစ်သဖြင့် ကျပ်ငွေ ၁၀၀၀ ခန့်ဖြင့် သွားလာနိုင်တော့မည် ဖြစ်သည်။

၎င်းပြင်သူက “ဆံတော်ရှင်ပွဲတော်ကို ကန်ထရိုက် ပေးထားတဲ့ အတွက် ဆိုင်တွေဆီက အကောက်တွေ မတရား ကောက်ခံ ထားတာကြောင့် အနည်းဆုံး ထမင်းတနပ်ကို ကျပ် ၅၀၀၀ လောက်ကုန်တယ်။ ဒီနှစ်တော့ ထမင်းဆိုင်တွေ အပါအ၀င် အရောင်းဆိုင်ခန်းတွေဆီက အကောက်မကောက်ဘူးလို့ သတင်းတွေ ဖြစ်နေတဲ့အတွက် ဈေးနုန်းချိုချိုသာသာနဲ့ ဘုရားဖူးသမားတွေ ၀ယ်ယူစားသုံး နိုင်ကြမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ယခုနှစ် ဆံတော်ရှင်ပွဲတော်အား လာမည့် ဒီဇင်္ဘာလ ၇ ရက်နေ့မှ စတင်ပြီး ဒီဖင်္ဘာလ ၁၂ ရက် (နတ်တော်လပြည့်နေ့ထိ) ကျင်းပမည် ဖြစ်သည်။

ယခုနှစ် ဆံတော်ရှင် ပွဲတော်မှာ ပွဲတော် သွားလာသူများ အနေဖြင့် ဈေးနုန်းချိုသာစွာဖြင့် သွားလာနိုင်မည် ဖြစ်သဖြင့် ပွဲတော်မှာ အထူး စည်ကားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဆံတော်ရှင် ဘုရားပွဲတော်အား နှစ်စဉ် နှစ်တိုင်း နတ်တော် လမပြည့်မှီ ၁၀ ရက်ခန့်က စတင်ပြီး နတ်တော် လပြည့်နေ့ထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ရခိုင်ပြည်နယ်က ဘုရားဖူးသူများသာမက ဗမာပြည်နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံက ဘုရားဖူးများလည်း လာရောက်ကြသည်။

ဆံတော် စေတီတော်မှာ စစ်တွေမြို့တောင်ဘက်တွင် တည်ရှိသော ဘရုံကာကျွန်း သုံးကျွန်းတွင် အနောက်ဘက် ဘရုံကာကျွန်း (မြေငူကျွန်း) မှ အနောက်ဘက်သို့ ထိုးထွက်နေသာ နီလာပဗ္ဗတ တောင်ထိပ်ပေါ်တွင် တည်ရှိသည်။

ဆံတော်ရှင် စေတီတော်အား ဘုရားရှင်ကိုယ်တော်တိုင် နဂါးမင်း ဇေယျသေနအား ပေးတော်မူခဲ့သော ဆံတော်နှစ်ဆူဖြင့် နဂါးမင်းတို့ စတင် တည်ထားခဲ့သော စေတီတဆူ အဖြစ် ရခိုင်ရာဇ၀င်များတွင် ရေးသားဖေါ်ပြကြသည်။


No comments: