NEJ/ ၄ သြဂုတ် ၂၀၀၈
ရန်ကုန်မြို့အနှံ့အပြား လမ်းဘေးဆိုင်များတွင် တရုတ်နိုင်ငံမှဝင်သည့် ညစ်ညမ်းဒီဗီဒီ ဓာတ်ပြား များကို ပေါ်ပေါ်တင်တင် ရောင်းချလျက်ရှိရာ ယခုအခါ လက်ဖက်ရည်ဆိုင်များ၌ပင် ၀င်ရောက် ရောင်းချလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ကိုယ်တိုင်ကြုံခဲ့ရသူတဦးက “ကျနော် ဗိုလ်တထောင်ဘက်က နာမည်ကြီး လက်ဖက်ရည် ဆိုင် တဆိုင်မှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည် သွားသောက်တယ်။ အဲဒီမှာ အမျိုးသမီးတယောက်က ဗန်းထဲမှာ ဒီဗီဒီအချပ်တွေ ထည့်ပြီး တ၀ိုင်းပြီးတ၀ိုင်း လိုက်ရောင်းတယ်။ ဒါနဲ့ ကျနော်တို့ဝိုင်းကို လာရောင်းတော့ မ၀ယ်သေးဘူးလို့ ပြောလိုက်တယ်။ ဒီတော့ ဗန်းထဲက အခြား ဓာတ်ပြားတွေနဲ့ ရောထားတဲ့ ညစ်ညမ်း ဒီဗီဒီဓာတ်ပြားတွေကို ပြပြီး ဒါတွေကို သေသေချာချာကြည့်၊ မ၀ယ်ချင် ဘူးလား၊ တချပ် (၁,၅၀၀) ပဲလို့ ပြောတယ်။ လူတွေကြားထဲမှာဆိုတော့ ကျနော်လည်း အတော် အံ့သြသွားတယ်” ဟု ပြောသည်။
ယခင်က ရန်ကုန်အနှံ့ လမ်းဘေးနှင့် ဈေးများ၌ တရုတ်ပြည်မှဝင်သည့် ရုပ်ရှင်ဇာတ်ကား ဒီဗီဒီ များသာ ရောင်းချကြကြောင်း၊ နောက်ပိုင်း မြန်မာ ဗီစီဒီ ကာရာအိုကေ ဓာတ်ပြားများ၊ သီချင်း ဓာတ်ပြားများ၊ မြန်မာစာတန်းထိုး နိုင်ငံခြားဇာတ်ကားများကိုပါ ရောင်းချလာကြောင်း၊ ညစ်ညမ်း ဒီဗီဒီဇာတ်ကားများကိုမူ သိုသိုသိပ်သိပ်နှင့် ခိုးကြောင်ခိုးဝှက် လက်သိပ်ထိုး ရောင်းချခြင်းမျိုးသာ ရှိခဲ့ကြောင်း မြို့ခံများကပြောသည်။
ယခုနောက်ပိုင်း ဆိုင်အများစုက ညစ်ညမ်းဒီဗီဒီ အချပ်များကို ပေါ်ပေါ်တင်တင် ရောင်းချလာကြ သည့်အတွက် လူငယ်လူရွယ်များ၏ အကျင့်စာရိတ္တအတွက် မိဘဖြစ်သူများမှာလည်း စိုးရိမ်ပူပန် နေကြရသည်။
အနော်ရထာ လမ်းပေါ်၌ ရိုးရိုးတရုတ်ဒီဗီဒီအချပ်များကိုသာ ရောင်းချနေသူ တဦးက “အခုလို ညစ် ညမ်းဒီဗီဒီတွေ အတင့်ရဲပြီး စတင်ရောင်းချခဲ့သူတွေဟာ မဟာဗန္ဓုလလမ်းပေါ် (၃၇) လမ်းနဲ့ (၃၈) လမ်းကြားက ရဲသတင်းပေးတွေပေါ့။ သူတို့က ဒီဗီဒီဓာတ်ပြားတွေ ရောင်းချရင်း တဖက်ကလည်း ရဲသတင်းပေး လုပ်တယ်လေ” ဟု ပြောသည်။
ထိုသူများသည် ရဲအတွက် အနီးနားက ဒီဗီဒီ ရောင်းချသူများထံမှတဆင့် ဆက်ကြေး တောင်းခံ ပေးခြင်းတို့ ပြုလုပ်နေသူများဖြစ်သည့်အတွက် ဓာတ်ပြားများကို အတင့်ရဲစွာ ရောင်းချနိုင်ကြ ကြောင်း၊ ညစ်ညမ်းဒီဗီဒီ ဓာတ်ပြားများသာမက နာဂစ်မုန်တိုင်းတိုက်ပြီး နောက်ပိုင်း နာဂစ် ဓာတ်ပြားများကိုလည်း လမ်းဘေး၌ တီဗွီဖြင့်ပြပြီး ရောင်းချသည်အထိ အတင့်ရဲနိုင်ကြကြောင်း ၎င်းက ပြောသည်။
ရဲသတင်းပေးများက ညစ်ညမ်းဓာတ်ပြားများကို ပြောင်ပြောင်တင်းတင်း ရောင်းချကြပြီးနောက်ပိုင်း ရန်ကုန်တမြို့လုံးရှိ ဆိုင်အများစုသည်လည်း ပေါ်ပေါ်တင်တင် ရောင်းချမှုများ ဖြစ်လာကြောင်း ၎င်းက ဆက်လက်ပြောသည်။
စစ်အစိုးရက နိုင်ငံခြားရုပ်ရှင်ဓာတ်ပြားများကို ပြည်တွင်းတင်သွင်းခွင့်၊ ဖြန့်ဖြူးရောင်းချခွင့် လုံးဝ
ပိတ်ပင်ထားသည့်အတွက် တရုတ်ပြည်ဘက်မှ ၀င်လာပြီး နိုင်ငံအနှံ့ ပျံ့နှံ့နေသည့် ဓာတ်ပြားများ သည် တရားမ၀င်သည့်သဘော ဖြစ်နေကြောင်း၊ စစ်အစိုးရက ညစ်ညမ်းဒီဗီဒီများကို ပိတ်ပင် အရေးယူရင်း ရိုးရိုးရုပ်ရှင် ဒီဗီဒီ ရောင်းချမှုကိုပါ ပိတ်ပင်ဖမ်းဆီးလာမည်ကို စိုးရိမ်ကြောင်း ရိုးရိုး သားသား ဓာတ်ပြားရောင်းချသူများက ပြောသည်။
ဆင်ဆာမဲ့ ဗီဒီယို၊ ဗီစီဒီဇာတ်ကားများကို ကူးယူ၊ ငှားရမ်း၊ ရောင်းချ၊ ဖြန့်ချိခြင်းများ ပြုလုပ်ပါက ထောင်ဒဏ် (၃) လမှ (၃) နှစ်အထိ၊ ငွေဒဏ်ကျပ် (၁) သိန်းအထက် အရေးယူနိုင်သည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဗီဒီယိုအခြေခံအဖွဲ့က ကြေညာထားသည်။
သို့သော် စစ်အစိုးရက ခွင့်မပြုသည့်ကြားမှ ဗီစီဒီ၊ ဒီဗီဒီ တရားမ၀င်ဓာတ်ပြားများကို နယ်မြေခံရဲ၊ အရပ်ဝတ်ထောက်လှမ်းရေး၊ စည်ပင်ဝန်ထမ်းအပါအ၀င် အောက်ခြေအာဏာပိုင် အဖွဲ့အစည်း များအား လိုင်းကြေးလာဘ်ငွေပေးပြီး ရောင်းချနေကြရကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။
Source
No comments:
Post a Comment