ကိုဝိုင်း/ ၅ သြဂုတ် ၂၀၀၈
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် တောမတ်စ် အိုဟေး ကွင်တန်နာသည် ပထမဆုံးအကြိမ်အဖြစ် ယခုလ (၃) ရက်နေ့က ရန်ကုန်မြို့သို့ရောက်ရှိပြီး ယမန်နေ့တွင် နိုင်ငံတာ် သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်အပါအ၀င် စစ်အစိုးရခန့်ထားသည့် နိုင်ငံတာ် သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများနှင့် တွေ့ဆုံခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ်နှင့် တွေ့ဆုံခွင့်ရသည့် နိုင်ငံတာ် သံဃာ့ မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများထဲတွင် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ အကျိုး တော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တသြသဓာဘိဝံသ ပါဝင်သည်ဟု စုံစမ်းသိရသည်။
နိုင်ငံတာ် သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အား တွေ့ဆုံခွင့်ပေးသည့်အတွက် သံဃာထု၏ မကျေနပ်မှုကို သိခွင့်ရမည် မဟုတ် ကြောင်း၊ အဆိုပါ ဆရာတော်ကြီးများသည် မိမိတို့ ရာထူးတည်မြဲရေးသာ အာရုံထားသည်က များ သည်ဟု ရန်ကုန်တိုက်အုပ်ဆရာတော်ကြီးတပါးက ထောက်ပြသည်။
နိုင်ငံတာ် သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများနှင့် တွေ့ဆုံရာတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကို စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိ သေးပေ။
သို့သော် မစ္စတာကွန်တင်နာအနေဖြင့် ယခင်နှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သော သံဃာ့ လှုပ်ရှားမှုအား မြန်မာအာဏာပိုင်များက အကြမ်းဖက်နှိမ်နင်းခဲ့မှုနှင့် ပတ်သက်သော အချက် အလက်အမှန်ကိုမူ ရရှိနိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဋ္ဌ အရှင်ခေမာစာရက အမိန့်ရှိသည်။
အရှင်ခေမာစာရက “သံဃာ့နာယကအဖွဲ့ကို သွားတွေ့တယ်ဆိုတဲ့ ဥစ္စာက သူတို့က ဟိုဘက်က လူပဲ။ သူတို့ကတော့ အကောင်းကြီးပဲ ပြောမှာပေါ့။ ဘယ်လိုမှ အချက်အလက် မရနိုင်ဘူး” ဟု မိန့်ကြားသည်။
ထို့အပြင် နိုင်ငံခြားအဖွဲ့တခုက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးများ နှင့်ပတ်သက်၍ သံဃာ့မဟာနာယကအဖွဲ့အား တွေ့ရိုးတွေ့စဉ်မရှိသဖြင့် ယခုတွေ့ဆုံမှုသည် ထူး ခြားသော်လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကြိုးပမ်းနေသည့် နှစ် (၂၀) အတွင်း သံဃာ့မဟာနာယကအဖွဲ့က သံဃာနှင့်ပြည်သူဘက်၌ ရပ်လေ့ရပ်ထ မရှိခဲ့ကြောင်း အရှင်ခေမာ စာရက ဆက်လက်မိန့်ကြားသည်။
“မဟာသံဃာ့နာယကအဖွဲ့က ဘယ်တုန်းကမှ ပြည်သူဘက်က၊ သံဃာတွေဘက်ကရပ်တာ မရှိပါ ဘူး။ သူတို့ သာမာန်အားဖြင့်တော့ ပြောတာပေါ့၊ သူတို့ထဲမှာ မကျေနပ်မှုရှိတယ်။ မကျေနပ်မှုရှိ တယ်ဆိုတာက ကြပ်ပြေးမှာ သူတို့ တခုပဲ ထောက်ပြနိုင်ခဲ့တာပေါ့။ သရဲတွေ၊ သစ္ဆေတွေ ခြောက် လို့ ပရိတ်ရွတ်တာပေါ့နော်။ ပရိတ်ရွတ်တဲ့အခါကျတော့ သူတို့ ဘာပြောလည်းဆိုရင် ကြပ်မင်းတို့ကို ခြောက်ရုံ မခြောက်ပါနဲ့ တခါတည်း ဂုတ်ကို ချိုးသတ်လိုက်ပါပေါ့။ ဒီကောင်တွေကို အဲလောက်ပဲ ပြောတာပါပဲ” ဟု အရှင်ခေမာစာရက ထောက်ပြသည်။
ယခင်နှစ် စက်တင်ဘာသံဃာ့လှုပ်ရှားမှုတွင် စစ်အစိုးရ အာဏာပိုင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် လူ (၃၁) ဦးသေဆုံးပြီး၊ (၇၄) ဦး ပျောက်ဆုံးနေကြောင်း၊ မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်း သား (၁,၈၀၀) ကျော်ရှိပြီး မတရားဖမ်းဆီးမှုများလည်း ဆက်လက်ဖြစ်ပွားနေကြောင်း ကုလလူ့ အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း ပေါ်လိုဆာဂျီရို ပီညဲရိုးက သူ၏အစီရင်ခံစာ၌ ဖော်ပြခဲ့ သည်။
ပြီးခဲ့သည့် မေလတွင် ယခုတာဝန်ကို ရယူခဲ့သော မစ္စတာကွန်တင်နာသည် အခြားဘာသာရေး ခေါင်းဆောင်များအပါအ၀င် စစ်အစိုးရသာသနာရေးဝန်ကြီး၊ နာဂစ်မုန်တိုင်း ကူညီရေးအဖွဲ့များနှင့် လည်း ယမန်နေ့က တွေ့ဆုံခဲ့ပြီး လောလောဆည် ဧရာဝတီတိုင်းသို့ သွားရောက်နေသည်ဟု သတင်းရရှိသည်။
Source
No comments:
Post a Comment