ကြည်ဝေ/ရန်ကုန်
စစ်အစိုးရသည် သြဂုတ်လ ၅ ရက်နေ့မှ စတင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ များကို အနက်ရောင် အင်္ကျီ၊ လုံချည် ၀တ်ဆင်ခြင်းမပြုရဟု အမိန့်ထုတ်လိုက်ကြောင်း သိရှိရသည်။
တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအနေနှင့် ကျောင်းသူ ကျောင်းသားများ အနက်ရောင် မ၀တ်ဆင်ကြရန် ပြောဆိုတား မြစ်ရမည် ဖြစ်ပြီး အနက်ရောင် ၀တ်ဆင်လာသော ကျောင်းသူ၊ ကျောင်းသားများကို စာသင်ခန်း အတွင်းသို့ ၀င်ခွင့်မပေးရန် ပြောဆိုရမည်ဟု အမိန့်ထုတ်ပြန်ထားကြောင်း တက္ကသိုလ် အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
“ဒီလိုအမိန့်မျိုးကို ဘယ်တုန်းကမှ စာထုတ်ပြီး မပြောဘူး။ ပါချုပ်တွေကနေ ဋ္ဌာနမှူးတွေ၊ ဋ္ဌာနမှူးတွေကနေ ပါမောက္ခတွေ နောက် ကထိကတွေအထိ အဲဒီလို အဆင့်ဆင့်ပြောပြီး အမိန့်ထုတ်သွားတာပဲ” ဟု စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခတဦးက ပြောသည်။
ကျောင်းသူ ကျောင်းသားများ အနက်ရောင် ၀တ်ဆင်ခြင်းကို တားမြစ်သည့်ပြင် ဆရာ၊ ဆရာမများကို ဋ္ဌာနအလိုက် အသီးသီး စောင့်ကြည့်ခိုင်းလျက်ရှိကြောင်း သိရှိရသည်။
ယနေ့နံနက် တက္ကသိုလ်ကျောင်းများတွင် အနက်ရောင် ၀တ်ဆင်ပြီးကျောင်းတက်လာသည့် ကျောင်းသူ ကျောင်းသား တချို့ရှိသည်ဟု သိရပြီး ဆရာဆရာမများက စာသင်ဆောင်ထိပ်မှ အနက်ရောင် ၀တ်ဆင်လာသူများကို ကျောင်းခန်းထဲ ပေးမ၀င်ဘဲ အိမ်ပြန်ပြီး အဝတ်လဲခိုင်းကာ အနက်ရောင် ၀တ်ဆင်ထားသော ကျောင်းသူကျောင်းသား တချို့မှာ စာသင်ခန်း ထဲ ပေးမ၀င်သောကြောင့် ကျောင်း စားသောက်ဆိုင်များတွင်သာ ထိုင်နေကြကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသူ တဦးက ပြောသည်။
“မနက်ပိုင်း ကျူတိုရီယယ်ရှိလို့ပါလို့ ပြောတာတောင် မရဘူး။ ဆရာမတွေက အတင်းပဲ အိမ်ပြန်ပြီး အင်္ကျီလဲခိုင်းလို့ ပြန်ခဲ့ရ တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ သချာင်္ ဘာသာရပ် အဓိကယူသော ကျောင်းသူ တဦးက ပြောပြသည်။
ကျောင်းသူကျောင်းသားများအား ယခုကဲ့သို့ အနက်ရောင်မ၀တ်ဆင်ရဟု တားမြစ်ခြင်းမှာ ၈ လေးလုံး အနက်ရောင် လှုပ်ရှားမှု ပြုလုပ်မည်စိုးသောကြောင့်ဖြစ်ကြောင်း သိရှိရသည်။
“စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကျေနပ်လို့ တမင်တကာကို အနက်ရောင် ၀တ်ပြီး လမ်း ထွက်တာပါ။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ တခုပေါ့။ မကျေနပ်တာကိုတော့ မကျေနပ်ကြောင်း ပြရမှာပဲ။ အင်္ကျီအနက်ရောင် ၀တ်လို့ ဖမ်းမယ်ဆိုရင် လည်း ခံရုံပဲ” ဟု အနက်ရောင် ၀တ်ဆင်၍ ကျောင်းတက်လာသူ အသက် ၂၀ အရွယ် ကျောင်းသူ တဦးက ပြောသည်။ ၎င်းသည် ၁၉၈၈ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး အနက်ရောင် လှုပ်ရှားမှုကို အားပေး ထောက်ခံသူတဦး ဖြစ်ကြောင်း ပြောပြသည်။
ယမန်နှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်နှိမ်နှင်းပြီးသည့် စက်တင်ဘာလ ၂၉ ရက်၊ ၃၀ ရက်နေ့ များတွင်လည်း ဆူးလေစေတီ တဝိုက်၌ အင်္ကျီ အနက်ရောင်၊ အနီရောင်နှင့် အ၀ါရောင် ၀တ်ဆင်သူ လူငယ်များကို ဘတ်စ်ကားပေါ်မှ ဆင်းဆင်းခြင်း ရှာဖွေ၊ စစ်မေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
၎င်း စက်တင်ဘာလက အနက်ရောင်အင်္ကျီကို ကျောင်းသားကိုယ်စားပြုလူငယ်များက ၀တ်ဆင်ခဲ့ကြပြီး အနီရောင်နှင့် အ၀ါရောင်ကို အန်အယ်လ်ဒီလူငယ်များနှင့် သံဃာတော်များအား ထောက်ခံသူတို့ ၀တ်ဆင်ခဲ့ကြကြောင်း သိရှိရသည်။
Source
No comments:
Post a Comment