ကိုသက်
ရှစ်လေးလုံးအရေးတော်ပုံ အနှစ် ၂၀ ပြည့်သည့်နေ့တွင် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် ရန်ကုန်နှင့် တခြားမြို့ကြီးများ၌ လုံခြုံရေးကို အထူးတင်းကျပ်ထားသော်လည်း ရှစ်လေးလုံးကို မမေ့နိုင်သူများက အနက်ရောင်အ၀တ် များကိုဝတ်ဆင်ကာ ၎င်းတို့၏ဆန္ဒကို ဖော်ထုတ်လျက်ရှိသည်။
ရန်ကုန်မြို့ခံတဦးက “ထူးခြားချက်တခုကတော့ လူတွေတော်တော်များများ အနက်ရောင်ဝတ်ကြတယ်။ ဒါကလည်း ရှစ်လေး လုံးကို မမေ့တဲ့သဘောပါပဲ … လူငယ်လေးတွေက အစပေါ့ … အနက်ရောင်တီရှပ်တွေ၊ ရှပ်အင်္ကျီတွေ ၀တ်ထားကြတယ်” ဟု ဧရာဝတီကို ပြောသည်။
အိမ်ရှင်မတဦးကလည်း “မနက်ဈေးသွားကတည်းက အနက်ရောင်ဝတ်ပြီးသွားတယ်။ အိမ်ကသမီးကတော့ မနက်ကျောင်း သွားတာ နှင်းဆီအနီရောင်တပွင့် လွယ်အိတ်ထဲထည့်သွားတယ်။ သူ့တို့သူငယ်ချင်းတွေစုပြီး ကျောင်းနံရံမှာချကြတာလို့ ပြောတယ်” ဟု ပြောသည်။
ရန်ကုန်တွင် အနက်ရောင်ဝတ်ထားသူများကိုတွေ့ရသကဲ့သို့ ရန်ကုန်မြို့လယ်တွင် ရဲကားများ တောက်လျှောက် ကင်းလှည့်နေ ကြပြီး ထရိတ်ဒါးဟိုတယ်ရှေ့တွင် အချုပ်ကား ၂ စီးနှင့် မီးသတ်ကားတစီး၊ မြို့တော်ခန်းမ အရှေ့တွင် ရဲကား ၄ စီး အသင့် ရပ်ထားသည်ဟု ၎င်းကဆက်ပြောသည်။
၈၈ မျိုးဆက် ကျောင်းသူတဦးက “စစ်ကားတွေကတော့ အရမ်းကိုသွားတာပဲ။ ၁၀ စီး ၁၅ စီး အဲဒါမျိုး … နေရာအနှံ့မှာ အရပ် ၀တ်နဲ့ ထောက်လှမ်းရေးတွေလည်း ရှိတယ်။ တခုခုလုပ်ဖို့က တော်တော်ကျပ်ပါတယ်” ဟု ပြောသည်။
ကုမ္ပဏီဝန်ထမ်းတဦးကလည်း “တက္ကသိုလ်ရိပ်သာလမ်း ပိတ်ထားတယ်။ အဲဒီမှာတော့ ရဲတွေပဲရှိတယ်၊ မီးသတ်ကားတစီး နဲ့ ရဲကား ၂ စီး ရှိတယ်။ မနေ့ည ၁၁ နာရီလောက်ကတော့ စစ်ကား ၂ စီး ဆူးလေတ၀ိုက် ပတ်နေတာတွေ့တယ်” ဟု ပြောသည်။
အာဏာပိုင်ဘက်က လုံခြုံရေးတင်းကျပ်သည့်ကြားက ၈၈ မျိုးဆက်ကျောင်းသားများက ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းတွင် ရှစ်လေးလုံး အနှစ် ၂၀ ပြည့် အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပြီး တခြားဘုန်းတော်ကြီးကျောင်း ၈ ကျောင်း သို့လည်း တခြားဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းကာ ဆွမ်းချိုင့်ပို့နိုင်ခဲ့သည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က ဧရာဝတီကို ပြောသည်။
“ပြည်သူလူထု တရပ်လုံးအနေနဲ့ လူဖြစ်ရက်နဲ့ လူဖြစ်ရကျိုး နပ်ဖို့၊ လူ့အခွင့်အရေးတွေ အပြည့်အ၀ရဖို့ မိမိတို့ကိုယ်တိုင် ကာကွယ်ခုခံကြိုးစားရမှာ ဖြစ်ပါတယ်။ ရပိုင်ခွင့်တွေကို ယူတတ်ဖို့ လိုပါတယ် … ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားဖို့အတွက် ပြည်သူလူထုကိုယ်တိုင် လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်ဖို့ လိုပါတယ်၊ အကြောက်တရားတွေကို အတတ်နိုင်ဆုံးခွာချပြီးတော့ လှုပ်ရှားမှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြဖို့ တိုက်တွန်းပါတယ်” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။
ယမန်နေ့ညပိုင်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် (ဗကသ) အဖွဲ့မှ ကိုမျိုးတေဇ အပါအ၀င် ကျောင်း သား ၂ ဦးကို စစ်အစိုးရက ဖမ်းဆီးလိုက်သည်ဟုလည်း ကိုထွန်းမြင့်အောင်က ဧရာဝတီကို အတည်ပြုပြောဆိုသည်။
ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ထိုင်းနှင့် တခြားအနောက်နိုင်ငံများရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများကလည်း ရှစ်လေး လုံး အနှစ် ၂၀ ပြည့် အထိမ်းအမှတ် နအဖ သံရုံးများရှေ့တွင် ဆန္ဒပြကြကြောင်း သိရသည်။
ဂျပန်နိုင်ငံရှိ နအဖ သံရုံးရှေ့ ဆန္ဒပြပွဲတွင် သူပါဝင်ခဲ့သူ ကိုဘုန်းမြင့်ထွန်းက “နေရာတခုကနေ သံရုံးရှေ့ကိုဖြတ်ပြီး မြန်မာလို ကြွေးကြော်သံတွေ တိုင်ကြတာပေါ့။ အင်အားတော်တော်များတယ်၊ တထောင်လောက်ရှိတယ်။ ဂျပန်လူမျိုးတွေလည်း အများ ကြီးပါတယ်” ဟု ဧရာဝတီကို ပြောသည်။
Source
No comments:
Post a Comment