Friday, August 1, 2008

မွန်ပြည်နယ်တွင် ဗုံးပေါက်ကွဲ

ရိုးမ ၃။ သြဂုတ် ၁၊ ၂၀၀၈

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျုံဖိုက် ကျေးရွာရှိ အော်တိုအိတ်ချိန်းရုံးတွင် ယမန်နေ့ညက ဗုံးတလုံး ပေါက်ကွဲခဲ့ သည်။

ယမန်နေ့ည (၁၁) နာရီခွဲ့ခန့်က အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် လူအသေ အပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

နှစ်ထပ်အဆောက်အအုံ၏ အောက်ထပ်တံခါးမကြီးမှန်နှစ်ချပ်နှင့် အခန်းတွင်းရှိ ပြတင်းပေါက် မှန်သုံးချပ်ပျက်စီးသွားပြီး စစ်အစိုးရက အကြမ်းဖက်သောင်းကျန်းသူများလက်ချက်ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးအား ပြီးခဲ့သည့်လ (၁) ရက်နေ့က ဗုံးပေါက်ကွဲမှုတကြိမ်ဖြစ်ပွားခဲ့ပြီး လူအသေ အပျောက်မရှိခဲ့ဘဲ စွမ်းအားမြှင့်မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့က အဆိုပါပေါက်ကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။

စစ်အစိုးရလက်ထက် ဗုံးပေါက်ကွဲမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သော်လည်း တရားခံအား ဖမ်းဆီး နိုင်ခြင်းမရှိသလို ယင်းသို့ပေါက်ကွဲ မှုဖြစ်ပေါ်လာတိုင်း နယ်စပ်ဒေသရှိ အတိုက်အခံအဖွဲ့အစည်း များ၏ လက်ချက်ဖြစ်သည်ဟုသာ စွပ်စွဲပြောဆိုလေ့ရှိသည်။

Source

No comments: