Thursday, August 7, 2008

တရုတ်ဆိုင်ကယ်များ လိုင်စင်ယူကာ သိုလှောင်သည့်လုပ်ငန်း ခေတ်စားလာ

NEJ/ ၇ သြဂုတ် ၂၀၀၈

ဇူလိုင် (၁) ရက်မှစ၍ မြန်မာပြည်အတွင်း ဆိုင်ကယ်များကို လိုင်စင်ထုတ်ပေးနေရာ ယခုအခါ တရုတ်ဆိုင်ကယ်များကို ငွေ အရင်း အနှီးမြှုပ်နှံထားနိုင်သူများက ၀ယ်ယူ ကာ လိုင်စင်လုပ်ပြီး သိုလှောင်သည့်လုပ်ငန်း ပေါ်ပေါက်လာနေသည်။

မှောင်ခိုလမ်းကြောင်းမှတဆင့် ၀င်လာသည့် ဆိုင်ကယ်များကို ပြည်တွင်း၌ ၀ယ်ယူ၍ လည်းကောင်း၊ တရုတ်နယ်စပ်သို့ ကိုယ်တိုင် လာရောက်ဝယ်ယူကာ ကယ်ရီသမားများထံ အပ်နှံ၍လည်းကောင်း ဆိုယ်ကယ်များ စုဆောင်းကာ လိုင်စင်လုပ်ပြီး သိမ်းထားနေကြ သည်ဟု မန္တလေးမှ ကျောက်ကုန်သည်တဦးက ပြောသည်။

၎င်းက “လိုင်စင်က (၁) သိန်းကျော်၊ (၂) သိန်းဆိုတော့ တစီးကို အရင်း (၈) သိန်းလောက်ကျ တယ်ထား။ နောက်နှစ်ဆိုရင် တစီးကို ဆယ်ပိုင်းနဲ့ ပြန်ဖော်လို့ရပြီ။ လိုင်စင်ပါတော့ ရောင်းတဲ့ သူကော ၀ယ်စီးတဲ့သူကော အေးဆေးသွားပြီလေ။ ငွေတတ်နိုင်ရင် တတ်နိုင်သလောက် လုပ်လို့ ရနေတော့ တော်တော်များများ လုပ်ကြတယ်။ အဲဒီကောင်က ကျိန်းသေမြတ်မယ့်ဟာကိုး” ဟု ပြောသည်။

ယခင် အိမ်ယာမြေအရောင်းအ၀ယ်၊ ကားအရောင်းအ၀ယ်၊ ကျောက်အရောင်းအ၀ယ်များ အပါ အ၀င် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ကိုင်နေသူအချို့ပါ အဆိုပါ လုပ်ငန်းများကို ပုံစံအမျိုးမျိုးဖြင့်
ဝယ်ယူသိုလှောင်လာကြပြီး အချို့ အစီးရေ ရာပိုင်းအထိ သိုလှောင်ထားကြသည်ဟု တရုတ် နယ်စပ်ကုန်သည်တဦးက ပြောသည်။

၎င်းက “နယ်စပ်ကုန်သွယ်ရေးဆိုရင် လုပ်တဲ့ခွင်က ကျဉ်းလာနေတော့ အခုက ဘယ်ဟာတော့ဖြင့် ခွင်ကောင်းနေတယ်ဆိုရင် စုပြုံလိုက်လုပ်ကြတာ။ နာဂစ်တုန်းကလည်း ဆောက်လုပ်ရေးပစ္စည်း တွေ ဂျူတီဖရီးဆိုတော့ တခါမှ မလုပ်ဘူးတဲ့သူတွေပါ လုပ်လိုက်ကြတာ။ အခု အောက်မှာ ပုံနေပြီ။ အခုမှ ထလုပ်ရင် အစောပိုင်းက အခွန်မဆောင်ရဘဲ သွင်းထားတဲ့ ကုန်တွေနဲ့ ယှဉ်ပြီး မရောင်း နိုင်တော့ဘူး။ အခုလည်း လိုင်စင်လုပ်ပေးမှာက အောက်တိုဘာလအထိဆိုတော့ ပေးတုန်းအချိန်မှာ အမိဖမ်းကြတာပဲ” ဟု ပြောသည်။

တရုတ်ပြည်လုပ် ဆိုင်ကယ်များဖြစ်သည့် Luojia ၊ KENBO ၊ Jialing တို့ကို အဓိက တင်သွင်းနေ ကြပြီး တစီးလျှင် မြန်မာငွေကျပ် (၄) သိန်းဝန်းကျင်မှ (၅) သိန်းကျော်အထိ ဈေးပေါက်ပြီး ကျယ် ဂေါင်မြို့မှ နေ့စဉ် ပျမ်းမျှ အစီးရေ (၅၀၀) ၀န်းကျင် တင်သွင်းနေသည်ဟု ကျယ်ဂေါင်ဒေသခံ တဦးက ပြောသည်။

၎င်းက “ အခုက မိုးတွေကျလာ၊ လမ်းမကောင်းတော့ နည်းသွားတာ။ အစောပိုင်းကဆို တရက်ကို (၁) ထောင်ကျော်နိုင်တယ်။ ဆိုင်တွေရှေ့မှာ တန်းစီစောင့်ရတာ။ ဆိုင်ကလည်း သူတို့ဖောက်သည်၊ တုံကင်ပြားပါတဲ့သူတွေကို ဦးစားပေးရောင်းတာ။ လော်ကျားဆို အပြင်လူ သွားဝယ်လို့ မရဘူး။ အဲလောက်ထိ ရောင်းအားကောင်းတာ။ အခုတောင် လော်ကျားဆိုင်ကယ်ဆို ဆိုင်မှာ တရုတ်ငွေ (၂,၉၀၀) နဲ့ ၀ယ်ရတယ်။ ဆိုင်ပြင်ရောက်ရင် (၃,၀၀၀) ကျော်နဲ့ ပြန်ရောင်းလို့ရတယ်။ ၀ယ်တဲ့
သူတွေ အသင့်ရှိတယ်” ဟု ပြောသည်။

ဆိုင်ကယ်များကို နမ်းခမ်းအနီး မံဝိန်းမှ ဗန်းမော်သို့လည်းကောင်း၊ မူဆယ်မှတဆင့် မန္တလေးသို့ လည်းကောင်း၊ လွယ်ဂျယ်မှတဆင့် ဗန်းမော်သို့လည်းကောင်း၊ လိုင်ဇာမှ မြစ်ကြီးနားသို့လည်း ကောင်း တင်သွင်းနေကြပြီး လမ်းခရီးတလျှောက်တွင် ရဲ၊ စစ်တပ်နှင့် စစ်ဆေးရေးဂိတ်များကို လာဘ်ငွေပေးသယ်ကြသည်။ တရုတ်-မြန်မာနယ်စပ်မှ မန္တလေးအထိ ကယ်ရီခမှာ တစီးလျှင်
ကျပ် (၁) သိန်းအထိ ရှိသည်ဟု ဆိုင်ကယ်လုပ်ငန်း လုပ်နေသူများက ပြောသည်။

Source

No comments: