NEJ/ ၇ သြဂုတ် ၂၀၀၈
မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန် ပြည်သူများသည် မြန်မာပြည်သားများနှင့် တသားတည်းရှိပြီး မြန်မာ့ဒီမိုကရေစီ အောင်ပွဲ အတွက် ထောက်ခံအားပေးမှု ပြုသွားမည်ဟု ယနေ့မွန်းလွဲပိုင်းက မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်းတွင် အမေရိကန်သမ္မတကတော် မစ္စစ်လော်ရာဘုရှ်က ပြောကြားသည်။
မစ္စစ်လော်ရာဘုရှ်သည် ယနေ့နံနက်ပိုင်းက မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှု ခဲ့ပြီး မွန်းလွဲပိုင်းတွင် မယ်တော်ဆေးခန်းသို့ လာရောက်ကြည့်ရှုလေ့လာအပြီးတွင် ဒေသခံ သတင်းထောက်များအား ယခုကဲ့သို့ပြောကြားခဲ့ ခြင်းဖြစ်သည်။
မယ်လဒုက္ခသည်စခန်းကော်မတီဝင် (၆) ဦးနှင့် စခန်းအခြေအနေများအား တွေ့ဆုံမေးမြန်းခဲ့ပြီး သူမက “အခုလို ဒုက္ခသည်တွေကို တွေ့ရတာ ကိုယ်ချင်းစာနာတယ်။ သူတို့ဟာ သူတို့နိုင်ငံ
ကိုလည်း ပြန်လို့မရဘူး။ ၈၈ က ထွက်လာတာဆိုရင် အနှစ် (၂၀) ရှိပြီ။ ဒီလူတွေ အမေရိကန်မှာ အခြေချနိုင်မယ်ဆိုရင် သူတို့ကလေးတွေဟာ အမေရိကန်နိုင်ငံ သားဖြစ်ပြီး ပညာသင်ကြားခွင့်ပါ ရမယ့်အတွက် ပထမဆုံး အမေရိကန်နိုင်ငံရဲ့ ကရင်လူမျိုးသမ္မတတောင် ဖြစ်နိုင်ပါတယ်။ ကျမတို့အနေနဲ့ ဒီလူတွေ ဒီမှာရှိစဉ်ကာလမှာ ပညာရေး၊ ကျန်းမာရေးနဲ့ အမေရိကန်သွားနိုင်ဖို့ ဆက်လက် ကူညီဆောင်ရွက်ပေးနေတယ်" ဟု ပြောကြားသည်။
မယ်လစခန်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအခြေအနေများအား လိုက်လံကြည့်ရှု လေ့လာ ခဲ့ပြီး ကလေးငယ်များ၏ ပညာသင်ကြားမှုကို သွားရောက်လေ့လာအားပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် မယ်တော်ဆေးခန်းသို့ ရောက်ရှိပြီး ဆေးခန်းရှိ ကျန်းမာရေးဌာနအသီးသီးသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့အပြီးတွင် လော်ရာဘုရှ်က “အခုလို မြန်မာလူထုတွေအတွက် အနစ်နာခံ ဆောင်ရွက်ပေးတဲ့ ဒေါက်တာဆင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအတွက် ဂုဏ်ယူ ပါတယ်။ ဆထက်တပိုး ဆက်လက်ဆောင်ရွက်နိုင်အောင်လည်း ကူညီပံ့ပိုးသွားမယ်။ အမေရိ ကန်ဟာ မြန်မာတွေနဲ့ တသားတည်းပဲရှိတယ်။ ဒီမိုကရေစီအောင်ပွဲအတွက် ထောက်ခံအားပေး သွားမယ်" ဟုသတင်းထောက်များအား ပြောကြားသည်။
သူမ၏ မဲဆောက်ခရီးစဉ်တွင် ထိုင်းအာဏာပိုင်များနှင့် ထိုင်းသတင်းဌာနများ လာရောက်ခြင်းမရှိဘဲ မြန်မာသတင်းဌာနများနှင့် နိုင်ငံတကာသတင်းထောက်အချို့သာ လိုက်ပါသတင်းယူခဲ့ကြသည်။
မြန်မာ့အရေးလေ့လာသူ ထိုင်းရှေ့နေတဦး၏ အဆိုအရ “ထိုင်းသတင်းထောက်တွေ လိုက်ပါခွင့် မရတာ ကျနော့်အမြင်ပြောရရင် မယ်တော်ဆေးခန်းနဲ့ ဒုက္ခသည်စခန်းကို သမ္မတကတော်ကိုယ်တိုင် လာတဲ့သတင်းတွေ ထိုင်းမီဒီယာမှာ ဝေဝေဆာဆာ ပါသွားမယ်ဆိုရင် မြန်မာအစိုးရနဲ့ ဆက်ဆံရေး မထိခိုက်စေချင်လို့ ရှောင်ကွင်းတာလည်း ဖြစ်နိုင်တယ်" ဟု ပြောသည်။
ယခင်က ဒုက္ခသည်စခန်းများနှင့် မယ်တော်ဆေးခန်းသို့ နိုင်ငံတကာသံတမန်များ၊ လွှတ်တော် အမတ်များ၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များ လာရောက်လေ့ရှိသော်လည်း ယခုကဲ့သို့ သမ္မတကတော်အဆင့် မြန်မာ့အရေးအတွက် လာရောက်လေ့လာ အားပေးခြင်းသည် ပထမဆုံး ဖြစ်သည်။
Source
No comments:
Post a Comment