ခွန်အောင်မြတ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒရှင်များအား လာမည့် ဖွဲ့စည်းပုံမူကြမ်း ဆန္ဒခံယူ ပွဲတွင် ကန့်ကွက်မဲ ထည့်ရန် တိုက်တွန်းချက်ကို ပြည်ပရောက် အတိုက်အခံ တပ်ပေါင်းစု (၇)ဖွဲ့က တခဲနက် ထောက်ခံ ကြိုဆိုလိုက် သည်။
ပြည်ပရောက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ၊ တိုင်းရင်းသား လူမျိုးများကောင်စီ(မြန်မာနိုင်ငံ)၊ အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန် မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်နှင့် တိုင်းရင်းသားလူငယ်များ ဆုံရပ် အဖွဲ့များ ပေါင်း၍ ယခုလို ကျေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“အထူးသဖြင့်တော့ ဒီနအဖရဲ့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကန့်ကွက်မဲ ပေးပြီးတော့ ပြည် သူတရပ်လုံးက ဆန့်ကျင်ဖို့ဆိုတဲ့ ကိစ္စကို ဆန့်ကျင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုက် တွန်းထားတယ်။ ဒီအပေါ်မှာ ကျနော်တို့ အင်အားစုတွေ အနေနဲ့ ဒါကို သဘောတူတယ်၊ ဒါကို ထောက်ခံတယ်။ ပြည်သူတရပ်လုံးအနေနဲ့ ဒါကို ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယူဆတဲ့ အတွက် ကျနော်တို့ ပြည်သူတရပ်လုံးရဲ့ တိုက်တွန်းပန်ကြားချက်ကို ဒီသဘောထားကို ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။” ဟု ယင်းအဖွဲ့ များ၏ ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သော ပြည်သူထံ တိုက်တွန်းပန်ကြား ချက်တွင် လူထုလူတန်းစား အသီးသီးမှ တိုင်းရင်းသားပြည်သူများအားလုံးနှင့် အဖွဲ့အစည်း များကို သက်ဆိုင်ရာ မဲရုံများသို့ မကွက်မပျက် သွားရောက်၍ ကန့်ကွက်မဲကို ကြက်ခြေခတ်ခြင်းဖြင့် ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပေးကြရန် တိုက်တွန်း ထားသည်။
တိုင်းပြည်နှင့် ပြည်သူတရပ်လုံးအတွက် အဆုံးအဖြတ်ဖြစ်စေမည့် ဆန္ဒခံယူပွဲ ကာလမျိုးသည် အင်အားစု အသီး သီးနှင့် လူထုကြီး ပူးပေါင်းပါဝင်မှုရှိမှသာ အောင်မြင်နိုင်မည်ဟု အတိုက်အခံအဖွဲ့ ၇ ဖွဲ့က ပူးပေါင်း ထုတ်ပြန် သော ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ အတိုက်အခံ တပ်ပေါင်းစု (၇)ဖွဲ့ ပူးပေါင်း၍ သဘောထားဖော်ပြမှုမျိုး ယခင်က ရှားရှားပါးပါးသာ တွေ့ ရတတ်သည်။
မြန်မာစစ်အစိုးရက လွန်ခဲ့သည့် ၁၄ နှစ်တာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံတွင် ချမှတ်သော အခြေခံမူများ အပေါ် အခြေခံရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုနိုင်ရန်အတွက် လာမည့် မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည်ဟု ကြေညာထားသည်။
အမျိုးသား ညီလာခံက ချမှတ်သော မူများအရ တပ်မတော်ကိုယ်စားလှယ်များက လွှတ်တော်၏ ၂၅ ရာနှုန်းကို ရွေးကောက်ခံစရာမလိုပဲ ပါဝင်နိုင်မှာဖြစ်ပြီး နိုင်ငံ၏ အရေးပါသော ရာထူး၊ တာဝန်များကို တပ်မတော်က ဆက် လက်ချုပ်ကိုင်ထားရန် ပါဝင်သည်။
မြန်မာအစိုးရကမူ ယခုဆန္ဒခံယူပွဲသည် လူတဦးတယောက်၊ ပါတီ အဖွဲ့အစည်း တခု အတွက်မဟုတ်သကဲ့သို့ တပ်မတော်အကျိုးစီးပွားတခုထဲအတွက် ယခုဆန္ဒခံယူပွဲကို ကျင်းပခြင်းမဟုတ်ကြောင်း အစိုးရ အာဘော်သတင်း စာများတွင် ဖော်ပြထားသည်။
လတ်တလောတွင် လျို့ဝှက် ပေါက်ထွက်လာသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်း ဆိုကာ မူကြမ်းတစောင် အင်တာနက်စာ မျက်နှာများတွင် ပြန့်နှံ့လျက်ရှိသည်။ ထိုမူကြမ်းပါ အချက်များမှာ အမျိုးသားညီလာခံက ချမှတ် ထားသော မူအချို့နှင့် ကွဲလွဲမှုများ ရှိနေသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မူကြမ်း စာအုပ်ကို မြန်မာအစိုးရက ယခုချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိ သေးပေ။
No comments:
Post a Comment