Wednesday, April 30, 2008

မိမိတို့ဆန္ဒ မဲတပြားစီဖြင့် နိုင်ငံတော်ကို လမ်းကြောင်းမှန်ပေါ် ပို့ဆောင်ရန် တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများ တိုက်တွန်း

NEJ/ ၃၀ ဧပြီ ၂၀၀၈

တိုင်းရင်းသားအဖွဲ့ (၁၂) ဖွဲ့ ပါဝင်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေး ပါတီများ စုပေါင်း၍ ယနေ့ရက်စွဲဖြင့် ပြည်သူများသို့ တိုက်တွန်းချက်တစောင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်တိုက်တွန်းချက်တွင် ၂၀၀၈ ခု မေလ (၁၀) ရက်တွင် ပြုလုပ်မည့် ဖွဲ့စည်းပုံ အခြေ ခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲသည် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲပစ်နိုင်သည့် အခွင့် အရေးတရပ် ဖြစ်သဖြင့် ပြည်သူများအနေဖြင့် မိမိတို့ ဆန္ဒအစစ်အမှန်ကို ရဲဝံ့ပြတ်သားစွာ ဖော် ထုတ်ကြရန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့သည့် ဧပြီ (၂) ရက်တွင် ထုတ်ပြန်ခဲ့သော ပြည်သူတို့ ပန်ကြားချက်နှင့် လုပ်ဆောင်ရမည့် အချက်များပါ ကိစ္စရပ်များကိုလည်း ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ယခုဆန္ဒခံယူမည့် အခြေခံဥဒေ မူကြမ်းသည် ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲခြင်းမဟုတ်ဘဲ စစ်တပ်ကသာ အဓိက အာဏာချုပ်ကိုင်ထားမည့် အစိုးရပုံစံဖြစ်ပြီး ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝ
သည့် စစ်မှန်သော ပြည်ထောင်စုကိုလည်း မဖော်ဆောင်နိုင်သဖြင့် ပြည်သူများအနေဖြင့် မိမိတို့၏ ဆန္ဒမဲတပြားစီဖြင့် မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်ကြရန် တိုက်တွန်းထားသည်။

မြန်မာ့အရေးကို ကမ္ဘာတ၀န်းက စောင့်ကြည့်နေသဖြင့် မိမိတို့၏ ဆန္ဒအမှန်ကို ဖော်ထုတ်ခြင်း ကြောင့် ဘေးအန္တရာယ် ကြုံတွေ့မည်ကို စိုးရိမ်ရန် မလိုကြောင်းနှင့် မဲရုံသို့ သွားရန်ပျက်ကွက်ခြင်း၊ ကြားနေခြင်းတို့သည် ရလဒ်ဆိုးများကို သွယ်ဝိုက်ထောက်ခံရာ ရောက်မည်ဖြစ်ပြီး ပိုမိုဆိုးရွားသော အနာဂတ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း သတိပေးထားသည်။

နောက်ဆုံးအနေဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၇) တွင် နအဖက ထုတ်ပြန်ထားသည့် ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ဥပဒေပါ အချက်များအရ မဲရုံပိတ်ပြီးသည့်နှင့်တပြိုင်နက် (၁၀) ဦးထက် မနည်း သော ဆန္ဒမဲပေးခွင့်ရှိသူတို့၏ ရှေ့မှောက်တွင် ဆန္ဒမဲများကို ရေတွက်ရမည်ဟု ဖော်ပြထားသဖြင့် ပြည်သူတို့အနေဖြင့် မဲရုံဖွင့်ချိန်နှင့် ဆန္ဒမဲ ရေတွက်ချိန်တွင် ပူးပေါင်းစောင့်ကြည့်ကြရန် တိုက်တွန်း ထားသည်။

တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)၊ ဇိုမီးအမျိုးသားကွန်ဂရက်(ZNC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ကရင်အမျိုးသား ဒီမိုကရေစီကွန်ဂရက် (KNCD)၊ ကချင်ပြည်နယ်အမျိုးသားဒီိမိုကရေစီကွန်ဂရက် (KNCD)၊ ကယားပြည်နယ် လူမျိုး
ပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ် (KSANLD)၊ ကယန်းအမျိုးသားညီညွတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့ (DOKNU)၊ မရာပြည်သူ့ပါတီ (MPP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)၊ ရခိုင် ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (APDF) တို့ဖြစ်သည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများသည် စည်းလုံးညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA ) အဖွဲ့ဝင်များဖြစ်ပြီး အများစုမှာ (၉၀) ခုနှစ်ရွေးကောက် ပွဲတွင် အနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီမှလွဲပြီး ကျန်ပါတီများသည် ဖျက်သိမ်းခြင်း ခံထားရသည်။

UNA၏ အဓိက သဘောထားရပ်တည်ချက်မှာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပြီး သုံးပွင့် ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရန်အတွက် ထုတ်ပြန်ချက်များ ထုတ်ပြန်တိုက်တွန်းခဲ့သည်။

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက် ရန်ကုန်၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ ခွန်ထူးက ဧပြီ (၃၀) ရက်စွဲဖြင့် ယခု ထုတ်ပြန်ချက် ထုတ်ရခြင်းမှာ ပြည်သူလူထုသည် မိမိတို့နှင့် ထိုက်တန် သော အစိုးရကိုသာ ရရှိသည်ဆိုသည့် နိုင်ငံရေး အဆိုအမိန့်ကို နိုင်ငံသားများအား ဇောင်းပေး တင်ပြလိုခြင်းဖြစ်သည်ဟု ပြောသည်။

၎င်းက “စစ်တပ်က အုပ်ချုပ်တဲ့ အစိုးရကိုပဲ ကြိုက်တယ်ဆိုရင်တော့ မိမိတို့ သဘောပဲပေါ့ဗျာ။ ကျနော်တို့ အမြင်မှာတော့ အစိုးရကောင်း မဖြစ်နိုင်ဘူးပေါ့ဗျာ။ အစိုးရကောင်း မဟုတ်တဲ့ဟာကို ကျနော်တို့က ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်ဆိုတဲ့ အဓိပ္ပယ်ပါပဲ။ ဘာလို့ အစိုးရကောင်း မဖြစ် လဲဆိုတာက ပြည်သူက တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဘာမှလုပ်ခွင့်မရှိလို့ပါ” ဟုပြောသည်။

စီအာပီပီ အဖွဲ့ဝင်လည်းဖြစ်၊ ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌလည်းဖြစ်သူ ပူကျင့်ရှင်းထန်ကလည်း နအဖစစ်အစိုးရက ပေးထားသည့် အခွင့်အရေးကို ပြည်သူများအနေဖြင့် ဒီမိုကရေစီနည်းအရ ပါဝင် ဖို့ အရေးကြီးကြောင်းပြောသည်။

၎င်းက“ကိုယ့်ဆန္ဒကိုယ် ရဲရဲတင်းတင်း ကိုယ်လိုချင်တာကို ဖော်ပြဖို့ အခွင့်အရေးရှိတယ်၊ ဒီအခြေခံ ဥပဒေကို တိုင်းရင်းသားများအတွက် ပြည်သူလူထုအတွက် တိုင်းပြည်အတွက် ဘာမှကောင်းကျိုး မပေးနိုင်ဘူးဆိုတာကို ကျနော်တို့အမြင်ဖြစ်ပါတယ်။ အဲဒါကြောင့် မသွားဘဲ မနေကြပါနဲ့၊ မဲရုံကို သွားပြီးတော့ ရဲရဲတင်းတင်း ကိုယ့်အခွင့်အရေးကို အသုံးချပြီးတော့ ကန့်ကွက်ကြပါလို့ မှာကြား လိုပါတယ်” ဟု ပြောသည်။

Source

No comments: