NEJ/ ၂၈ ဧပြီ ၂၀၀၈
ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် ၀ါးရှောင်ကျေးရွာ အာဏာာပိုင်များက ကျေးရွာလူထုအား မေ (၁၀) ၌ ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲထည့်ရန် ခြိမ်းခြောက်ပြောဆိုစည်းရုံးနေပြီး မဲရုံဆောက်လုပ်ရေး ကုန်ကျစရိတ်အတွက် ငွေကောက်ခံမှုများ လုပ်နေသည်။
ဝါးရှောင်ကျေးရွာ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်က ရပ်ကွက်မှူးများမှတဆင့် ကျေးရွာလူထုအား ထောက်ခံ မဲထည့်ရန် ခြိမ်းခြောက်ပြောဆိုနေ သည်ဟု ၀ါးရှောင်ကျေးရွာသားတဦးက ပြောသည်။
“ရပ်ကွက်မှူးတွေက ရပ်ကွက်တိုင်းမှာ အစည်းအဝေးခေါ်ပြီး အမှန်ခြစ်ထည့်ဖို့ ပြောနေတာ၊ မထည့်ရင် ထောင်ချမယ်ဆိုပြီး ပြောနေတာ၊ ဘယ်လောက်ချမယ်လို့တော့ မပြောဘူး၊ ရပ်ကွက် အစည်းအဝေးတွေ ခဏခဏ လုပ်နေတာ။ ဒီက လူတွေကတော့ သိပ်ပြီး နားမလည်တော့ ကြောက်နေကြတာပေါ့” ဟု ၎င်းက ပြောသည်။
မဲရုံတည်ဆောက်စရိတ်အတွက် တအိမ်ထောင်လျှင် (၅၀၀) ကျပ်နှုန်းဖြင့် ဧပြီလ (၂၅) တွင် ရပ်ကွက်မှူးများက လိုက်လံကောက်ခံခဲ့ကြောင်းနှင့် ၀ါးရှောင်အလယ်တန်းကျောင်းတွင် ယခုအခါ မဲရုံ စတင်ဆောက်လုပ်နေကြောင်း အဆိုပါဒေသခံက ပြောသည်။
ဝါးရှောင်မှ ကျောင်းဆရာ၊ ဆရာမနှင့် ၀န်ထမ်း (၁၀) ဦးခန့်တို့သည် ကိုယ့်စရိတ်ဖြင့်ကိုယ် ၀ိုင်း မော်မြို့နယ်၊ ၀ူယန်ကျေးရွာသို့ မဲရေတွက်ခြင်းနှင့် မဲရုံစောင့်ကြပ်ခြင်း (၁) ရက်တာ သင်တန်း တက်ရောက်ခဲ့ရကြောင်းလည်း သိရသည်။
ဝါးရှောင် ကျေးရွာသားတဦးက “အဲဒီအတွက် နိုင်ငံတော်က ငွေချပေးမှန်း ၀န်ထမ်းတွေလည်း သိကြပါတယ်။ အလုပ်ပြုတ်မှာကြောက်လို့ မပြောရဲကြတာ ရှိမယ်၊ ဘယ်ကျေနပ်ပါ့မလဲ” ဟု ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ နောင်ပိကျေးရွာတွင်လည်း အလားတူ ခြိမ်းခြောက်မဲထည့်ခိုင်းနေပြီး မဲရုံစရိတ်အတွက် တအိမ်ထောင်လျှင် ကျပ်ငွေ (၁,၀၀၀) နှုန်းဖြင့် ငွေကောက်ခံနေသည်။
Source
No comments:
Post a Comment