Wednesday, April 30, 2008

ကျောင်းသားခေါင်းဆောင် နှစ်ဦးကို ရုံးမထုတ်ဘဲ ရမန်ယူ

ဖနိဒါ Wednesday, 30 April 2008

ချင်းမိုင်။ ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၂ဝဝ၇ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနှင့် ကိုဉာဏ်လင်းအောင်ကို ယနေ့တွင် ရုံးမထုတ်ဘဲ ရမန် ယူလိုက်သည်။

ပြီးခဲ့သည့်နှစ် ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင် ခေါင်းဆောင်ခဲ့ပြီး နောက်ပိုင်း ရှောင်တိမ်းနေရာမှ ယခုနှစ် မတ်လ ၁၆ ရက်တွင် သူတို့နှစ်ဦးအား အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပုဒ်မ ၅ဝ၅ (လူထုဆူပူစေရန် လှုံ့ဆော်မှု) ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် ယခုအခါ တရားစွဲဆိုထားခြင်း ခံနေရသည်။

“ဒီနေ့ အမှု မစစ်ဖြစ်ဘူး။ ခရိုင်ရုံးကို အမှုစွဲတင်မယ်လို့ တရားသူကြီးက ပြောပါတယ်။ ဒီမှာ မစစ်တော့ဘူး။ ခရိုင်ရုံးမှာ ဒီထက်ပိုပြီးတော့ စီရင်ပိုင်ခွင့် ပိုမြင့်တဲ့၊ ဒီထက်ပိုပြီး၊ ပြစ်ဒဏ် ပိုပြီးတော့ ပေးနိုင်တဲ့ တရားရုံးမယ်လို့ ပြောပါတယ်” ဟု အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းစာအုပ်ကို ဗကသ ခေါင်းဆောင်နှစ်ဦးက ဖတ်ရှုလိုသဖြင့် အကျိုးဆောင် ရှေ့နေများမှတဆင့် တရားသူကြီးများထံ တောင်းဆိုရာတွင် မူကြမ်းစာအုပ် သွင်းခွင့်ရသော်လည်း ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေကို မူရင်း ဥပဒေပြဋ္ဌာန်းချက် စာအုပ် မဟုတ်သည့်အတွက် သွင်းခွင့်မရကြောင်း ကိုဖိုးဖြူက ပြောသည်။

သူက “ကျနော်က ပြောတယ်။ အဲဒီ ဆန္ဒခံယူပွဲ ဥပဒေဆိုတာဟာ သတင်းစာထဲမှာ ကြော်ငြာ ထုတ်ထားတာလည်း မရှိဘူး၊ စာအုပ်အနေနဲ့လည်း ရှေ့နေချုပ်ရုံးကနေပြီးတော့ စာအုပ် ထုတ်ပြန်တာလည်း မရှိဘူး။ အစိုးရပြန်တမ်းမှာ တရားဝင် ထုတ်ပြန်ချက်ပဲ ရှိတယ်။ တရားဝင် ထုတ်ပြန်ချက်ကို တရားဝင် ကြည့်ရှုနိုင်ဖို့အတွက် မိတ္တူကူးယူပြီးတော့ ဥပဒေအရ ဖတ်ရှုခွင့် ရှိတယ်။ လက်ဝယ် ထားရှိခွင့် ရှိတယ်။ သွင်းခွင့်ပြုပါလို့ သီးခြား လျှောက်ထားပါတယ်” ဟု ပြောသည်။

လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လူထု လှုပ်ရှားမှုများ ဖြစ်ပွားနေစဉ် ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ဗကသ အဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းရာ၌ သူတို့နှစ်ဦးသည် ဦးဆောင်ခဲ့ပြီး စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးတွင် တက်ကြွစွာ ခေါင်းဆောင်ခဲ့သူများလည်း ဖြစ်သည်။

ကိုကျော်ကိုကိုသည် စီးပွားရေး တက္ကသိုလ် ဝါနိဇ္ဇဗေဒ မဟာတန်းကျောင်းသားနှင့် ကိုဉာဏ်လင်းအောင်မှာ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ဖြစ်သည်။

Source

No comments: