Wednesday, April 30, 2008

၂၀၁၀ ပြည့်နှစ် မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ နိုင်ငံရေးပါတီကြီး (၃) ခုသာ ယှဉ်ပြိုင်ခွင့်ပေးမည်

NEJ/ ၃၀ ဧပြီ ၂၀၀၈

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ပြည့် ရွေး ကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး (၃) ခုသာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ထိုင်းဝန်ကြီး ချုပ်စမတ်က သတင်းထောက်များကို ပြောသည်။

မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း လာမည့် မေလ (၁၀) ရက် လူထုဆန္ဒ ခံယူပွဲနှင့် ပတ်သက်၍ ဝေဖန် ပြောကြားရန် ငြင်းဆန်ခဲ့သော်လည်း ၂၀၁၀ ပြည့် နှစ် မြန်မာစစ်အစိုးရ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီကြီး (၃) ခုသာ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် စမတ်က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။


၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည့် နိုင်ငံရေးပါတီကြီး (၃) ခုမှာ မည်သည့် ပါတီများဖြစ်သည်၊ အန်အယ်လ်ဒီပါတီ ယှဉ်ပြိုင်ခွင့် ရှိမရှိ ဆိုသည်ကိုမူ ထိုင်းဝန်ကြီးချုပ်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိပေ။

သို့သော် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး သုံးလေးခုသာ ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်ပြီး ၉၀ ရွေးကောက်ပွဲမှာကဲ့သို့ ပါတီများ အများအပြား ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရှိမည်မဟုတ်ဟု အစောပိုင်းတွင် တစညပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခင်မောင်ကြီးက ပြောခဲ့သည်။

မကြာခင်က ရန်ကုန် တစညပါတီ သတင်းစာရှင်းလင်းပွဲတွင် ကြံ့ဖွံ့ကို နိုင်ငံရေးပါတီ အသွင်ပြောင်း မည်ဟု ဦးခင်မောင်ကြီး ပြောခဲ့သည့်အတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစညပါတီနှင့် ကြံ့ဖွံ့တို့ ပါဝင်နိုင်မည်ဟု ယူဆစရာရှိကြောင်း ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါဝင်ယှဉ်ပြိုင်ရန် အလားအလာနှင့် ပတ်သက်၍ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယခုကဲ့သို့ ပြောသည်။

၎င်းက “ကျနော်တို့ အခု ထိုင်းဝန်ကြီးချုပ် ပြောတဲ့စကားကို အမှန်အတိုင်းပြောမယ်၊ နားကို မလည် ဘူး။ ဘာလို့ နားမလည်သလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း အတည်မဖြစ်သေးဘူး။ အတည်ဖြစ်မှသာ ဒီရွေးကောက်ပွဲကို သွားမှာ။ အခုလို ကြိုပြီးတော့ ပြောတဲ့အဓိပ္ပာယ်လည်း နားမလည်ဘူး။ နိုင်ငံရေး ပါတီ (၃) ခု ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အခုလို မပွင့်မလင်း ပြောနေတာနဲ့ ကျနော်တို့က ဒီအပေါ်မှာ မှတ်ချက်ပေးလို့ မရပါဘူး။ အဲဒီလို ဖြစ်ခဲ့ရင်လည်း အဲဒီအချိန်ကြမှ ပြောပါရစေခင်ဗျာ၊ မရေမရာ ပြောနေတဲ့အပေါ်မှာ ကျနော်တို့ တစုံတရာ ပြောရင် နောက်တနေ့ကျတော့ အဲဒီ မရေမရာဟာ နောက်တမျိုးဖြစ်သွားရင် ကျနော်တို့ မကောင်းဘူး ပေါ့ဗျာ” ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကြီး (၃) ခုသာ ယှဉ်ပြိုင်ခွင့် ပေးမည်ဆိုသည့် ထိုင်းဝန်ကြီးချုပ် စမတ်၏ ပြောဆိုချက်နှင့် ပတ်သက်၍ ခေတ်ပြိုင်က မေးမြန်းရာတွင် စည်းလုံး ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA ) က ယခုကဲ့သို့ ပြောသည်။

UNA မှ ဇိုမီးအမျိုးသားကွန်ဂရက်ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က “ဒါကတော့ လုံးဝမတရားတာ၊ ပြည် ထောင်စုမြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရှိဘဲနဲ့ သူတို့ စစ်အာဏာရှင်ကနေပြီးတော့ လုပ်ချင်နေတယ် ဆိုတာ တကယ်ပဲ အမှန်ဖြစ်သွားမှာပေါ့။ အခု အခြေခံဥပဒေအတိုင်းဆိုရင်လည်း ပြည်နယ်တွေကို လုံးဝ ဂရုစိုက်တာ မရှိတော့ဘူး၊ သူတို့ အခု တင်ပြနေတဲ့ အလံတောင်ကြည့်ပါလား။ အဲဒီအထဲမှာ ကြယ်တပွင့်ပဲရှိတယ်၊ ကျန်တဲ့ကြယ်တွေ လုံးဝမရှိတော့ဘူး၊ ကြွေကျသွားပြီ။ အဲတော့ ပါတီ (၃) ခု လောက်ဆိုလို့ရှိရင်တော့ ကျနော်တို့ ထင်တာက နှစ်ပါတီဟာ သူတို့ပါတီဖြစ်မယ်၊ တပါတီက လူထု ပါတီဖြစ်မယ်။ အဲဒီနေရာမှာ ပြည်နယ်ကိုယ်စားပြုတဲ့ ပါတီရယ်လို့ မရှိပေမယ့် အန်အယ်လ်ဒီ ရှိရင် တော့ တော်ပါသေးတယ်လို့ ဆိုရမှာပါ။ ကျနော်တို့ တိုင်းရင်းသားတွေကို အတင်းချေဖျက်တာပါပဲ၊ လုံးဝကို ပိတ်ပင်ထားတဲ့ သဘောဖြစ်သွားတာပေါ့ဗျာ။ အဲဒါကတော့ အင်မတန်မှ ၀မ်းနည်းစရာ ကောင်းတဲ့အချက်ပဲလို့ ကျနော်ယူဆရမှာပါ” ဟု ပြောသည်။

မြန်မာစစ်အစိုးရအနေနှင့် ကြံ့ဖွံကို နိုင်ငံရေးပါတီအဖြစ် ပြောင်းရန် တရားဝင် မကြေညာသေး သော်လည်း တစညပါတီကိုမူ ပြည်တွင်း၌ လွတ်လပ်စွာ စည်းရုံးခွင့်ပေးထားသည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။

Source

No comments: