Tuesday, April 29, 2008

မြင်းခြံက ခြံစည်းရိုးတွေမှာ ကြက်ခြေခတ်ကြ

မောင်ဒီး Tuesday, 29 April 2008

နယူးဒေလီ။ ။ နအဖ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင် ကန့်ကွက်သောအားဖြင့် မြင်းခြံမြို့နယ် တောင်ဘက်ရှိ ကျေးရွာ ၂ ရွာက ယခုလ ၂၆ ရက်နေ့တွင် အိမ်တိုင်းလိုလို ခြံစည်းရိုးတွင် ကြက်ခြေခတ် အမှတ်အသားများ ရေးဆွဲကြသဖြင့် ဒေသအာဏာပိုင်များ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် တောင်ဘက်၊ ဧရာဝတီ မြစ်ကမ်းဘေးတွင် တည်ရှိသည့် လင်ကြီးနှင့် ဒါးကျွန်းကျေးရွာများရှိ နေအိမ်အားလုံး နီးပါးတွင် ထုံး၊ ရေနံချေးတို့ဖြင့် ကြက်ခြေခတ် အမှတ်အသား ရေးဆွဲထားသလို အချို့ ခြံဝန်းများတွင် ကြက်ခြေခတ် အမှတ်အသား ပါသည့် စာရွက်များ ကပ်ထားခြင်းဖြင့် ဆန္ဒပြခြင်း ဖြစ်သည်။

“သူတို့က ကိုယ့်အိမ်ကို NO စာရွက်တွေ ကပ်တယ်။ ဘုန်းကြီးကျောင်းတွေမှာ ကပ်တယ်ဗျာ။ သူတို့တွေက ရွာလုံးကျွတ်ကို မထောက်ခံကြဘူး” ဟု လူထုဆန္ဒ ခံယူပွဲ စောင့်ကြည့်ရေး အဖွဲ့ဝင်တဦးက ဆိုသည်။

သတင်းကြားရသည်နှင့် တပြိုင်နက် မယက လူကြီးအပါအဝင် ရဲသား ၁ဝ ဦးခန့် ပါဝင်သည့် ကားနှစ်စီးက ရွာ ၂ ရွာဆီသို့ အပြင်း မောင်းနှင်သွားသည်ကိုလည်း ယမန်နေ့က တွေ့ခဲ့ရပြီး နောက်ဆက်တွဲ သတင်းကိုမူ မကြားရသေးဟု သူက ပြောသည်။

ထောက်ခံမဲ ရရှိရေးအတွက် နအဖ ဝန်ကြီးများ ဇာတိမြေတွင် မက်လုံးပေး စည်းရုံးခြင်းသာမက မြင်းခြံမြို့ရှိ ရေချိုရေငံ ကုမ္ပဏီတခု ဖြစ်သည့် မြန်မာပြည်သားဟေ့ ကုမ္ပဏီကလည်း ဒေသခံများကို ဆန်ဆီများ ဝေငှခြင်းဖြင့် စည်းရုံး လုပ်ဆောင်နေသည်။

“ကုမ္ပဏီပိုင်ရှင် ဦးတင်ဝင်းက တောင်သာမြို့နယ် ရေငံအိုင်ကျေးရွာမှာ တရွာလုံးမှာရှိတဲ့ အကုန်လုံးကို ဆန်တအိတ်နဲ့ ဆီတပုံး ဝေတယ်။ ဝေပြီးတော့ သူက ဒီလိုဝေရတာ ထောက်ခံမဲ လိုချင်လို့ ဝေတာဖြစ်တယ်၊ ထောက်ခံမဲ ပေးကြမယ်ဆိုရင် နောက်ထပ်လည်း ဝေမှာဖြစ်တယ်လို့ အသံချဲ့စက်နဲ့ အော်ပြီး ကြေညာသွားတယ်” ဟု လူထုဆန္ဒခံယူပွဲ စောင့်ကြည့်ရေး အဖွဲ့ဝင်က ဆက်ပြောသည်။

ထို့အပြင် မြင်းခြံမြို့နယ် စည်ပင်သာယာရုံး ဝန်ထမ်းများကလည်း မြင်းခြံမြို့ အမှတ် ၁၁ ရပ်ကွက် နွားကူးတန်း ဆင်ခြေဖုံးအပိုင်းတွင် ကျူးကျော် နေထိုင်သူများကို ထောက်ခံမဲ ပေးပါက ယခုနှစ်အတွက် အိမ်ခွန်ဆောင်စရာ မလိုကြောင်းနှင့် အကယ်၍ ကြက်ခြေခတ်ကြပါက အားလုံးကို ကျူးကျော်မှုဖြင့် နှင်ထုတ်မည်ဟု ခြိမ်းခြောက် သွားခဲ့သေးကြောင်း သိရသည်။

မြင်းခြံမြို့ အမှတ် ၁၃ ရပ်ကွက်အတွင်း၌ ရပ်ကွက်သူ၊ ရပ်ကွက်သားများကို ထောက်ခံမဲပေးကြရန်၊ ကန့်ကွက်မဲ ပေးသည့် အိမ်ထောင်စုများကို မှတ်သားကာ အာဏာပိုင်များထံ သတင်းပေးမည်ဟု ခြိမ်းခြောက် စည်းရုံးသည့် တရပ်ကွက်ထဲနေ ချဲထီရောင်းသူ ကိုဝင်းရွှေမှာ ရပ်ကွက်သူ ရပ်ကွက်သားများ၏ မုန်းတီးခြင်းကို ခံနေရပြီး သူ့အိမ်ကို ရေအခမဲ့ သွယ်တန်းပေးသည့် အိမ်နီးနားချင်းများကပင် ရေကို ဖြတ်ပေးသည်အထိ စိတ်ဆိုးနေကြသည်။

လူထုဆန္ဒခံယူပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ကို နိုင်ငံရေးသမားဟောင်းများ၊ တက်ကြွ လှုပ်ရှားလူငယ်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဖွဲ့ဝင် ၃ဝဝ ခန့်ရှိပြီး မြင်းခြံ အနီးအနားရှိ မြို့နယ်များတွင် ဖြန့်ကြက်ကာ အာဏာပိုင်များ၏ စည်းရုံးမှုများကို မှတ်တမ်းယူခြင်း၊ လေ့လာ စောင့်ကြည့်ခြင်းများ လုပ်ဆောင်ကာ ဆန္ဒခံယူပွဲ မတိုင်ခင်နှင့် နောက်ပိုင်းတွင် မှတ်တမ်းများကို ထုတ်ဖော်ရန် စီစဉ်နေကြသည်။

Source

No comments: