Tuesday, April 29, 2008

သုံးရက်အတွင်း ဒီမိုကရေစီ လိုလားသူ ၇၀ ကျော် အဖမ်းခံရဟု အေအေပီပီပြော

နေသွင် Tuesday, 29 April 2008

ချင်းမိုင်။ ။ ပြီးခဲ့သည် (၃) ရက်အတွင်း ရန်ကုန်မြို့တွင် ဆန္ဒပြရန် ကြိုးစားသူ (၇၀) ကျော် အဖမ်းခံရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး အဖွဲ့က ပြောသည်။

စနေနေ့မှ စတင်သော နောက်ထပ် ဖမ်းဆီးမှုအတွင်း သံဃာတော်များလည်း အဖမ်းခံထားရပြီး အသေးစိတ် အချက်အလက်များကို စာရင်း ကောက်ယူနေသည်ဟု အေအေပီပီခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ပြောသည်။

အဖွဲ့၏ အတွင်းရေးမှူး ကိုတိတ်နိုင်က "မနေ့က (ဖမ်းတာ) တော်တော်များတယ်၊ ဘယ်လောက်လဲတော့ မသိဘူး၊ ရွှေတိဂုံမှာရော အိမ်တွေမှာရော" ဟု မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်မြို့မှ အမည်မဖော်လိုသော လှုပ်ရှားတက်ကြွသူ လူငယ်တဦးကလည်း စနေ၊ တနင်္ဂနွေ အတွင်း လူငယ် တဒါဇင်ကျော် အဖမ်းခံရသည်ဟု ဆိုသည်။

"မြို့ထဲမှာ စာတွေလိုက်ကပ်ရင်းနဲ့ (၁၄-၅) ယောက်လောက် အဖမ်းခံရတယ်လို့ ပြောနေကြတယ်၊ ကပ်တဲ့ အချိန်မှာ ဖမ်းတာမဟုတ်ဘူး၊ နောက်မှ ဖမ်းတာ၊ မြို့နယ်တွေမှာ" ဟု အဆိုပါ လူငယ်က ပြောသည်။

သံဃာတော်များအပါအ၀င် တက်ကြွ လှုပ်ရှားသူများသည် ပြီးခဲ့သည့် ရက်များအတွင်းက ရွှေတိဂုံ၊ ဆူးလေ နှင့် ကျိုက္ကဆံ စသော စုရပ်များတွင် ဆန္ဒပြရန် လူစုနေစဉ် လုံခြုံရေးများ ရောက်လာကာ လူစုခွဲခဲ့ခြင်း ဖြစ်သည်။

မေလ (၁၀) ဆန္ဒခံယူပွဲ မတိုင်ခင်တွင် နောက်ထပ် ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည် ဟူသော ကောလဟလကြောင့်လည်း ရန်ကုန်မြို့အနှံတွင် လုံခြုံရေးများ တင်းကြပ်ထားသည်။

ဤအတောအတွင်း ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်များတွင် ကန့်ကွက်မဲပေးရေး လိုက်လံ စည်းရုံးနေသော အဖွဲ့ချုပ်ဝင်များသည် ဖမ်းဆီး ချုပ်နှောင် ခံနေရသည်ဟု အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားသည်။

စစ်အစိုးရက ဆန္ဒခံယူပွဲ ပြုလုပ်မည်ဟု ကြေညာခဲ့သော ဖေဖော်ဝါရီလမှ စ၍ ယခုအချိန်အထိ အမည်မသိသူ လက်ချက်ဖြင့် အဖွဲ့ချုပ်ဝင် (၆) ဦးလည်း ရိုက်နှက်ခံရသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် (NO) ပါသော တီရှပ်ဝတ်သူ (၂၀) ခန့်ကို ဖမ်းဆီးထားကြောင်းနှင့် စစ်ကြော မေးမြန်းသည့်အခါတွင် ရိုက်နှက်မှုများ ရှိခဲ့သည်ဟု အဖွဲ့ချုပ်က ယခုလ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဆန္ဒခံယူပွဲ ကျင်းပရန် ရက်ပိုင်းသာ လိုတော့သည် အချိန်တွင် အဖွဲ့ချုပ်မှ စည်းရုံးရေးမှူးများသည် ပြည်နယ်နှင့် တိုင်းများတွင် ကန့်ကွက်မဲ ပေးရေးအတွက် စည်းရုံး လှုပ်ရှားလျက် ရှိသည်။

ကုလသမဂ၏ ကိန်းဂဏန်အရ ယမန်နှစ် စက်တင်ဘာ ဖြိုခွင်းမှုအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူ (၃၀) ကျော် သေဆုံးခဲ့ရသည်။

ယမန်နှစ် သြဂုတ်နှင့် စက်တင်ဘာအတွင်း ရဟန်းရှင်လူ ထောင်ချီ အဖမ်းခံခဲ့ရပြီး ရာပေါင်းများစွာသည် ယခုတိုင် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။

လောလောဆယ်တွင် မြန်မာပြည် အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား (၁၈၀၀) ခန့် ရှိနေသည်။

Source

No comments: