Monday, April 28, 2008

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ကန့်ကွက်မဲပေးရေး တိုင်းရင်းသားလူငယ်များ လှုံ့ဆော်

ပီတာအောင်/၂၈ ဧပြီ ၂၀၀၈

“စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့ ကန့်ကွက်မဲတွေ ပေးကြစို့ ” ဆိုသည့် လှုံ့ဆော်စာများ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဖြန့်ဝေလျက်ရှိသည်ဟု လွိုင်ကော်မြို့ခံတဦးက ပြောကြားသည်။

လှုံ့ဆော်စာများကို ကယားပြည်နယ် လွိုင်ကော်နှင့် ဒီမောဆို၊ ရှမ်းပြည်နယ် ဖယ်ခုံနှင့် မိုးဗြဲ မြို့နယ်တို့ရှိ ကျေးရွာပေါင်း (၁၇) ရွာခန့်၌ တိုင်းရင်းသားလူငယ်များဖြင့် ဖွဲ့စည်းထားသည့် ဒီမိုကရေစီနှင့် လွတ်လပ်ရေးကို လိုလားသော ပြည်သူများအဖွဲ့က ယမန်နေ့က စတင်ဖြန့်ဝေ နေခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါအဖွဲ့မှ ကရင်နီလူငယ်တဦးဖြစ်သူ ကိုဂျွန်ပေါလ်က “ကျနော်တို့ပြည်နယ်မှာ ဘယ်တော့မှ စစ်တပ် အုပ်ချုပ်မှုအောက်မှာ ကောင်းခဲ့တာ မရှိခဲ့ဘူး။ လူမှုရေးအရ၊ စီးပွားရေးအရ တခြားလူမျိုး စုတွေထက် ပိုပြီးတော့ ဖိနှိပ်ခံရတယ်။ ဒီနေ့ ဒီခေတ်မှာ စစ်တပ်က ဖွဲ့စည်းပုံအသစ် ရေးနေတယ်။ အဲဒီဖွဲ့စည်းပုံက သူတို့ အာဏာတည်မြဲရေးအတွက် လုပ်နေတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူလူထု အပေါင်းတို့ ကန့်ကွက်မဲပေးကြဖို့ လိုလာပြီ။ တတိုင်းတပြည်လုံး ညီညွတ်ကြဖို့ လိုလာပြီ။ ကျနော်တို့ ကယားပြည်နယ်ဟာလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ပါ ၀င်နိုင်ဖို့ လိုလာပြီ။ ဒါကြောင့် ကျနော်တို့ ပါဝင်ပြီး ကန့်ကွက်မဲ ပေးဖို့ရယ်၊ စစ်အစိုးရကို ဆန့်ကျင်ဖို့ရယ် ဆုံးဖြတ်ပြီး လုပ်ဆောင်တာပါ” ဟု ပြောကြားသည်။

ကန့်ကွက်မဲပေးရန် လှုံ့ဆော်သည့် လက်ကမ်းစာစောင်များ၌ မှတ်ပုံတင်ယူ၍ မဲရုံသို့ သွားကြရန်၊ မဲရုံးမှူးထံမှ မဲလက်မှတ်ယူ၍ ကန့်ကွက်မဲပေးကာ မဲပုံးထဲ ထည့်ကြရန်၊ မဲရေတွက်သည့်အချိန်၌ မဲရလဒ်များကို စောင့်ကြည့် ပေးကြပါရန် ပြည်သူလူထုသို့ ပန်ကြားချက်များ ထည့်သွင်းထား ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း၌ ဒေသဆိုင်ရာ စစ်ဆင်ရေး ကွပ်ကဲရေးမှူးများက စစ်အစိုးရ ရေးဆွဲထား သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမဲပေးကြရန် ဒေသခံပြည်သူများအား လိုက်လံစည်းရုံး နေကြသည်ဟု လွိုင်ကော်မြို့ခံတို့က ပြောကြားသည်။

Source

No comments: