Monday, April 28, 2008

ကန့်ကွက်မဲပေးက ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ပေးမည်ဟု သတင်းများ ပျံ့နှံ့နေ

Narinjara News

ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ပေးသူများအား တွေ့ရှိပါက အာဏာပိုင်များ အနေဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ်စီ အပြစ်ပေးမည်ဟု သတင်းများ ပျံ့နှံ့ နေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ကျောက်ဖြူမြို့နယ်မှ ကုန်သည် တဦးက “ ဘယ်က ဘယ်လို ပျံ့နှံ့လာသလဲတော့ မသိဘူး။ ကန့်ကွက် မဲပေးရင် ထောင် ၂ နှစ်ချမှတ် ခံရမယ်ဆိုတဲ့ သတင်း ကျနော်တို့ဆီမှာ ပျံ့နှံ့နေတယ်။ လူတွေက ကြောက်ပီး ထောက်ခံမဲ ပေးကြမယ် အနေအထားကို ရောက်နေပါတယ်” ဟု ပြောသည်။

အဆိုပါ သတင်းမှာ ရခိုင်ပြည်နယ်တွင် ပျံ့နှံအောင် ပြုလုပ် နေသည်မှာ စစ်တပ် တပ်ရင်းများနှင့် နအဖမှ လက်အောက်ခံ ကြံ့ဖွတ်နှင့် စွမ်းအားရှင်များ ဖြစ်ကြောင်း သတင်းတရပ်တွင် ဖေါ်ပြသည်။

စစ်တွေမြို့မှ အမည်မဖေါ်လိုသူ နိုင်ငံရေး သမား တဦးက “ နယ်တွေမှာ လူတွေကို ကြောက်လန့်အောင် နည်မျိုးစုံနဲ့ ခြိမ်းခြောက်ပီး မဲထည့်အောင် လုပ်နေတယ်။ မဲမထည့်ရင် ဖမ်းမယ်။ ထောင်ချမယ်။ မဲထည့်တဲ့အခါ ဗွီဒီယိုတွေရိုက်မယ် စသဖြင့် သတင်းတွေ ပျံ့နှံ့နေပါတယ်။ မြို့ပေါ်မှာ ခြိမ်းခြောက်လို့ မရတော့ နယ်တွေမှာ သူတို့ လုပ်ချင်သလို လုပ်နေကြတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ကျေးလက်ဒေသများတွင် အများစု ပြည်သူများမှာ မဲပေးရမည်ကို ကြောက်လန့်နေကြပြီး ထောက်ခံမဲပေးရန် အလားအလာများ ရှိနေကြောင်း သိရှိရသည်။

“ စစ်တွေ အပါအ၀င် ကျောက်ဖြူနဲ့ တောင်ကုတ်တို့မှာတော့ အများစု ပြည်သူတွေက ကန့်ကွက်မဲပေးကြမှာ ဖြစ်ပါတယ်။ နယ်တွေမှာတော့ လူတွေက အရမ်း ဖိအား ပေးခံနေရတဲ့ အတွက် ကြောက်ပီး ထောက်ခံ မဲပေးကောင်း ပေးနိုင်ပါတယ်။ ခုလို ထောင် ၂ နှစ်ချမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။

ထိုကဲ့သို့ ထောင် ၂ နှစ်ချမှတ်မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေချိန်နှင့် တပြိုင်တည်းတွင် နအဖ အာဏာပိုင်များက အစိုးရ ၀န်ထမ်းများအား အဖွဲ့ငယ်များ ဖွဲ့စည်းကာ နယ်ကျေးရွာများသို့ စေလွတ်ပီး ထောက်ခံမဲ ပေးရန် လိုက်လံ စည်းရုံးနေကြောင်း သတင်းရရှိသည်။

Source

No comments: