Monday, April 28, 2008

မဲပေးခွင့်ရှိသူ စာရင်းကွာဟမှု ဖော်ထုတ်ရန် အတိုက်အခံများ တိုက်တွန်း

ကျော်ထင်/ ၂၈ ဧပြီ ၂၀၀၈

မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်မည့် ဆန္ဒမဲပေးခွင့်ရှိသူများ စာရင်းသည် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကော်မရှင်က ချမှတ်ပေးမည့် စာရင်းနှင့် အောက်ခြေအဆင့်များတွင် အမှန်တကယ် ရှိသည့် စာရင်းနှင့်ကွာဟမှုများ ရှိလာမည်ဖြစ်၍ မသမာမှုများကို ဖော်ထုတ်ကြရန် အတိုက်အခံများက တိုက်တွန်းလိုက်သည်။

နယ်စပ်အခြေစိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့၏ ပြီးခဲ့သည့် စနေနေ့ ထုတ်ပြန်ကြေညာချက်တွင် မြို့နယ်အများအပြား၌ အမှန်တကယ် မဲဆန္ဒပေးနိုင်သည့် လူဦးရေထက် ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ပိုပြီး ထည့်သွင်းထားသဖြင့် စစ်အစိုးရ၏ မဲမသမာမှုများကို အချိန်မီ စုံစမ်းဖွင့်ချကြရန် တိုက်တွန်း ထားသည်။


စောင့်ကြည့်လေ့လာရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဌေးအောင်က “မြို့နယ်ကော်မရှင် အဖွဲ့ခွဲတို့၊ ကျေးရွာအုပ်စု အဖွဲ့ခွဲတို့မှာ ပါဝင်နေတဲ့ လူတချို့ရဲ့ပြောကြားချက်တွေအရ သူတို့ လက်ရှိ ပြုစုနေရတဲ့ စာရင်းတွေမှာ တကယ် လက်ရှိ မဲဆန္ဒပေးမယ့် လူဦးရေစာရင်းနဲ့ ဗဟိုက အတည် ပြုချပေးတဲ့ စာရင်းတွေက အကြီးအကျယ် ကွာဟနေတယ်လို့ သူတို့က ပြောတယ်” ဟု ပြောသည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အနေဖြင့် မိမိတို့အမည်စာရင်းများ ထပ်နေခြင်း ရှိ/မရှိ၊ သေဆုံးသွား သူများနှင့် ပြောင်းရွှေ့သွားသူများ၏ အမည်စာရင်းများကိုပါ ထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ စေ့စပ်စွာ စစ်ဆေးကြရန် စောင့်ကြည့်လေ့လာရေးအဖွဲ့က တိုက်တွန်းထားသည်။

ဦးဌေးအောင်က “မဲမသမာမှုကတော့ ဘယ်လိုပုံစံလုပ်မယ်ဆိုတာ အတိကျ မပြောနိုင်ဘူး။ သို့သော် ဒါကြီးတွေကို ကွာနေမှန်း သိရက်သားနဲ့၊ အပေါ်ကလည်း အောက်ကတင်ပြတာတွေကို သိရက် သားနဲ့ ဒီအတိုင်း လုပ်တယ်ဆိုတာက ကျနော်တို့ကတော့ အတိကျတော့ မစွပ်စွဲချင်ဘူးပေါ့။ သံသယရှိတာက မဲမသမာမှုတွေ လုပ်နိုင်သလားလို့ ဖြစ်လာတယ်လေ။ ဒါကြောင့် ပြည်သူလူထုကို ကျနော်တို့ သိထားတဲ့အတိုင်း ချပြပြီး သတိပေးချင်တယ်” ဟု ဆက်လက်ပြောသည်။

ဆန္ဒခံယူပွဲ ကော်မရှင်က ပြည်တွင်းတွင် မဲပေးခွင့်ရှိသူစာရင်း ပိုမိုတွက်ချက်ထားသည်ဟု သတင်း ထွက်နေသော်လည်း ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားအပါအ၀င် နိုင်ငံအချို့ရှိ မြန်မာ သံရုံးများတွင် ပြုလုပ်သည့် အကြို မဲဆန္ဒကောက်ခံမှုများတွင်မူ ချမှတ်ထားသော ဥပဒေနှင့် ကိုက်ညီသူများပင်လျှင် မဲပေးခွင့်မရရှိသဖြင့် တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။

Source

No comments: