Tuesday, April 29, 2008

တနင်္သာရီတွင် အဓမ္မနည်းဖြင့် ထောက်ခံမဲရရေး ကြိုးစားနေဟု အတိုက်အခံများပြော

ဖနိဒါ Tuesday, 29 April

ချင်းမိုင်။ ။ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲများ ပေးရန်အတွက် တနင်္သာရီတိုင်း အတွင်းရှိ မြို့နယ်အချို့တွင် ဒေသ အာဏာပိုင်များက ခြိမ်းခြောက်မှုများနှင့် လိုက်လံ စည်းရုံးနေသည်ဟု အတိုက်အခံများက ပြောဆိုလိုက်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကက (ကြည်း) ၏ ညွှန်ကြားချက်အရ တနင်္သာရီတိုင်းရှိ “မောက်ကြီး၊ ဘုတ်ပြင်း၊ ကော့သောင်၊ ပုလော၊ ထားဝယ်နှင့် သရက်ချောင်းမြို့နယ်များအတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့်လမှ စတင်ကာ လိုက်လံခြိမ်းခြောက် စည်းရုံးနေသည်ဟု ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ စောင့်ကြည့်ရေး လေ့လာရေးအဖွဲ့က ပြောလိုက်ခြင်း ဖြစ်သည်။

ညွန်ကြားချက်အရ စစ်တိုင်းမှူးများ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (ခကခ) မှူးများ၊ ဒေသဆိုင်ရာ ကွပ်ကွဲမှု စစ်ဌာနချုပ် (ဒကစ) မှူးများ အပါအဝင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ တပ်မှူးများကလည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ ပေးကြရန် မိမိတို့ နယ်မြေအတွင်းရှိ ဒေသခံပြည်သူများနှင့် အပစ်ရပ် အဖွဲ့အစည်းများအား ခြိမ်းခြောက် စည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

ပြည်ပအခြေစိုက် အဖွဲ့များဖြစ်သော တိုင်းရင်းသား လူမျိုးများကောင်စီ၊ အဝေးရောက် ညွှန့်ပေါင်းအစိုးရ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု၊ မြန်မာနိုင်ငံ ကျောင်းသားများ ကွန်ကရက်နှင့် တိုင်းရင်းသားလူငယ်များ ဆုံရပ်တို့ဖြင့် မတ်လကုန်တွင် ဆန္ဒခံယူပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။

တနင်္သာရီ မြစ်ဝှမ်းတလျောက်ရှိ ကရင်ကျေးရွာများရှိ ပြည်သူလူထုကို ရယက လူကြီးများမှ ပုန်းအောင်းနေသည့် ရွာသားများကို အချိန်မီ ပြန်ခေါ်ယူရန် ခြိမ်းခြောက် အကျပ်ကိုင်ပြီး ထောက်ခံမဲ ပေးရန်နှင့် ကန့်ကွက်မဲ ပေးသူများ၏ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး နေရာပြောင်းရွှေ့ခိုင်းမည်ဟု ကြိမ်းမောင်း ပြောဆိုနေသည်ဟုလည်း စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

ဆန္ဒခံယူပွဲ စောင့်ကြည့်ရေးအဖွဲ့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မြတ်ထွန်းက “လူထုကို ကျနော်တို့ ပြောချင်တာက မဲပြားပေါ်မှာ ကြက်ခြေခတ်ပေးပါ။ အလေးအနက် အဲဒါကို ပန်ကြားချင်ပါတယ်။ နောက်ပြီး ကန့်ကွက်ပြီးတဲ့ ကိုယ့်မဲတွေကိုလည်းပဲ မဲရုံပိတ်တဲ့အထိ စောင့်ကြည့်ဖို့ လိုတယ်” ဟု ပြောသည်။

“စောင့်ကြည့်တဲ့အခါမှာလည်း လူထုရှေ့မှောက်မှာ သူတို့ မဲရေတာကို လူထုက အင်နဲ့အားနဲ့ စောင့်ကြပ်ပေးဖို့ လိုတယ်။ တယောက်စ နှစ်ယောက်စဆိုရင် သူတို့က အန္တရာယ် ပေးနိုင်တယ်။ ဒါကြောင့် ညစ်ပတ်ကြမယ်။ လူထုက ထုနဲ့ထည်နဲ့ စောင့်ကြပ်ကြမယ်ဆိုရင် နအဖ အန္တရာယ် ပေးမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ညီဖို့ လိုပါတယ်ဗျာ၊ ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

Source

No comments: