Monday, April 28, 2008

ရန်ကုန် မဲရုံများအား လုံခြုံရေးကင်မရာဖြင့် စောင့်ကြည့်မည်

အောင်သက်ဝိုင်း | ဧပြီ ၂၈၊ ၂၀၀၈

ရန်ကုန်တိုင်းအတွင်းရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲ မဲရုံများတွင် အဆင့်မြင့်လုံခြုံရေး စီစီတီဗီ (CCTV) ကင်မရာများ တပ်ဆင်ထားရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း မဲရုံစုစုပေါင်း ၂၅၀၀ ကျော်ရှိမည်ဖြစ်ရာ ရန်ကုန်မြို့တော်၏ အချက်အချာကျ မြို့တွင်း မြို့နယ်များနှင့် လူဦးရေထူထပ်သော မြို့နယ် ရပ်ကွက်များရှိ မဲရုံများတွင် လုံခြုံရေးကင်မရာများ တပ်ဆင်မည်ဖြစ်သည်ဟု ရန်ကုန်မြို့မှ မြို့နယ် ကော်မရှင်အဖွဲ့ဝင် တဦးကလည်း ပြောသည်။

“မဲရုံတွေမှာ စီစီတီဗီ လုံခြုံရေးကင်မရာတွေ တပ်ဆင်ဖို့ ရန်ကုန်တိုင်း ကော်မရှင်အဖွဲ့က မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွေကို ညွှန်ကြားထားပါတယ်” ဟု ၎င်းက ပြောပြသည်။

လက်ရှိအခြေအနေတွင် မြို့ဆင်ခြေဖုံးမြို့နယ်များ၌ လုံခြုံရေးကင်မရာ တပ်ဆင်ရန် အစီအစဉ် မရှိသေးသော်လည်း ဆန္ဒခံယူပွဲ နီးကပ်လာချိန် လုံခြုံရေးနှင့် ပတ်သက်သော စိုးရိမ်ဖွယ်ရာ သတင်းများရရှိပါက လုံခြုံရေးကင်မရာများကို မြို့ဆင်ခြေဖုံး မဲရုံများတွင်ပါ တိုးချဲ့တပ်ဆင်နိုင်ဖွယ်ရှိကြောင်း အထက်ပါ ဒုရဲအုပ်က ပြောသည်။

ထိုသို့ လုံခြုံရေးကင်မရာများ တပ်ဆင်ထားသော်လည်း လျှို့ဝှက်ဆန္ဒမဲပေးစနစ်ကို ထိခိုက်မည် မဟုတ်ကြောင်း၊ လုံခြုံရေး ကင်မရာများ တပ်ဆင်ရာတွင်လည်း ဆန္ဒမဲပေးမည့် လူဦးရေကိုလိုက်၍ တလုံး၊ နှစ်လုံးနှင့် အများဆုံး သုံးလုံးအထိ တပ်ဆင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် သတင်းဂျာနယ် အယ်ဒီတာတဦးကမူ “လုံခြုံရေးကင်မရာလို့ ဆိုပေမယ့် ဘယ်နေရာမှာ တပ်ထားမလဲဆိုတာ မဲပေးသူတွေကို အသိပေးရပါ့မယ်၊ ဒါမှ လွတ်လပ်စွာ မဲပေးခွင့် မထိခိုက်မှာပါ” ဟု ဆိုသည်။

ယင်း ဆန္ဒခံယူပွဲ ကျင်းပချိန်၌ မဲရုံများတွင် လုံခြုံရေးအထူးတင်းကျပ်မည်ဖြစ်ပြီး ရဲတပ်ဖွဲ့က ဦးဆောင်၍ လုံခြုံရေးယူ မည်ဖြစ်ကာ အစိုးရက ကျောထောက်နောက်ခံ ပေးထားသည့် ကြံ့ဖွံ့၊ မီးသတ်၊ စွမ်းအားရှင်များကို နံပါတ်တုတ်များ၊ ဒိုင်းများ တပ်ဆင်ပေးပြီးပူးတွဲ လုံခြုံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ဒုရဲအုပ်က ပြောသည်။

ဆန္ဒခံယူပွဲကျင်းပရန် ရက်ပိုင်းသာ လိုတော့သော်လည်း ရန်ကုန်တိုင်း အတွင်းတွင် မဲရုံဟူ၍ သီးသန့် တည်ဆောက်မည် မဟုတ်ဘဲ စာသင်ကျောင်းများ၊ ဓမ္မာရုံများ၊ ဘုန်းကြီးကျောင်းများနှင့် ရယက ရုံးများကို မဲရုံအဖြစ် သတ်မှတ်ပြီး ဆန္ဒမဲ ပေးခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းကော်မရှင် အဖွဲ့ခွဲနှင့် နီးစပ်သူများက ပြောဆိုသည်။

Source

No comments: