Wednesday, April 30, 2008

ကမ္ဘာလှည့်ခရီးသွားများကို စောင့်ကြည့်ရန် ကုမ္ပဏီများကို နအဖ တိုက်တွန်း

မုံပီး Wednesday, 30 April 2008

နယူးဒေလီ။ ။ အစိုးရိမ်ကြီးလှသော စစ်အစိုးရသည် ဆန္ဒခံယူပွဲ နီးကပ်လာချိန်တွင် စဉ်းစား၍ရသမျှ ယိုပေါက်ဟာ ပေါက်မရှိစေရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။

မေလ ၁ ရက်မှ ၁၅ ရက်နေ့အတွင်း ခရီးသွား လုပ်ငန်းကုမ္ပဏီများမှ ကမ္ဘာလှည့် ခရီးသွားများကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားတင်ပြမှုတွင် အကျုံးဝင်သော နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် မည်သည့် နိုင်ငံရေး ကိစ္စတွင်မှ ပါဝင်ပတ်သက်မှု မရှိစေရန်အတွက် မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက မြန်မာခရီးသွား လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီအားလုံးသို့ ယခုလ ၂၁ ရက်နေ့က အကြောင်းကြားခဲ့သည်။

ခရီးသွား ကိစ္စရပ်များမှအပ နိုင်ငံရေး ကိစ္စရပ်များတွင် ပါဝင်ပတ်သက်မှု မရှိစေရေးနှင့် လုံခြုံရေးအရ မလိုလားအပ်သော အုပ်ချုပ်မှု ဖြစ်စဉ်များ မဖြစ်ပွားစေရေး အထူးဂရုစိုက် ကြပ်မတ်ရန် လိုအပ်ပါသည်” ဟု ဝန်ကြီးဌာနကိုယ်စား ရုံးအဖွဲ့မှူး အငြိမ်းစား ဒုဗိုလ်မှူးကြီး ရန်နိုင် လက်မှတ်ရေးထိုးထားသော အဆိုပါ စာတွင် ဖော်ပြထားသည်။

သက်ဆိုင်ရာ ကုမ္ပဏီများအလိုက် မိမိတို့ ထောက်ခံတင်ပြထားသည့် ဧည့်သည်များအပေါ် တိတိကျကျ တာဝန်ယူ ဆောင်ရွက်သွားရန် လိုအပ်ပါသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုရန် ဆန္ဒခံယူပွဲကို မေလ ၁ဝ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ဆန္ဒခံယူပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံခြားခရီးသွားများက နိုင်ငံရေး ဖြစ်စဉ်တွင် ပါဝင်နှောင့်ယှက်ခြင်း မပြုနိုင်ရန် ခရီးသွား ကုမ္ပဏီများက တာဝန်ယူရမည်ဟု မဇ္ဈိမက မိတ္တူ ရရှိထားသော ဝန်ကြီးဌာန၏ အဆိုပါ စာတွင် ရေးထားသည်။

ထို့အပြင် ကမ္ဘာလှည့်ခရီးသွား ကုမ္ပဏီများအနေနှင့် ဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကမ္ဘာလှည့်ခရီးသွား အမျိုးအစား ၄ ခုသာ မိမိတို့ဖောက်သည် ခရီးသွားများ သွားလာ လည်ပတ်ကြစေရန် တာဝန်ယူရမည်။

အဆိုပါ အမျိုးအစား ၄ မျိုးမှာ အပန်းဖြေခရီးသွား၊ စီးပွားရေး အဓိက ခရီးသွား၊ ပုံမှန် စီးပွားရေးလုပ်ငန်း ခရီးသွားနှင့် အထူးစိတ်ဝင်စားမှု ခရီးသွား အမျိုးအစားများ ဖြစ်သည်။ အထူးစိတ်ဝင်စားမှု အမျိုးအစားတွင် သဘာဝပတ်ဝန်းကျင် ခရီးသွား၊ ယဉ်ကျေးမှု ခရီးသွားနှင့် စိုက်ပျိုးရေးလုပ်ငန်း ခရီးသွားတို့ ပါဝင်သည်။

ဤအကြောင်းကြားစာတွင် ကမ္ဘာလှည့်ခရီးသွားများ မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခြင်း မပြုရန် ကန့်သတ်ထားကြောင်း မပါရှိသော်လည်း သူတို့ကုမ္ပဏီတွင် မေလအတွင်း လာရောက်လည်ပတ်ရန် စာရင်းပေးသွင်းထားသော ကမ္ဘာလှည့်ခရီးသည် အနည်းငယ်သာ ရှိသည်ဟု ရန်ကုန်ရှိ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကုမ္ပဏီတခု၏ ပြောခွင့်ရသူက ပြောကြားသည်။

ဤကြေညာချက် ထွက်ပေါ်လာချိန်သည် ကမ္ဘာလှည့် ခရီးသွားများကို ဗီဇာများ ထုတ်ပေးရာ၌ မြန်မာအစိုးရက ကန့်သတ်ချက်များ ပြုလုပ်နေသည်ဟု ကောလဟလများ ထွက်ပေါ်နေချိန်နှင့် တိုက်ဆိုင်နေသည်။

သို့သော် မြန်မာဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန အရာရှိတဦးက အဆိုပါ ကောလဟလ မဟုတ်မှန်ဟု ငြင်းဆိုသွားပြီး ဗီဇာလျှောက်ထားရေး လုပ်ငန်းစဉ်များမှာ မူလအတိုင်းပင်ဖြစ်ပြီး “ဆိုက်ရောက်ဗီဇာ” အပါအဝင် ဗီဇာ အများအပြားကို ဆက်လက် ထုတ်ပေးလျက် ရှိကြောင်း ပြောဆိုသည်။

ဤသို့ ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ငြင်းဆိုခဲ့သော်လည်း ဗီဇာလျှောက်ထားရေး လုပ်ငန်းစဉ်များကို အနည်းငယ် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ထားပြီး သံရုံးက ဗီဇာ ထုတ်ပေးခြင်းမပြုမီ လျှောက်ထားသူကို လူတွေ့ စစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ဗီဇာ လျှောက်ထားခဲ့သော ထိုင်းနိုင်ငံရှိ ကမ္ဘာလှည့် ခရီးသွားတဦးက ပြောသည်။

လျှောက်ထားသူအနေဖြင့် ပြစ်မှုကင်းရှင်းကြောင်း ယခုအခါ သက်သေပြရန် လိုအပ်ပြီး မည်သည့် နိုင်ငံရေး လှုပ်ရှားမှုတွင်မှ ပါဝင်ပတ်သက်မည် မဟုတ်ကြောင်းလည်း ခံဝန် ပြုလုပ်ရမည်ဟု အဆိုပါ ခရီးသွားက ပြောသည်။

ဆိုက်ရောက်ဗီဇာ ရရှိရန်လည်း အနည်းဆုံး ၂ ပတ် ကြိုတင်၍ စာရင်း ပေးသွင်းထားရမည် ဟုလည်း မြန်မာပြည်မှ ခရီးသွားလုပ်ငန်း ကုမ္ပဏီ၏ အဆိုအရ သိရသည်။

Source

No comments: