Wednesday, April 30, 2008

စစ်တွေတွင် ကြံ့ဖွတ်အမာခံ တဦးဓါထိုးခံရ၍ သေဆုံး

Narinjara News 4/30/2008

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကြံ့ဖွတ် အမာခံ အဖွဲ့ဝင် တဦးမှာ ဓါးထိုးခံရသော ဒဏ်ရာကြောင့် များမကြာမှီက သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ကြံ့ဖွတ် အဖွဲ့ဝင် ကိုမောင်မောင် (၂၆ နှစ်) ဖြစ်ပြီး စစ်တွေ ဆင်ကူးလမ်း ရပ်ကွက်မှ ဖြစ်သည်။ အဆိုပါ ဓါးထိုးမှုမှာ စစ်တွေ-ဘူးသီးတောင် အကြား ပြေးဆွဲနေသော သင်္ဘောပေါ်တွင် ဧပြီလ ၂၀ ရက်နေ့ က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဓါးနှင့် ထိုးသူမှာ အဆိုပါ ရပ်ကွက်မှ ကိုကျော်ဝင်း (၁၈ နှစ်) ဖြစ်ပြီး သင်္ဘောပေါ်တွင် ကိုမောင်မောင်အား အသင့် ယူဆောင်လာသော ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင် တဦးက ပြောသည်။

ကိုမောင်မောင်မှာ ရခိုင်ပြည်နယ် ကြံ့ဖွတ်အတွင်းရေးမှူး ဦးကျော်ရင်၏ အတွင်းလူဖြစ်ပြီး စစ်တွေ-ဘူးသီးတောင် သင်္ဘောလှိုင်းတွင် ကြံ့ဖွတ်အတွင်းရေးမှူး ဦးကျော်ရင် ပါမိတ်ရထားသော ကုန်ပို့ လုပ်ငန်းတွင် တာဝန်ယူ ဆောင်ရွက်နေသူ ဖြစ်ကြောင်း သိရှိရသည်။

ကြံ့ဖွတ်အဖွဲ့ဝင်များမှာ ကုန်စည်များ သယ်ယူရာတွင် မတရားငွေကြေးကောက်ခံခြင်း၊ အလုပ်သမားများ အပေါ် အနိုင်ကျင့် ခေါင်းပုံ ဖြတ်မှုများကြောင့် မကျေနပ်ရာမှ အလုပ်သမား တဦးဖြစ်သူ ကိုကျော်ဝင်း ဓါးနှင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

အမည်မဖေါ်လိုသူ တဦးက နအဖ ပို့ဆောင်ဆက်သွယ်ရေး ဒုဝန်ကြီးမှာ ကြံ့ခိုင်ဖွံဖြိုးရေး အတွင်းရေးမှူး ဖြစ်သဖြင့် ရခိုင်ပြည်နယ် ကြံ့ဖွတ် အတွင်းရေးမှူးဖြစ်သူ ဦးကျော်ရင်အား ၀င်ငွေအကောင်းဆုံး လုပ်ငန်း တခုဖြစ်သော စစ်တွေ-ဘူးသီးတောင်-မောင်တော ကုန်စည် သယ်ယူပို့ ဆောင်ရေး လုပ်ငန်းအား လုပ်ပိုင်ခွင့် ပြုထားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

Source

No comments: