ရန်ကုန်။ ။ ရန်ကုန်မြို့လယ်တွင် တနင်္ဂနွေနေ့ညက လူအသေအပျောက်မရှိသော ဗုံးပေါက်ကွဲမှု နှစ်ခု ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားခဲ့သည်၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းမပေါ် ABC စားသောက်ဆိုင်အနီး ၃၆ လမ်း ရေမြောင်းထဲတွင် ၈ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားသည်။ နောက်တနာရီအကြာတွင် ထရိတ်ဒါးဟိုတယ် အနောက်ဖက် ၃၂ လမ်းမြောင်းထဲတွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားပြန်သည်။ ပေါက်ကွဲမှု နှစ်ခုလုံး လူများကို ထိမှန်ခြင်း မရှိပါ။
''မနေ့ည ၈ နာရီမှာ မြို့ထဲမှာ ပေါက်ကွဲသံတခု ကြားတယ်။ ၃၆ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်မှာရှိတဲ့ ABC စားသောက်ဆိုင် လမ်းဘေးမြောင်းထဲမှာ ပေါက်ကွဲမှု ဖြစ်ပါတယ်။ အနီးမှာ ရပ်ထားတဲ့ ကားမှန်နဲ့ စားသောက်ဆိုင်မှန်တွေ ကွဲပါတယ်။ နောက် ၉ နာရီလောက်မှာ ထရိတ်ဒါးဟိုတယ်နောက် ၃၂ လမ်းမြောင်းထဲမှာ တခါ ပေါက်တယ်'' ဟု မျက်မြင်မြို့ခံတဦးက ပြောသည်။
ပထမပေါက်ကွဲမှုကြောင့် အငှားယာဉ် တောင်းအေစ် အမျိုးအစား ကားနံပါတ် ခခ ၁၀၂၄ ကားမှန်နှင့် ABC စားသောက်ဆိုင်မှန်များ ကွဲကုန်သည်။
ထို့နောက် ၉ နာရီ ပတ်ဝန်းကျင်တွင် ကုန်သည်ကြီးများ ဟိုတယ် (ထရိတ်တားဟိုတယ်) အနောက်ဘက် ၃၂ လမ်း ရေမြောင်းထဲတွင်လည်း ဗုံးတလုံး ထပ်မံ ပေါက်ကွဲခဲ့သည်။
ယခုနှစ်ဆန်းပိုင်းတွင်လည်း မြို့ကြီး (၃) မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ နေပြည်တော် ပျဉ်းမနားဘူတာအနီး ဗုံးပေါက်သဖြင့် အမျိုးသမီးတဦး သေဆုံးခဲ့သလို၊ ရန်ကုန်ဘူတာကြီး အနီးတွင်လည်း ပေါက်ကွဲရာ အနည်းဆုံး လူတဦး ဒဏ်ရာရရှိခဲ့ပြီး ပဲခူးတိုင်း ဖြူးမြို့အနီးတွင် ဘတ်စ်ကားပေါ် ဗုံးကွဲရာတွင်လည်း ကားစပယ်ယာ ပွဲချင်းပြီး သေဆုံးခဲ့သည်။
Source
No comments:
Post a Comment