Thursday, April 10, 2008

ဆန္ဒခံယူပွဲ ကန့်ကွက်မဲပေးရန် လှုံ့ဆော်စာများ မန္တလေးဘုန်းကြီးကျောင်းများတွင် ကပ်

သီတာထွန်း။
ဧပြီလ ၉ ရက်၊ ၂၀၀၈ ခုနှစ်။
မန္တလေးမြိှု့ရှိ ဘုန်းကြီးကျောင်းများတွင် မေလအတွင်းကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းကို အတည် ပြုရေးအတွက် လူထု ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးကြရန် သတိပေးထားသော စာများ ယမန်နေ့ညက ကပ် ထားခဲ့သည်။

မစိုးရိမ်စာသင်တိုက်တွင်လည်း စာများကိုတွေ့ရကြောင်း ဆရာတော်တပါးက “ဟုတ်တယ်။ မနက် (၃) နာရီ လောက်လာကပ်တာပေါ့။ ကျောင်းရဲ့ မုဒ်ဦးမှာကပ်ထားတာပါ။ ကပ်သွားတဲ့အဖွဲ့အစည်းက လူထုလှုပ် ရှားမှုဖော်ထုတ်ရေးကော်မတီက ကပ်တာ။ ” ဟု မိန့်ကြားသည်။

သံဃာတော်များကို ဦးတည်လျောက်ထားသည့် စာထဲတွင် “တပည့်တော်တို့ရဲ့ ဘာသာ၊ သာသနာကို လည်း ပြစ်မှားစော်ကား ပုတ်ခတ်ကြမှာပါ။ ထောက်ခံမဲပေးခြင်းရဲ့ ဆိုးကျိုးများကို အရှင်ဘုရားတို့ သိပင်သိငြားလည်း သတိမပြုမိမှာကို စိုးရိမ်မိ၍ ဤစာကို ဖြန့်ဝေရခြင်းပါ။ ” စသည်ဖြင့် ရေးသားထား သည်။

အလားတူစာများကို မန္တလေးမြို့ အနီးရှိ အမရပူရမြို့နယ်တွင်လည်း ဧပြီလ (ရ) ရက်နေ့ကစ၍ ကပ်ခဲ့သည်ဟု မန္တလေးက သံဃာတော်တပါးက မိန့်ကြားသည်။

ယမန်နေ့ညတွင် မန္တလေးမြို့ရှိ အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင် ဟုခေါ်သည့် အရပ်လေး မျက်နှာရှိ ဘုန်းတော်ကြီး ကျောင်းများတွင် စာကပ်ခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရသည် လွန်ခဲ့သည့်နှစ်တွင် သံဃာများ ဦးဆောင်ခဲ့သည့် စက်တင်ဘာ လှုပ်ရှားမှု အတွင်း သံဃာများ အပါအ၀င်လူထုကို အကြမ်းဖက်နှိမ်းနှင်းခဲ့သည်။ လာမည့် မေလတွင် လည်း အစိုးရ စိတ်ကြိုက်ရွေးချယ် ထား သည့် ကိုယ်စားလှယ် အများစုဖြင့် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံမူကြမ်းကို အတည်ပြုနိုင်ရေးအတွက် လူထု ဆန္ဒခံယူပွဲများ လုပ်ရန် ကြေညာထားသည်။

No comments: