မျိုးကြီး Monday, 21 April 2008
ရွှေလီ။ ။ မေလတွင် ကျင်းပမည့် ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲ၌ ကန့်ကွက်မဲပေးရန် နှိုးဆော်စာများကို ယခုလ ၁၉ ရက်နေ့ ညပိုင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း လှုံ့ဆော်မှုများ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများက ပြုလုပ်ခဲ့သည်။
“ကြက်ဆူပင် ... အလိုမရှိ၊ ဧရာဝတီမြစ်ဆုံ ရေကာတာ ... အလိုမရှိ၊ နအဖ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ... ကန့်ကွက်ဆန္ဒမဲ ပေးကြ” ဟု A4 side စာရွက်များပေါ်တွင် လက်ရေးနှင့် ရေးသားထားသည့် လှုံ့ဆော်စာများကို ဗန်းမော် ကွန်ပြူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အထက (၁) ကျောင်းနှင့် ဗန်းမော်-မြစ်ကြီးနား လမ်းဘေးရှိ ဓာတ်တိုင်များ၊ သစ်ပင်များနှင့် မန်စီ၊ မိုးမောက်၊ ရွှေကူမြို့တွင် ၁၉ ရက် ညပိုင်းက လိုက်လံကပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လှုပ်ရှားမှုကို ပြုလုပ်သည့် မြစ်ကြီးနားအခြေစိုက် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့မှ ကိုဘရန်က “လူထုအနေနဲ့ လက်ခံတယ်။ ဒီမနက် လမ်းသွားလမ်းလာတွေက ဒီစာတွေကို လာကြည့်ကြတယ်။ အခုလို လုပ်တာကို ထောက်ခံတယ်လို့ ပြန်ကြားရတာပေါ့။ အာဏာပိုင်တွေဘက်ကလည်း ကင်းလှည့်တာတို့၊ မိသားစုတွေကို လိုက်သတိပေးတာတို့ အဲလို တင်းကြပ်လာတာတော့ ရှိတယ်။ အဖမ်းအဆီးတော့ မရှိဘူး” ဟု ပြောသည်။
ဗန်းမော်မြို့နယ် အတွင်းရှိ မန်ရွတ်၊ စီအင်၊ ၇ မိုင်ကျေးရွာများတွင်လည်း ယခုလို စာကပ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သေးကြောင်း ကျောင်းသားသမဂ္ဂက ပြောသည်။
ဗန်းမော်မြို့ခံတဦးက “မဲပေးတဲ့ အချိန်မှာတော့လေ ဗန်းမော်မြို့ပေါ်က လူတွေအနေနဲ့တော့ ကန့်ကွက်မဲ ပေးမယ့်သူ များတယ်။ သိတဲ့သူ များတယ်။ မသိတဲ့သူ အနည်းအကျဉ်းလောက်ပဲ ထောက်ခံမဲ ပေးကြမှာပါ” ဟု သူက ဆက်ပြောသည်။
မဲဆန္ဒပေးပွဲနှင့် ပတ်သက်၍ နအဖ အာဏာပိုင်များက အတိုက်အခံ အင်အားစုများအား လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် မပေးသော်လည်း ဗန်းမော်မြို့နယ်တွင် ဒေသအာဏာပိုင်များက ဝန်ထမ်းများကို ကျေးရွာများအထိ ဆင်းခိုင်းကာ ထောက်ခံမဲပေးရေး စည်းရုံးမှုများ ပြုလုပ်နေသည်။
သို့သော်လည်း ရှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့၏ အစည်ကားဆုံး ပွဲတခုဖြစ်သည့် မြန်မာနှစ်ဆန်း တရက်နေ့တွင် ကျင်းပသော နှစ်ကူးပွဲတွင် ဆန္ဒခံယူပွဲအား ကန့်ကွက်မဲပေးရန် တိုက်တွန်းထားသည့် ရှမ်း-မြန်မာ နှစ်ဘာသာနှင့် ရေးသားထားသော စာရွက်စာတမ်းများကို ရှမ်းလူငယ်များက ဖြန့်ဝေခဲ့ကြသည်။
Source
No comments:
Post a Comment