Friday, April 11, 2008

ဘင်္ဂလားပင်လယ်အော်အတွင်း ငါးဖမ်း ဘုတ်တစ်စီးနစ်မြုပ်၍ ရခိုင်အမျိုးသား အများအပြား ပျောက်ဆုံးနေ

Narinjara News
ဘင်္ဂလာပင်လယ်အော်တွင် ငါးဖမ်းဘုတ် တစီးအား တခြားငါးဖမ်းဘုတ် တစီးက ညဥ့်အချိန် ရပ်နားထားစဉ် ၀င်ရောက် တိုက်သွားသဖြင့် အတိုက်ခံရသော ဘုတ်မှာ နစ်မြုပ်သွားပြီး ရခိုင်ငါးဖမ်းသမား အများအပြား ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

“ အတိုက်ခံရတဲ့ ဘုတ်က ရခိုင် ငါးဖမ်း စက်လှေပါ။ ကော့ဘဇားမြို့နယ် မဟားဇိုးရွာ အနီးမှာရှိတဲ့ ဂိုရိုဂါတား ကမ်းနားမှာ ညဥ့်အချိန် ရပ်နားထားစဉ် ၀င်တိုက်သွားတဲ့ အတွက် ငါးဖမ်းဘုတ်က နစ်မြုပ်သွားပြီး လူ ၁၀ ဦးက ခုချိန်ထိ ပျောက်ဆုံးနေပါတယ်၊” ဟု အသက်ဘေးမှ လွတ်မြှောက်လာသူ ငါးဖမ်းသမား တဦးက ပြောသည်။

အဆိုပါဘုတ်မှာ မတ်လ ၅ ရက်က နစ်မြုပ်သွားပြီး နစ်မြုပ်ရာတွင် ငါးဖမ်းသမား ၁၂ ဦးပါဝင်သွားခဲ့သည်။

ထိုအထဲမှ သော်ဒီဂျာကျေးရွာမှ ဦးမောင်ရွှေ အသက် (၄၀)နှစ်နှင့် ဦးမဲ အသက် (၄၅) နှစ်တို့မှာ သုံးရက်ခန့်ကြာပြီးမှ အသက်ဘေးမှ လွတ်မြှောက်လာခဲ့သည်။

ယခုအချိန်ထိ ပျောက်ဆုံးနေသူ (၁၀) ဦးမှာ မောင်ဖြူသိန်း၊ စောသာအောင်၊ အေးလှမောင်၊ အဒါမောင်၊ အကျော်၊ မောင်ဘသိန်း၊ မောင်သန်းစိန်၊ သာကျော်၊ သာမောင်၊ နူရူဟားမတ် တို့ဖြစ်ကြောင်း သိရှိရသည်။

အလားတူ အဖြစ်အပျက်မျိုး ၂၀၀၅ ခုနှစ် မိုးတွင်းပိုင်းကလည်း ဖြစ်ပွားခဲ့ပြီး အဆိုပါ ငါးဖမ်းဘုတ် နစ်မြုပ်မှုတွင် လူ (၈) ဦးသေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

No comments: