Narinjara News
လေးကြိမ်မြောက် ထိုင်းနိုင်ငံ မဲဆောက်မြို့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်အား ယခုနှစ် သင်္ကြန်ကာလအတွင်း အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
အဆိုပါပွဲတော်အား ဧပြီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် မဲဆောက်မြို့မယ်ပ ရပ်ကွက်(၂)ရှိ အထက်တန်းကျောင်းအနီးတွင် ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မီတီက အဖွဲ့ဝင် တဦးကပြောသည်။
အဆိုပါ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွဲနိုင်ရန်အတွက် ထိုင်းနိုင်ငံ တနံတလျားတွင် ရောက်ရှိနေကြသော ရခိုင်အမျိုးသားများအား ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။
ချစ်စရာကောင်းသော ရခိုင်သင်္ကြန်ကို မဲဆောက်မြို့တွင် ကျင်းပရခြင်းမှာ အဝေးရောက်ရခိုင်များအတွက် အိမ်လွမ်းစိတ်ကို အတတ်နိုင်ဆုံး ဖြေဖျောက်နိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ကြာင်း သူကပြောသည်။
ရခိုင်အမျိုးသားများတို့၏ သင်္ကြန်ပွဲတော်မှာ နှစ်စဉ်ကျင်းပသော ပွဲတော်များထဲတွင် အစည်ကားဆုံးနှင့် ပျော်ရွှင်စရာ အကောင်းဆုံး ပွဲတော်ဖြစ်သည်။
လူကြီး လူငယ် အပျို အအို အားလုံးပါဝင် ဆင်နွဲနိုင်သော ပွဲတော် တရပ်ဖြစ်ပြီး မိသားစုများစုဆုံရာ ပွဲတော်တရပ်လည်း ဖြစ်သည်။ သို့သော်လည်း စီးပွားရေး အခက်အခဲများကြောင့် ရခိုင်အမျိုးသားများမှာ ယခင်ကကဲ့သို့ မိသားစုများနှင့် သင်္ကြန်တွင် စုဆုံနိုင်ခြင်း မရှိသောကြောင့် ရောက်သည့်အရပ်တွင် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်အား ကျင်းပပြီး အလွမ်းဖြေ တတ်ကြကြောင်း သိရှိရသည်။
ရခိုင်ရိုးရာသင်္ကြန်မှာ တခြားအမျိုးသားများ၏ ရိုးရာသင်္ကြန်နှင့် မတူဘဲ တမူထူးခြားနေသဖြင့် လူပျို အပျိုများမှာ ရခိုင်သင်္ကြန်ကို တကြိမ်ပါဝင်ဆင်နွဲမိလျှင် တသက်တာ မဖြေဖျောက်နိုင်အောင် စွဲလန်းသွားရသော သင်္ကြန်ပွဲတော် တရပ် ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment