Friday, April 11, 2008

သီးလေးသီး အငြိမ့်အဖွဲ့မှ လူရွှင်တော် ပန်းသီးသင်္ကြန်အမီ ထိမ်းမြားလက်ထပ်

NEJ/ ၁၁ ဧပြီ ၂၀၀၈
သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့မှ လူရွှင်တော် ပန်းသီး (ကိုမျိုးဇော်) သည် ထိုင်း-မြန်မာ နယ်စပ် လွတ်မြောက်နယ်မြေတွင် ဘဝလက်တွဲဖော် ဖူးစာရှင် မဝင်းသီတာအောင်နှင့် ယနေ့ နံနက်တွင် ထိမ်းမြား လက်ထပ် လက်မှတ်ရေးထိုးကြသည်။

မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီရုံးတွင် ကျင်းပသည့် လက်မှတ် ရေးထိုးပွဲသို့ သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့မှ ဝိုင်းတော်သားများ၊ နှစ်ဘက် မိတ်ဆွေများ စုံညီစွာ တက်ရောက်ကြသည်။

လူရွှင်တော် ပန်းသီး အိမ်ထောင်ပြုသည့်ကိစ္စနှင့် ပတ်သက်၍ အဖွဲ့ခေါင်းဆောင် ကိုဂေါ်ဇီလာက "ဒါကလူမှုရေးကိစ္စပါ။ အဖွဲ့ရဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ထိခိုက်စရာ အကြောင်းမရှိပါဘူး။ ကျနော် တို့ ရည်ရွယ်ချက်ကို ဆက်လုပ်သွားပြီး အောင်ပွဲရတဲ့အထိ ချီတက်သွားမှာပါ။ မြန်မာပြည်က လူထုတွေလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လာမယ့်မေလ (၁၀) ရက်မှာ ကျင်းပမယ့် လူထုဆန္ဒ ခံယူပွဲမှာ ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းပါတယ်" ဟု ခေတ်ပြိုင်သို့ပြောသည်။

လူရွှင်တော်စိန်သီးကလည်း "ဒါ ကျနော်တို့အဖွဲ့ အင်အားတောင့်လာတာလို့ ပြောချင်တယ်။ ပြည်တွင်းကလာတာ (၇) ယောက်၊ အခု (၈) ယောက်ဖြစ်သွားတော့ ကျနော်တို့အတွက် ပိုပြီး အားရှိသွားတယ်" ဟု ပြောသည်။

အိမ်ထောင်ပြုလိုက်သော်လည်း မိမိတို့ အဖွဲ့၏ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည်အထိ ဆက် လက် လျှောက်လှမ်းသွားမှာဖြစ်ကြောင်း ကိုပန်းသီးက ပြောသည်။

မဝင်းသီတာအောင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ အမျိုးသမီးအဖွဲ့ဝင်တဦးဖြစ်သည်။

သီးလေးသီး အငြိမ့်အဖွဲ့သည် လာမည့်ဧပြီလ (၁၃) ၌ ချင်းမိုင်မြို့တွင် ကပြဖျော်ဖြေမည် ဖြစ်သည်။

No comments: