Wednesday, April 9, 2008

ဘန်ကောက်သို့ ခိုးဝင်မည့်မြန်မာ (၃၅) ဦး ဖမ်းဆီးခံရ

ခေတ်ပြိုင်
ထိုင်းဘတ်ငွေ (၅) သိန်း (၆) သောင်း အကုန်အကျခံကာ ဘန်ကောက်သို့ ခိုးဝင်မည့် မြန်မာနိုင်ငံ သား (၃၅) ဦးကို မဲဆောက်မြို့ပြင်တွင် ယနေ့နံနက် (၆) နာရီခွဲအချိန်က ထိုင်း (လဝက) က ဖမ်းဆီးလိုက်သည်။

နှစ်ခန်းတွဲ ပစ်ကပ်ကား (၂) စီးအတွင်း အမျိုးသား (၁၅) ဦး၊ အမျိုးသမီး(၂ဝ) ဦး တင်ဆောင်လာသည့် လူကယ်ရီကားနောက်သို့ မဲဆောက် ထိုင်း (လဝက) ကား (၃) စီးက လိုက်လံဖမ်းဆီး ရာ ကားကိုရပ်၍ ဒရိုင်ဘာ (၂) ဦး ထွက်ပြေးလွတ်မြောက်သွားပြီး ကားပေါ်ပါ မြန်မာ (၃၅) ဦးကို ထိုင်း (လဝက) က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

လူကယ်ရီကား (၂) စီးကို ထိုင်း (လဝက) က သိမ်းဆည်းထားပြီး ဒရိုင်ဘာ (၂) ဦးကို အပူ တပြင်း လိုက်လံရှာဖွေလျက်ရှိသည်။

မဲဆောက် (လဝက) အရာရှိတဦးဖြစ်သူ ရဲဗိုလ်မှူး ကန်ဖုံ ဝုန်ဝိချိုင်း က "အခု အဖမ်းခံရတဲ့လူ (၃၅) ဦးကို မြန်မာပြည်ပြန်ပို့ပြီး လူကယ်ရီကားမောင်းသူ (၂) ဦးကို ရှာဖွေစုံစမ်းအရေးယူသွား မှာဖြစ်တယ်" ဟု ဒေသခံ သတင်းထောက်များအား ပြောသည်။

အဖမ်းခံရသူများမှာ ဖားအံ၊ သာမညနှင့် ကျုံဒိုးမှ ဖြစ်ကြပြီး သာမညသူ အမျိုးသမီးတဦးက "သင်္ကြန်မှာ ကိုယ့်ရပ်ရွာမှာ ကောင်းမှုကုသိုလ်ပြုပြီး မိဘတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေရမှာဖြစ်တယ်။ ငွေမရှိတော့ ရွာမှာ ဘယ်လိုမှ ပျော်လို့မရဘူး။ ဒါကြောင့် ဘန်ကောက်ကိုတက်လာတာ" ဟုပြော သည်။

အဖမ်းခံရသူများမှာ တဦးလျှင် ထိုင်းဘတ်ငွေ (၁၆,ဝဝဝ) နှုန်းဖြင့် ဘန်ကောက်အရောက် လူကယ်ရီက ပို့ဆောင်ပေးမည်ဟု ဆိုသော်လည်း ယခုကဲ့သို့ အဖမ်းခံရသဖြင့် ငွေကုန်လူပန်း ဒုက္ခဖြစ်ရကြောင်း ကျုံဒိုးရွာသားတဦးက ပြောသည်။

၎င်းက "ကျနော်တို့ ဆွေမျိုးသားချင်း (၃) ယောက် ဒီခရီးစဉ်အတွက် ကျနော့်မိဘပိုင် လယ် တခင်းကိုရောင်းပြီး စွန့်စားကြတာပါ။ အခုတော့ လိုရာခရီးမရောက်ဘူး။ အဖမ်းခံရတယ်။ ရွာထဲပြန်ဝင်ဖို့ ဘယ်လိုမျက်နှာထားရမှန်းတောင် မသိတော့ဘူး" ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူများကို ထိုင်းအာဏာပိုင်များက နည်းအမျိုးမျိုးဖြင့် နေ့စဉ် လိုက်လံ ဖမ်းဆီး လျှက်ရှိ သော်လည်း မြန်မာပြည်ထက် လုပ်အားခ ပိုမိုရရှိသည့် ထိုင်းနိုင်ငံ အတွင်းသို့ မြန်မာနိုင်ငံသားအများစုက နည်းအမျိုးမျိုးဖြင့် နေ့စဉ်ဝင်ရောက်လျှက်ရှိသည်။

No comments: