Monday, April 7, 2008

တက္ကစီကား (၁,၀၀၀) ကျော် မီတာတပ်ရန် အမိန့်ဖီဆန်

ခေတ်ပြိုင်
ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး မိမိတို့ ခွင့်ပြုထားသည့် ကုမ္ပဏီများတွင် မီတာတပ်ဆင် ကြရန် ကက၊ ခခ နံပါတ်တပ် တက္ကစီကားများကို ညွှန်ကြားထားခဲ့ရာ အစီးရေ (၁,၀၀၀) ကျော်က အမိန့်ကို ဖီဆန်ပြီး မီတာတပ်ဆင်မှု မပြုကြကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

မီတာ မတပ်ဆင်သေးသူ တက္ကစီဒရိုင်ဘာတဦးက “ကျနော်တို့ တက္ကစီသမားတွေ အချင်းချင်း လည်း တိုင်ပင်ထားတယ်။ မတပ်ဘဲ နေလို့ရရင် မတပ်ကြဖို့။ (၄) သောင်းလောက်တန်တဲ့ မီတာ တွေကို ကျပ် (၂) သိန်းတောင်းပြီး စစ်အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေမှာ တပ်ခိုင်းတယ်။ မီတာတပ်ပြီးရင်လည်း ဘယ်သူကမှ မီတာနဲ့ မဆွဲကြတာမို့ ပြည်သူတွေလည်း အကျိုးမရှိ၊ တက္ကစီသမားတွေလည်း ငွေ (၂) သိန်းကုန်ပြီး အကျိုးမရှိဘူး။ ဒါကြောင့် သွားမတပ်ကြတာ” ဟုပြောသည်။

သို့သော် မီတာ မတပ်ဆင်သဖြင့် ဓာတ်ဆီ၊ ဒီဇယ်နှင့် ဓာတ်ငွေ့ရောင်းချခွင့်များ ပိတ်ပင်မည် ဆိုလျှင်မူ ရွေးချယ်စရာလမ်းမရှိကြောင်း ၎င်းက ပြောသည်။

နအဖစစ်အစိုးရက ထိပ်ပိုင်း စစ်အာဏာပိုင်များနှင့် နီးစပ်သော Aye Family, Sakura, LYNX စသည့် ကုမ္ပဏီ (၃) ခုကိုသာ မီတာတင်သွင်း တပ်ဆင်ခွင့်ပြုခဲ့ပြီး အခြားလုပ်ငန်းရှင်များကို တင်သွင်းတပ်ဆင်ခွင့် မပြုကြောင်း သိရသည်။

တရုတ်ပြည်တွင် တခုလျှင် ကျပ် (၄) သောင်းခန့်သာ ပေးရသည့်မီတာများကို ပြည်တွင်း၌ ကျပ် (၂) သိန်းဖြင့် တပ်ဆင်စေ ခြင်းဖြစ်သည်ဟုလည်း လုပ်ငန်းရှင်များက ပြောသည်။

ရန်ကုန်မြို့၌ တက္ကစီယာဉ် အစီးရေ (၆,၀၀၀) ကျော်ရှိပြီး ကက၊ ခခ နံပါတ်တပ်ထားသည့် တက္ကစီအစီးရေမှာ (၂,၀၀၀) ခန့်ရှိကာ အစီးရေ (၁,၀၀၀) ကျော်က မီတာတပ်ဆင်ရန် အမိန့် ဖီဆန်နေကြခြင်းဖြစ်သည်။

စစ်အစိုးရက မြန်မာနိုင်ငံအတွင်း ကားတင်သွင်းခွင့် ပိတ်ပင်ထားဆဲဖြစ်ပြီး တက္ကစီကားအများစုမှာ အလွန်ဟောင်းနေသည့်အတွက် ပြင်သုံးနေရကြောင်း၊ အချို့ကားများသည် မီတာပြခွက်ပင် မပါဘဲ မီတာတပ်ဆင်ပါက နောက်ထပ် ပြုပြင်ရမည့် ကုန်ကျစရိတ်ကလည်း မနည်းကြောင်း သိရသည်။

လက်ရှိ မီတာတက္ကစီ တပ်ဆင်ပြီးသား ကားများရော၊ စစ်အစိုးရ ဦးပိုင်လီမိတက်ပိုင် ပါရမီတက္ကစီ များပါ မီတာတပ်ထားသော်လည်း မီတာနဲ့ ပြေးဆွဲခြင်း မပြုကြဟု သိရသည်။

No comments: