Friday, 11 April 2008
ရွှေလီ။ ။ တရုတ်နိုင်ငံမှ နအဖ စစ်တပ်သို့ လွှဲပြောင်းပေးမည့် ဟာဝိုင်ဇာအမြောက်ဆွဲ ယာဉ်အစီး ၅ဝ ကျော်ကို ယနေ့ နံနက်ပိုင်းက တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့သို့ ရောက်ရှိနေသည်။ တရုတ်နိုင်ငံလုပ် ဟာဝိုင်ဇာ အမြောက်ဆွဲ ယာဉ်များကို ယနေ့နံနက်ပိုင်းက ရွှေလီမြို့ရှိ ကားရေဆေးခုံများတွင် ရေဆေးနေသည်ကို တွေ့ခဲ့ရသည့် ဒေသခံများက အဆိုပါ ယာဉ်များမှ မြန်မာစစ်တပ်သို့ တရုတ်နိုင်ငံမှ လွှဲပြောင်းပေးမည့် ယာဉ်များ ဖြစ်သည်။
“ဒီမနက်ပဲ ရောက်တာ။ အားလုံး ၅ဝ ကျော်လောက် ရှိတယ်။ မြို့ထဲက ရေဆေးခုံတွေမှာ ပိုများတယ်” ဟု ရွှေလီမြို့ခံ ကားဆရာတဦးက ပြောသည်။
အဆိုပါ စစ်ယာဉ်များသည် မြန်မာ ဘာသာစကားဖြင့် ‘အရှေ့လေ’ အမည်ရသည့် Tong Feng မော်တော်ကား ကုမ္ပဏီမှ ထုတ်လုပ်သည့် ၆ ဘီးတပ် သရီးကရောင်း အမျိုးအစား စစ်ယာဉ်များ ဖြစ်သည်။
“လူစီးကားတော့ မဟုတ်ဘူး။ ဟာဝိုင်ဇာ အမြောက်ကြီးတွေကို နောက်ကနေ ဆွဲတဲ့ ကားတွေပဲ။ လိုအပ်ရင် ကျည်ဆံတို့၊ ရိက္ခာတို့ တင်ပြီး သွားနိုင်တဲ့ ကားတွေဖြစ်တယ်” ဟု တရုတ်နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
ယခု လွှဲပြောင်းပေမည့် ယာဉ်များမှာ ယခင်က လွှဲပြောင်းပေးသည့် FAW နှင့် Tong Fang ယာဉ်များထက် အရွယ်အစား ပိုမို ကြီးမားသည့်အပြင် ကြံ့ခိုင်မှု အရေအသွေးလည်း ပိုမို ကောင်းမွန်သည့် ဝန်တင် အမြောက်ယာဉ်ဆွဲ ကားများ ဖြစ်သည်။ ကားများမှာ ၁ဝ၅ (မမ) အမြောက်ကြီးများ အပါအဝင် ၁၅၅ (မမ) ဟာဝိုင်ဇာ အမြောက်ကြီးများကို ရွှေ့ပြောင်း သယ်ဆောင်ရာတွင် ယာဉ်နောက်ပိုင်းရှိ ချိပ်တွင် ချိပ်ဆွဲ၍ သွားနိုင်သော ယာဉ်များ ဖြစ်သည်။
ကားများကို မူဆယ်နှင့် ကပ်လျက်ရှိသည့် ကြယ်ခေါင် ကားကြီးဝန်း မျက်စောင်းထိုးဘက်၌ ရှိသော ဝန်းကြီးတခုတွင် ထားရှိကြောင်း ကြယ်ခေါင် ဒေသခံတဦးက ပြောသည်။
ယခုနှစ်အတွင်း တရုတ်နယ်စပ် ကြယ်ခေါင် - မူဆယ် လမ်းကြောင်းအတိုင်း တရုတ်က နအဖစစ်တပ်ကို လွှဲပြောင်းပေးခဲ့သည့် စစ်ကားအစီးရေ ၁ ထောင်ခန့် ရှိပြီ ဖြစ်သည်။
တရုတ်မှ နအဖ စစ်တပ်သို့ လွှဲပြောင်းပေးခဲ့သည့် စစ်ကားများထဲမှ အချို့ကို လုံထိန်း ရဲတပ်ဖွဲ့အတွက် မကြာသေးခင်က လွဲပြောင်း ပေးအပ်အပ်ခဲ့ပြီး လူထုအုံကြွမှုများကို နှိမ်နှင်းရန် ရဲတပ်ဖွဲ့သုံး ဆေးရောင်နှင့် တံဆိပ်များ တပ်ဆင်ကာ ကြပ်ပြေး (နေပြည်တော်) အပါအဝင် ရန်ကုန်၊ မန္တလေး မြို့ကြီးများသို့ လွန်ခဲ့သည့် လကုန်ပိုင်းက ပို့ဆောင်ခဲ့သေးသည်။
No comments:
Post a Comment