Wednesday, April 23, 2008

ကျောက်ဖြူမှ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်သူ နှစ်ဦး လက်စတုံး ဖျောက်ဖျက်ခံရ

Narinjara News
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဦးဆောင်ပါဝင်ခဲ့သူ နှစ်ဦးကို ဖမ်းဆီးရမိပြီးနောက်ပိုင်းတွင် ရဲစခန်း တခုက လက်စတုံး အဆုံးစီရင်လိုက်ကြောင်း သတင်းရရှိသည်။

သူတို့နှင့် လုပ်ဖေါ်ကိုင်ဘက် တဦးဖြစ်သူ ကျောက်ဖြူမြို့နယ် ခြုံဆွယ်ကျေးရွာမှ ကိုထွန်းဝင်းက ရဲအဖွဲ့ ၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရသူနှစ်ဦးမှာ ကျောက်ဖြူမြို့နယ် လောင်းချောင်းကျေးရွာမှ မောင်ဘတင် အသက် ၃၀ နှစ်နှင့် မုန်းပြင် ကျေးရွာမှ ကိုမောင်စောဟန် ၄၂ နှစ်တို့ ဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။

သူတို့နှစ်ဦးအား ကျောက်ဖြူမြို့နယ် မျိုးချောင်းကျွန်းရှိ မျိုးချောင်းရဲစခန်းမှ မျိုးချောင်း ကာရီဘောင်တွင် အမျိုးအမျိုးနှိပ်စက်ပြီးနောက် ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

ကိုထွန်းဝင်းက “ကျနော်ဒိုင်ယာရီကို ယူလာလို့ မရတဲ့အတွက် လမ်းတနေရာမှာ ၀ှက်ထားခဲ့ရပါတယ်။ ဒါကြောင့် အသတ်ခံရတဲ့ နေ့စွဲကို အင်္ဂလိပ်လို ကျနော် မပြောနိုင်ဘူး။ ဒါပေမယ့် ကျနော် အတိအကျ ပြောနိုင်တာကတော့ တပို့တွဲ လဆန်း ၆ ရက်နေ့ လောက်က ဖြစ်ပါတယ်။ သတ်တဲ့ ရဲသားက တပ်ကြပ် တင်ဝင်းရွှေ ဖြစ်ပါတယ်။” ဟု ပြောသည်။

ကိုမောင်ဘတင်နှင့် ကိုမောင်စောဟန်တို့မှာ ရွှေဝါရောင်တော်လှန်ရေး အတွင်း ကျောက်ဖြူမြို့နယ် အမှတ် (၇) တိုက်နယ်မှ ပြည်သူများအား ဦးဆောင် ဆန္ဒပြခဲ့သူများ ဖြစ်ပြီး ရွှေဝါရောင်တော်လှန်ရေး အပြီးတွင် ထွက်ပြေးတိမ်းရှောင် နေခဲ့ရသူများ ဖြစ်ကြောင်းသိရှိရသည်။

နောက်ပိုင်းတွင် သူတို့နှစ်ဦးအား မျိုးချောင်းရဲစခန်းမှ ဒုရဲအုပ် မျိုးခင် ဦးစီးသော ရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိမိသွားပြီး အမျိုးမျိုးနှိပ်စက်ကာ နောက်ပိုင်းတွင် သတ်ပစ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မိသားစုများ အနေဖြင့် အဆိုပါ ကိစ္စအား တိုင်ကြားရန် အခြေအနေမရှိ ဖြစ်နေပြီ တိုင်ကြားပါက ဒေသ အာဏာပိုင်များက ပိုပြီး အနိုင်ကျင့်မည်ကို စိုးရိမ်နေကြသည်ဟု ကိုထွန်းဝင်းက ပြောသည်။

အဆိုပါ သတ်ဖြတ်ခံရမှု ကိစ္စနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုချက်များ ရယူနိုင်ခြင်း မရှိသေးပါ။

Source

No comments: