နန်းဒေဝီ
Thursday, 10 April 2008
နယူးဒေလီ။ ။ ဖြစ်ပေါ်လာနိုင်သည့် လူထုလှုပ်ရှားမှုများအား နှိမ်နင်းနိုင်ရန်အတွက် ရန်ကုန်မြို့တွင် လုံခြုံရေး တပ်သားများကို ဖြန့်ကြက်တပ်ချထားမှု စစ်အစိုးရက ပြုလုပ်လာသည်။
ရန်ကင်းမြို့နယ် ကန်ဘဲ့လမ်းရှိ ယခင် သတ္တုတွင်း ဝန်ကြီးဌာန ရုံးဟောင်းအတွင်း လုံခြုံရေး ရဲကားများနှင့် ရဲဝန်ထမ်းများကို စုဆောင်းကာ တရုတ်နိုင်ငံထုတ် FAW တံဆိပ် ဒိုင်နာကားများကိုလည်း အပြာရောင် ဆေးသုတ်ထားပြီး “ဆူးလေ” နာမည် တပ်ထားသလို၊ ရဲကား အစီးပေါင်း ၃ဝ ကျော်နှင့် လုံခြုံရေး ရဲများကို ထားရှိနေသည်။
ယမန်နေ့ ညတွင် နအဖ က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည့်ရက်ကို မေလ ၁ဝ ရက်နေ့တွင် ပြုလုပ်ရန် တရားဝင် ကြေညာပြီး နောက်ပိုင်း ရန်ကုန်မြို့တွင်းရှိ လူစည်ကားရာ ရွှေတိဂုံဘုရား အပါအဝင် လမ်းဆုံများတွင်လည်း လုံခြုံရေး ဝန်ထမ်းများ ပိုမိုတင်းကျပ်စွာ တွေ့မြင်လာရသည်။
အလားတူပင် ညသန်းခေါင်ယံ ၁ နာရီမှ ၂ နာရီအတွင်း မြို့တွင်း အချက်အချာကျသည့် လမ်းဆုံ၊ လမ်းခွများဖြစ်သော လှည်းတန်း လမ်းဆုံ၊ မြေနီကုန်း၊ ရွှေဂုံတိုင်တို့တွင် ရဲယူနီဖောင်းဝတ်များ၊ လုံထိမ်းရဲများ၊ ကြံ့ဖွံ့အဖွဲ့ဝင်များ၊ စွမ်းအားရှင်များက မီးသတ်ကားများနှင့် ကွင်းဆင်း လေ့ကျင့်နေသည်။
“အဲလို လေ့ကျင့်နေတာကို သတိထားမိတာ ၁ဝ ရက်ကျော် ကြာပြီ။ တကယ့် အရေးအခင်း ဖြစ်နေသလိုမျိုးဗျာ။ အုတ်ခဲနဲ့ပေါက်ရင် ဘယ်လို ကာကွယ်မလဲ၊ လူစုကို ဘယ်လိုဖြိုခွဲမလဲ၊ လိုက်တဲ့သူက လိုက်၊ ပြေးတဲ့သူက ပြေးနဲ့ အိမ်ကနေ လှမ်းမြင်နေရတယ်” ဟု လှည်းတန်းလမ်းဆုံတွင် နေထိုင်သူ တဦးက မဇ္ဈိမကို ပြောသည်။
No comments:
Post a Comment