ဖနိဒါ
ချင်းမိုင်။ ။ သင်္ကန်းကျွန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် လူငယ်တာဝန်ခံအား စစ်အစိုးရ အာဏာပိုင်များက ယမန်နေ့ညတွင် နေအိမ်သို့ လာရောက် ဖမ်းဆီးသွားသည်။
သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးတင်မြင့် (၅ဝ နှစ်ကျော်) နှင့် လူငယ်တာဝန်ခံ ကိုအောင်ထွန်း (၂၇ နှစ်) တို့အား ယမန်နေ့ည ၁၁ နာရီခန့်တွင် ရဲအထူး သတင်းတပ်ဖွဲ့ဝင် ၅ ဦးက ခေတ္တ မေးမြန်းစရာ ရှိသည်ဆိုကာ နေအိမ်များက ခေါ်ဆောင်သွားခဲ့ပြီး ယခုချိန်ထိ ပြန်ရောက် မလာသေးပေ။
"ဖမ်းသွားတာက ဘယ်သူရယ်လို့ မပြောဘူး။ တာဝန်ရှိတဲ့ လူတွေလို့ ပြောတယ်။ ၅ ယောက်လောက်လို့ ပြောတယ်။ ည ၁၁ နာရီလောက်မှာ။ သူတို့ကို ဘယ်မှာ ထားမှန်း မသိရသေးဘူး" ဟု အဖွဲ့ချုပ်လူငယ်တဦးက ပြောသည်။
လာရောက်ခေါ်ဆောင်သွားသည့် အာဏာပိုင်တိုင်းက မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မိသားစုဝင်များထံ ထုတ်ဖော် ပြောဆိုလေ့ မရှိသဖြင့် ယခုခေါ်ဆောင်ခံရသူ နှစ်ဦးနှင့် ပတ်သက်၍လည်း မိသားစုဝင်များနှင့် အပေါင်းအပါများက လိုက်လံ ရှာဖွေနေကြရသည်။
ပြီးခဲ့သည့်လ ၃ဝ ရက်နေ့ကလည်း သင်္ကန်းကျွန်း အန်အယ်ဒီ လူငယ်များ ဖြစ်သည့် ကိုအောင်သန်းထွန်း၊ ကိုအောင်ကျော်၊ ကိုရဲဇော်ထိုက်၊ ကိုတင်ဦးမောင်နှင့် ကိုခင်စိုးလည်း ဖမ်းဆီးခံခဲ့ရသေးသည်။ နောက်နေ့တွင် လှိုင်သာယာမြို့နယ် NLD ဥက္ကဋ္ဌဖြစ်သည့် အသက်အရွယ် ၇၄ နှစ်ရှိသူ ဦးမြင့်လှိုင်မှာ အမည်မသိ လူတဦး၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသဖြင့် ဦးခေါင်းကို ၃ ချက် ချုပ်ရပြန်သည်။
ဦးမြင့်လှိုင်ကို ရိုက်နှက်သည်ကို မျက်မြင် ကိုယ်တွေ့ဖြစ်သူ ရဲအရာရှိတဦးက ရိုက်နှက်သွားသူကို ဖမ်းဆီးခြင်း မရှိဘဲ ထွက်ပြေးသွားကြောင်း NLD သတင်းရပ်ကွက်က ဆိုသည်။
"သူတို့တွေ ကတော့ဗျာ၊ အဖွဲ့ချုပ်ဝင် ဆိုရင် ဆွဲရင်ဆွဲ၊ မဆွဲရင် ရိုက်နေတာပဲ။ သူတို့ စိတ်ထင်သလို လုပ်နေတယ်" ဟု သင်္ကန်းကျွန်းက ပါတီလူငယ်တဦးက ပြေသည်။
No comments:
Post a Comment