ခေတ်ပြိုင်
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ခံနေရသော မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၀၇ ခု၌ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ ရောင်းချငွေ အမေရိကန်ဒေါ်လာ (၂.၇) ဘီလီယံရရှိသည်ဟု မီဒီယာသတင်းများတွင်
ဖော်ပြသည်။
၂၀၀၇ ခုတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုစုစုပေါင်းသည် သမိုင်းတွင်လောက်အောင် ဒေါ်လာ
(၈.၇) ဘီလီယံအထိ ရှိခဲ့ပြီး ပြည်ပပို့ကုန်အဖြစ် (၅.၉) ဘီလီယံ ၀င်ငွေရရှိကာ သွင်းကုန်အဖြစ် ဒေါ်လာ (၂.၈) ဘီလီယံသာရှိခဲ့၍ ကုန်သွယ်မှုမှ အပိုငွေ ဒေါ်လာ (၃.၁) ဘီလီယံရရှိခဲ့ကြောင်း မြန်မာတိုင်းမ်သတင်းဂျာနယ်ကို ကိုးကား၍ ယနေ့သတင်းများတွင် ပါရှိသည်။
ယမန်နှစ်၌ မြန်မာနိုင်ငံ၏ အဓိက အခြေခံပြည်ပပို့ကုန်ဖြစ်သည့် သဘာဝဓာတ်ငွေ့မှ ဒေါ်လာ (၂.၇) ဘီလီယံ ရရှိခဲ့ပြီး ယင်းငွေပမာဏမှာ စုစုပေါင်း ပြည်ပပို့ကုန်ဝင်ငွေ၏ (၄၅) ရာခိုင်နှုန်း ဖြစ်သည်။
“မြန်မာ့ကုန်သွယ်မှုပမာဏ တိုးတက်လာရတဲ့ အဓိကအကြောင်းရင်းကတော့ စွမ်းအင်ကဏ္ဍ အနေနဲ့ တဟုန်ထိုး တိုးတက်မှုရလာတာကြောင့်ပါပဲ။ ထိုင်းနိုင်ငံကို သဘာဝဓာတ်ငွေ့ တင်ပို့တာ မျိုးပေါ့” ဟု ကုန်သွယ်စက်မှုအသင်းချုပ် (UMFCCI) မှ စီပွားရေးလေ့လာမှုနှင့် သုတေသနဌာနမှ သုတေသီ စီးပွားရေးပညာရှင် မောင်မောင်က ပြောသည်။
မြန်မာနိုင်ငံသည် မုတ္တမပင်လယ်ကွေ့ထဲမှ ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့တင်ပို့ရန် ကမ်းလွန်ပိုက်လိုင်း ချပြီးသည့် ၂၀၀၂ ခုမှစ၍ သဘာဝဓာတ်ငွေ့တင်ပို့မှု တဖြည်းဖြည်းအရှိန်မြင့်လာခြင်းဖြစ်သည်။
“ရလဒ်အနေနဲ့ကတော့ မြန်မာနိုင်ငံဟာ ၂၀၀၂ ခုနှစ်တည်းက ကုန်သွယ်မှု အပိုအလျှံငွေတွေကို ရလာခဲ့တာပါပဲ” ဟု မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းက မကြာသေးမီက အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။
သဘာဝဓာတ်ငွေ့အပြင် မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များမှ စိုက်ပျိုးရေး ထွက်ကုန်များအပါအ၀င် စုစုပေါင်းဝင်ငွေ ဒေါ်လာ (၅၇၂) သန်းရှိခဲ့ပြီး ကျောက်မျက်ရတနာများမှရရှိငွေသည် ဒေါ်လာ (၅၆၁) သန်းအထိရှိကာ ရေထွက် ပစ္စည်းထုတ်ကုန်များမှ ဒေါ်လာ (၃၆၆) သန်းရရှိခဲ့သည်။
မြန်မာနိုင်ငံ၏ အဓိကသွင်းကုန်မှာ လောင်စာဆီဖြစ်ပြီး တနှစ်လျှင် ဒေါ်လာ (၄၇၁) သန်း ကုန်ကျကာ၊ အထည်အလိပ်များအတွက် ဒေါ်လာ (၂၇၆) သန်း၊ စက်ပစ္စည်းအစိတ်အပိုင်း များအတွက် ဒေါ်လာ (၂၄၃) သန်းနှင့် ကားများအတွက် ဒေါ်လာ (၁၉၄) သန်း ကုန်ကျသည်။
၁၉၈၈ ခုတွင် ဒီမိုကရေစီရေးလှုပ်ရှားမှုများကို အကြမ်းဖက်နှိမ်နင်းခဲ့ပြီး လူပေါင်း (၃,၀၀၀) ကျော်ကို သေကျေစေခဲ့သည့်နောက်ပိုင်းတွင် ယခင်က မြန်မာနိုင်ငံကို ငွေကြေးထုတ်ချေး ခဲ့ကြသော ကမ္ဘာ့ဘဏ်နှင့် အာဆီယံဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့က စစ်အစိုးရအား ငွေထုတ်
ချေးမှု ရပ်ဆိုင်းခဲ့သည်။
၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အသိအမှတ်မပြုသည့် နောက် ပိုင်းတွင် အမေရိကန်သည် မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ပိတ်ပင်ခဲ့
သည်။ ဥရောပသမဂ္ဂကလည်း စစ်အရာရှိကြီးများနှင့် ၎င်းတို့မိသားစုဝင်များကို ပြည်ဝင်ခွင့်
ဗီဇာများ တင်းကျပ်ပိတ်ပင်ခဲ့သည်။
No comments:
Post a Comment