Friday, April 11, 2008

ဆန္ဒပြသူများအား နှိမ်နှင်းရန် စစ်တွေမှ ရဲသားများအား ကရာတေးဒို သင်တန်းများ ပေးနေ

Narinjara News
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နောက်ထပ် ဆန္ဒပြပွဲများ ပေါ်ပေါက်လာပါက နှိမ်နှင်းရန် အတွက် ရဲတပ်သားများအား ကရာတေးဒို သင်တန်းများ ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါ သင်တန်းကို အမှတ် ၂ ရဲစခန်းအတွင်း နေ့စဉ် ညနေ ၄ နာရီမှ ၆ နာရီထိ အမာခံ ရဲသား ၅၀ အား သင်ကြားပေးနေခြင်း ဖြစ်ကြောင်း ရဲသားများနှင့် နီးစပ်သူ တဦးက ပြောသည်။

အဆိုပါ သင်တန်းအား စစ်တွေမြို့အမှတ်(၁) ရဲစခန်းမှ ဒု ရဲအုပ် ကိုကိုဦးက ဦးဆောင်ပြီး စီစဉ်ပြုလုပ်ပေးနေခြင်း ဖြစ်ကာ သင်တန်း ဆရာမှာ ဟိုက်ဂါရီ ကျော်ဝင်း ဖြစ်ကြောင်း သိရှိရသည်။

သင်တန်း နည်းပြဆရာ ကျော်ဝင်းမှာ ယခင်က ပြည်သူ့ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင် ခဲ့သော ရဲတပ်ကြပ်ဟောင်း တဦးဖြစ်ပြီး စစ်တွေမြို့တွင် ဟိုက်ကာရီ ကျော်ဝင်းအမည်ဖြင့် နာမည် ကြီးနေသော ကရာတေးနည်းပြဆရာကြီး တဦးဖြစ်သည်။

ယခုကဲ့သို့ ရဲသားများအား သင်တန်းပေးသဖြင့် ဟိုက်ဂါရီ ကျော်ဝင်းမှာ မြစ်နှင့် ချောင်းများတွင် ငါးဖမ်းရန် သတ်မှတ်ထားသော ငါးဖမ်း ကွက်များကို သက်ဆိုင်ရာမှ လေလံ ရရှိပြီး ပြည်သူများထံမှ မတရား ငွေကောက်ခံ တောင်းယူပြီး စီးပွားဖြစ်နေသူ တဦးဖြစ်ကြောင်း သိရှိရသည်။

စစ်တွေမြို့တွင် ရွှေဝါရောင်တော်လှန်ရေးအတွင်း ရဲအရာရှိတဦးမှာ ရဟန်းတော်များ ဆန္ဒပြနေစဉ် ဓါတ်ပုံ ခိုးရိုက်သဖြင့် ပြင်းပြင်း ထန်ထန် အရိုက်ခံခဲ့ရပြီး ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သည်။ နောက်နောင်အလားတု ပြဿနာများ ပေါ်ပေါက်ပါက ကာကွယ်နိုင်ရန်နှင့် တန်ပြန် တိုက်ခိုက်နိုင်ရန် ရည်ရွယ်ပြီး ခုလို ရဲသားများအား ကရာတေးဒို သင်တန်းများ ပေးအပ်နေခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: