Friday, April 11, 2008

သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ဈာပနအခမ်းအနား ပြီးဆုံး

NEJ/ ၁၁ ဧပြီ ၂၀၀၈
အမေရိကန်ပြည်ဖောင်စု ဖလော်ရီဒါပြည်နယ်တွင် ပြီးခဲ့သည့် ဧပြီ (၃) ရက်၌ ကွယ်လွန်ခဲ့သည့် ခေတ်ပြိုင်အယ်ဒီတာချုပ် သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ အသုဘရှုဈာပန အခမ်း အနားကို ဖလော်ရီဒါပြည်နယ်တွင် ဧပြီ (၁၀) ရက် ကြာသပတေးနေ့ ညနေပိုင်းတွင် ကျင်းပ ခဲ့သည်။

ယမန်နေ့ကကျင်းပသည့် ဈာပနအခမ်းအနားကို ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ဓမ္မာလောက
ဝိဟာရကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတက အသုဘရှု တရားတော် ဟောကြားပြီး ဆရာကြီး ကြေးမုံဦးသောင်း၏ သားဖြစ်သူ ကိုမင်းသောင်းက ကျေးဇူးတင် စကားပြောကြားသည်။

ထို့နောက် ဆရာကြီး၏ စာပေမိတ်ဆွေများနှင့် အသင်းအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက အခမ်း အနားတွင် အမှတ်တရ အမှာစကားများ ပြောကြားကြသည်။

အမေရိကန်ပြည်ထောင်စုရောက် ဒေါက်တာတင်မျိုးသန်း၊ စာရေးဆရာ မောင်စွမ်းရည်၊ တေးသံ ရှင် ဒေါ်မာမာအေး၊ ဒေါက်တာ ကျော်တင့်၊ ရွှေပြည်စိုး ဦးကျော်ဝင်းတို့အပါအ၀င် ဆရာအား လေးစားသူများက ဂုဏ်ပြုနှုတ်ဆက်စကားများ ပြောကြသည်။

အမေရိကန် ဒေသစံတော်ချိန် သောကြာနေ့ နေ့လည် (၂) နာရီတွင် ဆရာကြီး၏ ရုပ်အလောင်း အား gold coast cremation တွင် မီးသင်္ဂြိဟ်မည်ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဆရာကြီး ကြေးမုံဦးသောင်းသည် အသက် (၈၂) ရှိပြီဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် သတင်းစာလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ကွယ်လွန်ချိန်အထိ စာပေနှင့် သတင်းစာလောက တွင် စာပေတာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့သည်။

No comments: