Wednesday, April 2, 2008

ဖွဲ့စည်းပုံ မူကြမ်းကို မကြာမီ ဖြန့်ချီမည်

နေသွင်
ချင်းမိုင်။ ။ မေလတွင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းစာအုပ်ကို လူထုဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်က မကြာမီ ဖြန့်ချီသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးဌာန လက်အောက်ခံ၊ စာပေဗိမာန် ဌာနမှ အရာရှိတဦးက မဇ္ဈိမသို့ ပြောသည်။

"အသေးစိတ် အခြေခံမူစာအုပ်က နောက်ဆုံးပဲ။ နောက်ထပ် ဘာမှ ရောက်မလာသေးပါဘူး။ မူကြမ်းစာအုပ်ကို မကြာခင်မှာ ကော်မရှင်က တိုက်ရိုက် ဖြန့်သွားပါလိမ့်မယ်" ဟု အဆိုပါ အရာရှိက ပြောသည်။

ဇန်နဝါရီလကတည်းက အချောပြီးနေပြီဟု ကြေညာထားသော လျှို့ဝှက်လွန်းသော အဆိုပါ မူကြမ်းစာအုပ်ကို ယခုရက်ပိုင်းအတွင်း တွေ့လာရသည်ဟုလည်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းမှ စ၍ ဖွဲ့စည်းပုံ မူကြမ်းစာအုပ်ကို ဝန်ကြီးဌာနများသို့ (၂)အုပ်ကျစီ စတင် ဖြန့်ဝေနေပြီဟု မြို့ခံတဦးကပြောသည်။

"ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက စဝေနေတယ်။ ဌာန အကြီးအကဲတွေကို တအုပ်ပေးတယ်။ ဌာနကလူတွေ လေ့လာဖို့တအုပ်" ဟု မူရင်းစာအုပ်ကို ကိုယ်တိုင် တွေ့ခဲ့ရသူတဦးကပြောသည်။

အဆိုပါစာအုပ်တွင် စာမျက်နှာ (၁၉၄) မျက်နှာရှိကာ အဖုံးမှာအစိမ်းရောင် ဖြစ်သည်ဟုဆိုသည်။ ယခင်က ထွက်ရှိပြီသော အသေးစိတ် အခြေခံမူစာအုပ်အရွယ် ဖြစ်သည်။

ယင်းက "အသေးစိတ် အခြေခံမူ စာအုပ်ဆိုဒ်ပဲ။ အဖုံးမှာ ပုံမပါတော့ဘဲနဲ့၊ အဖုံးက အစိမ်းရောင်ဖြစ်သွားတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂ဝဝ၈ ခုနှစ်ဆိုပြီး ဖြစ်သွားတယ်။ စာမျက်နှာ (၁၉၄) မျက်နှာ။ အခန်းက (၁၅) ခန်း" ဟုပြောသည်။

ယခုရက်ပိုင်းအတွင် အင်တာနက်မှ တဆင့်ပျံနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်မှာလည်း စာပေဗိမာန်နှင့် သတင်းနှင့် စာနယ်ဇင်းစာအုပ်ဆိုင်များက ရောင်းချခဲ့သောစာအုပ်ကို ပွားယူထားခြင်း ဖြစ်မည်ဟုလည်း အဆိုပါ ပုဂ္ဂိုလ်က ယူဆသည်။

ဒီဟာက အခြေခံမူထဲက ဟာကိုပဲ တင်လိုက်တာ ဖြစ်မယ်။ အသေးစိတ် အခြေခံမူများဆိုပြီး စာပေဗိမာန်နဲ့ သတင်းနှင့် စာနယ်ဇင်း စာအုပ်အရောင်းဆိုင်က ရောင်းတာရှိတယ်။ တအုပ်ကို (၂၅ဝ-၃ဝဝ) နဲ့။ နောက်ဆုံး ဆွဲထားတဲ့ အခြေခံဥပဒေကို အခုမှထွက်တာ။ လူတော်တော်များများ လက်ထဲသိပ်မရောက်သေးဘူး။ ဒီမှာတောင် မိတ္တူပဲ တချို့ရတာ။ အခုရက်ပိုင်းမှ ရတာ" ဟု သူကပြောသည်။

ဆက်လက်၍ "တပ်မတော်ရဲ့အခန်းကို အသေးစိတ်မှာ တော်တော်များတယ်။ အခု နည်းနည်းလျော့သွားတယ်၊ ခဏလေး ကြည့်လိုက်တော့ ကျနော်လည်း သေသေချာချာ မပြောနိုင်ဘူး။ တပ်မတော်အခန်းမှာတော့ (၄) ချက် လောက် ပြန်ပြုတ်သွားတယ်။ ချုံ့လိုက်တယ်" ဟုပြောသည်။

စာအုပ်ကို ဖတ်ခဲ့ရသူ သံရုံးဝန်ထမ်းတဦးကလည်း "အဲဒီစာအုပ်ကို ဖတ်ကြည့်တော့ အသေးစိတ် အခြေခံမူများစာအုပ်မှာ ပါခဲ့တာတွေနဲ့ ကွဲလွဲနေတာတချို့ တွေ့တယ်ဗျ" ဟုပြောသည်။

စစ်အစိုးရက မေလဆန္ဒခံယူပွဲကို မကျင်ပခင် (၂၁) ရက်စော ကြေညာမည် ဖြစ်ပြီး ဖွဲ့စည်းပုံ မူကြမ်းစာအုပ်ကို ဆန္ဒခံယူပွဲ မတိုင်ခင်တွင် ဖြန့်ချိပေးသွားမည် ဆိုသည်။

No comments: